Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ko htun aung kyaw

(က)

တံတားအောက်၌ မြစ်ရေတို့စီးဆင်းနေဆဲ ... အနှစ် နှစ်ဆယ်ကျော် အချိန်ကာလတို့သည် အာရုံအမြင်တို့ကို ဝေး၀ါးစေခဲ့သည်။ တချို့တပိုင်းတစ ... တချို့ဝိုးတ၀ါး ... မည်သို့ပင်ဖြစ်စေ တခါကပုံရိပ်တို့ကို ကျနော့်နှလုံးသားဖြင့် လိုက်လံ ဖမ်းဆုပ် စုစည်းကြည့်မိသည်။ မိမိ ရင်ခုန်သံကို မိမိပြန်လည်ခံစားလာရသည်။ ဆရာတာရာကတော့ သူ၏ ဒို့ခေတ်ကိုရောက်ရမည်မလွဲပါ စာအုပ်အမှာ၌ “ကျနော် ရင်ခုန်သံကို ယုံကြည်သည်။ ရင်ခုန်သံသည် ခံစားမှု အစစ်အမှန်ဖြစ်သည်” ဟုရေးသားခဲ့ဖူးသည်။

ကျနော်သည်လည်းဤစာစုကို ...

(ခ)

တလောက အင်တာနက် စာမျက်နှာပေါ်မှာ သူ့ဓါတ်ပုံကို ပြန်တွေ့လိုက်ရသည်။ ပုံထဲတွင် သူက ဖီးလ်ဂျက်ကက်နှင့် အောက်ခံ ပြောက်ကျားအင်္ကျီဖြင့်၊ တောထဲတွင် ရိုက်ထားသည့် ပုံထင်သည်။ သူ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ဥက္ကဋ္ဌဘ၀နှင့် ရိုက်ထားပုံ ဖြစ်မည်။ သို့သော် ပုံထဲ၌ သူ့အပြုံးက တောက်ပ ၀င်းပြက်ဆဲ။

သူ့ကို ကျနော်စတွေ့တုန်းက ဤပုံမျိုး မဟုတ်။ လည်ကတုံးအင်္ကျီအဖြူ ကချင်ပုဆိုးကွက်စိပ်နှင့်၊ အပြုံးကတော့ အခုဓါတ်ပုံထဲကလိုပင် တောက်ပ၀င်းပြက်လျှက် ... နေရာက ရန်ကုန်လမ်းမတော်ဆေးတက္ကသိုလ် (၁) စာသင်ခန်းမတခုထဲမှာ၊ ကျနော်တို့ ရှေ့တည့်တည့်ရှိ ဘလက်ဘုတ်ပေါ်၌ မြေဖြူဖြင့် ကြားဖြတ်အစိုးရ ညှိနှိုင်းဆွေးနွေးပွဲ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဟုရေးထားပြီး အောက်ကရက်စွဲမှာ (၁၃.၉.၈၈)၊ ဘလက်ဘုတ်ရှေ့ ဆရာစင်မြင့်ပေါ်မှာ စီချထားသော ကုလားထိုင်ခုံများပေါ်၌ ဗိုလ်ရန်နိုင်၊ ဗိုလ်အောင်ကြီး၊ ဦးနု၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝမ်ကိုဟော (ချင်းအမျိုးသားခေါင်းဆောင်) တို့ ထိုင်နေကြသည်။

ကျနော်တို့ ကျောင်းသားတွေက ၎င်းတို့ရှေ့ရှိ စာသင်ခုံတွေမှာ အစီအရီ ထိုင်နေကြသည်။ ဦးစွာ ကျောင်းသားခေါင်းဆောင်တချို့ တယောက်တလှည့် ဆွေးနွေးကြသည်။ (ဆွေးနွေးသည် ဆိုခြင်းထက် တင်ပြ တိုက်တွန်း တောင်းဆိုသည်ဆိုက ပိုမှန်မည်ထင်သည်။) ကျောင်းသားများဘက်မှ ကြားဖြတ်အစိုးရ ဖွဲ့စည်းရန် တင်ပြခဲ့ပြီးနောက် လူထုခေါင်းဆောင်များဘက်မှ ပြန်ပြောကြပါသည်။ ပထမဆုံး ၀န်ကြီးချုပ်ဟောင်း သခင်နု ပြောသည်။

သူကစက်တင်ဘာလ (၉) ရက်နေ့က သူဖွဲ့ စည်းခဲ့သော စင်ပြိုင်အစိုးရထဲတွင် အားလုံးပူးပေါင်းပါဝင်ပြီး ကြားဖြတ်အစိုးရ ဖွဲ့စည်းရန်ပြောသည်။ ထို့နောက် ဗိုလ်အောင်ကြီးကအားလုံး မပါဝင် မတိုင်ပင်ဘဲလုပ်လျှင် သူပါဝင်မည် မဟုတ်ကြောင်း ခပ်တိုတိုပဲ ပြောသည်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ပြောသည်။ ဒေါ်စုက ကျောင်းသားများ အစည်းအဝေး ဆို၍ သူလာခြင်း ဖြစ်ကြောင်း၊ ဘာအစည်းအဝေး ဟု ကြိုပြောမထားကြောင်း၊ ဒီရောက်မှ ကြားဖြတ်အစိုးရ ဖွဲ့စည်းရန်ဖြစ်နေကြောင်း ဒီကိစ္စ၌ သူပါဝင်မည် မဟုတ်ကြောင်း ပြောသွားခဲ့သည်။

ဦးတင်ဦးကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခြင်းဖြင့် မိမိတို့၏ လိုရာပန်းတိုင်ကို ရနိုင်မည်ဟု ထင်ကြောင်းပြောသည်။ ဦးဝမ်ကိုဟောကတော့ ဦးနုနှင့် တသဘောထဲ ပြောသည်။ နောက်ဆုံး၌ ဗိုလ်ရန်နိုင် ပြောပါသည်။ ၎င်းတို့အားလုံးတွင် ကျောင်းသားထုဆန္ဒ (အမှန်တော့ ကျောင်းထုဆန္ဒ သက်သက်မဟုတ်ပါ တတိုင်းပြည်လုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် အထွေထွေသပိတ်ကြီးနှင့် လူထုတရပ်လုံးက ညီတညွတ်တည်း ကြားဖြတ်အစိုးရကို တောင်းဆိုနေချိန်ဖြစ်ပါသည်။) နှင့် အကိုက်ညီဆုံး အရိုးသားဆုံး ပြောသွားသူမှာ ရဲဘော်သုံးကျိပ်ဝင်နှင့် နယ်ချဲ့ဆန့်ကျင်ရေးခေတ် တကသ၊ ဗကသခေါင်းဆောင်ဟောင်း ကိုထွန်းရှိန် (ခေါ်) ဗိုလ်ရန်နိုင်ဖြစ်ပါသည်။ ဗိုလ်ရန်နိုင်က ကျောင်းသားများ တင်ပြတောင်းဆိုသော ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးကို သူ့အနေဖြင့် အကြွင်းမဲ့ ထောက်ခံသဘောတူကြောင်း ကြားဖြတ်အစိုးရ ဖွဲ့ခဲ့လျှင် သူ့ကို မည်သည့်တာဝန်ပေးပေး ထမ်းဆောင်ရန် အသင့်ရှိကြောင်း ဒီနေ့ကြားဖြတ်အစိုးရ ဖွဲ့ပြီးလျှင် နောက်တနေ့တွင် ဂျပန်နိုင်ငံမှ ဒေါ်လာသန်း (၂၄၀) ကျော် အကူအညီရစေရမည်ဟု သူအာမခံကြောင်း ပြောသွားပါသည်။

ထိုသို့ လူထုခေါင်းဆောင်များ ပြောပြီးနောက် ကျောင်းသားများဘက်မှ တဖန်ပြန်လည်ဆွေးနွေးကြပါသည်။ ခန်းမ၏ ညာဘက်ခြမ်း အလယ်ခုံလောက်မှ အရပ်မနိမ့်မမြင့် အသားဖြူဖြူပိန်ပိန်ပါးပါး လည်ကတုံးအင်္ကျီဖြူ ကချင်ပုဆိုးနှင့် ကျောင်းသားခေါင်းဆောင်တစ်ဦး ထိုင်ခုံမှထ၍ ဆွေးနွေးပါသည်။ ပထမ၌ သူ့အသံကို မကြားတချက် ကြားတချက်၊ နဲနဲအရှိန်ရလာတော့ သူ့အသံက ကြည်လင်ပြတ်သားလာပြီး အထစ်အငေါ့မရှိ ကြားဖြတ်အစိုးရဖွဲ့စည်းရန် အမြန်ဆုံးလိုအပ်နေပုံ၊ အချိန်သိပ်မရှိတော့၍ လူထုဘက်မှ လက်ဦးမှုယူပြီး ဖွဲ့စည်းနိုင်မှ ဖြစ်မည်ဟု ပြောသွားပါသည်။

သူပြောပုံက ထိုအချိန်က ပကတိ အခြေအနေ အချက်အလက်များနှင့် အကိုက်ညီဆုံး စကားလုံးများ ဖြစ်နေသည်။ သူကပြောနေရင်း ရှေ့စားပွဲခုံပေါ်၌ချထားသော သူ့မှတ်စုစာအုပ်ကလေးကိုလည်း လက်ဖြင့်ထောက်ကာ ကြည့်ရင်းပြောသွားပါသည်။ သူပြောပုံက အခြားကျောင်းသားခေါင်းဆောင်တွေ ပြောပုံနှင့် နဲနဲကွာခြားနေသည်ဟု ကျနော်ခံစားမိသည်။ စိတ်လှုပ်ရှားမှု (Emotion) ဖြင့် ပြောခြင်းမျိုးမဟုတ်၊ သေသေချာချာနေ့စွဲ အဖြစ်အပျက်များကို ရေးမှတ်ထားပြီး အချက်အလက်နှင့် ကိုးကား ပြောသွားသည်။ ထိုစဉ်ကသူသည် မန္တလေး ဂျီတီအိုင်ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ နှင့် မန္တလေး ဗကသများအဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌ အနေဖြင့် ပြောခြင်းဖြစ်သည်။

အထက်ဗမာပြည်မှ ကျောင်းသားခေါင်းဆောင်များအဖြစ် ကိုသန့်စင် နှင့် ကိုထွန်းအောင်ကျော် တို့နှစ်ယောက် ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။ ဤကားသူနှင့် ပထမဆုံး တွေ့ဆုံခြင်းဖြစ်သလို သူ့ကိုပထမဆုံး သတိပြုမိခြင်းလည်း ဖြစ်ပါသည်။

(ဂ)

စစ်တပ်မှ အာဏာသိမ်းခံခဲ့ရပြီးနောက် ၁၉၈၈ နှစ်ကုန်ပိုင်းခန့်တွင် ဗဟန်းအုတ်လမ်းရှိ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးကျော်ငြိမ်းအိမ် ကားဂိုဒေါင်ထဲမှ အစည်းအဝေးများတွင် သူ့ကိုပြန်တွေ့ရသည်။ ကျနော်တို့သည် တချိန်က နာမည်ကျော် ပြည်ထဲရေးဝန်ကြီးဟောင်း၏ ကားဂိုဒေါင် မျက်နှာကျက် ထုတ်တန်း သစ်သားတန်းများပေါ်ရှိ ၀ါကြန့်ကြန့် သတင်းစာဖိုင်တွဲများ မှတ်တမ်းမှတ်စုများကို မျက်နှာကျက်မိုးသဖွယ် ပြုလုပ်ထားသောအောက်ရှိ ကြမ်းခင်းပေါ်၌ ၀ိုင်းဖွဲ့စုထိုင်ပြီး ကျောင်းသားသမဂ္ဂလှုပ်ရှားမှုများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်ရေး၊ ဗကသနှင့် မကသ ပေါင်းစည်းရေး၊ ကျောင်းသားညီညွတ်ရေးနှင့် အထက်ဗမာပြည် အောက်ဗမာပြည် ကျောင်းသာလှုပ်ရှားမှုများ ဟန်ချက်ညီညီ လှုပ်ရှားနိုင်ရေး စသည့် ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

တနေ့အစည်းအဝေးတွင် သူ အတန်ငယ်နောက်ကျမှ ရောက်လာပြီး ကျနော့်နံဘေးတွင် ၀င်ထိုင်လိုက်သည်။ ကျနော့်ကိုသူ ပြုံးပြနှုတ်ဆက်ရင်း ကျနော့်ရှေ့ကြမ်းပြင်ပေါ်တွင် ချထားသော သခင်ဗဟိန်း၏ “ဓနရှင်လောက ဆိုသော စာအုပ်ကို ဖျက်ကနဲကောက်ယူပြီး ချက်ချင်းပင် မှောက်လျှက်အနေထေား ပြန်ချထားလိုက်သည်။ ပြီးတော့ ဘာမှမဖြစ်သလို လက်ကို မေးစေ့ထောက်ကာ ဆွေးနွေးပွဲကို အရှိန်မပျက် ဆက်နားထောင်နေသည်။

တချက်တချက် သူလည်းဝင်ဆွေးနွေးသည်။ အစည်းအဝေးပြီးတော့ ကျနော့်နောက်မှ သူလိုက်လာပြီး ပခုံးကို လက်ဖြင့်ပုတ်ကာ “ဒီလိုအစည်းအဝေးမျိုးတွေကို အဲဒီလို စာအုပ်မျိုးတွေ ယူမလာစေချင်ဘူး ရဲဘော်ရာ ဟု ကျနော့်အတွက် စိုးရိမ်သောလေသံဖြင့် သတိပေးလိုက်သည်။ ကျနော်ကလည်း ဘာရယ်တော့ မဟုတ်ပါ လက်မှာကိုင်ထားသော သခင်ဗဟိန်း၏ စာအုပ်ထဲတွင် သခင်သန်းထွန်း၏ အင်းမတန် လှပသော အမှာစာပါသည်။ ထိုအမှာရေးဖွဲ့ပုံကို ကျနော်တော်တော် သဘောတွေ့နေမိ၍ ထပ်ကာထက်ကာ ဖတ်မိခြင်းဖြစ်ပြီး အခြားအကြောင်းမရှိပါ။ သို့သော် ထိုစဉ်က သူစိုးရိမ်သလို ဗကသ ကျောင်းသားသမဂ္ဂလှုပ်ရှားမှုကို ဗကပ ယူဂျီလုပ်ငန်းနှင့် ဆပ်စပ်လျက်ဖြိုခွင်းရန် ကြံစည်နေချိန်၊ သန့်ရှင်းဖြူစင်သော ကျောင်းသားလှုပ်ရှားမှုကို မစင်တပဲသား ခပ်ရန်ကြံစည်နေချိန် မဟုတ်ပါလား။ အတွေးအခေါ်အရ နလပိန်းတုံးများသည် လုပ်ကြံမှုအရာ၌ ပါရဂူမြောက်လှပေသည်။

အဲဒီနောက် သူနှင့်ကျနော် ခင်မင်သွားသည်။ သူ့ရုပ်ရည်က လူတဖက်သားကို ခင်မင်နှစ်လိုဖွယ်ကောင်းအောင် စွမ်းဆောင်နိုင်စွမ်း ရှိသည်ဟုကျနော်ထင်သည်။ တခါတရံ လူ့ဘောင်သစ် ၀ါးရုံပင် စခန်း ရုံးတွင် လည်းကောင်း တခါတရံ ဦးကျော်ငြိမ်း ကားဂိုဒေါင်ထဲမှာလည်းကောင်း သူနှင့် ဖြတ်ကနဲဖြတ်ကနဲ ဆုံဖြစ်ခဲ့ ကြပါသည်။

သူ့ပုံက ဖြူဖြူသန့်သန့်ရုပ်ချောချော ကျနော်တို့ ၈၈ မျိုးဆက် ခေတ်ပြိုင် ကျောင်းသား  ခေါင်းဆောင်များထဲတွင် သူ့လို ရုပ်ဖြောင့်ဖြောင့် ကျောင်းသားခေါင်းဆောင် ခပ်ရှားရှား ဟု ပြော၍ ရမည်လားမသိ။ သူ့ကို ကျနော်တွေ့တိုင်း နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေးခေတ်က ကျနော်တို့ ကြည်ညိုလေးစားခဲ့ရသော ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းကို ကျနော့်စိတ်ထဲ သွားသွားသတိရနေမိသည်။ သူကလည်း မန္တလေးသားမဟုတ်လား။

ဒီလိုနဲ့ အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်ဆုံးတော့ ကျနော်တို့တတွေ အစည်းအဝေးလုပ်ပြီး လူထုဈာပန ကော်မတီ ဖွဲ့ခဲ့ကြသည်။ ထိုကော်မတီဖွဲ့ရန် အကြံပေးသူကား မှိုင်းရာပြည့်အရေးအခင်းကျောင်းသားခေါင်းဆောင် ကိုမြမှိုင်း (ခေါ်) ကိုမြ၀င်း ဖြစ်သည်။ ၎င်းကော်မတီတွင် သူသည် မင်းကိုနိုင်၊ ကိုကိုကြီး၊ စသူတို့နှင့်အတူ အထက်ဗမာပြည် ကျောင်းသားခေါင်းဆောင် အဖြစ် ရှေ့တန်းမှာ ပါဝင်ခဲ့သည်။ ဗိုလ်ချုပ်ကတော်      

ဒေါ်ခင်ကြည့်ဈာပန တင်ဆောင်ထားသော ယာဉ်တန်းရှေ့တွင် သူသည် မင်းကိုနိုင် အပါအ၀င် အခြားကျောင်းသားခေါင်းဆောင်များနှင့် လက်ချင်းတွဲချိတ်ကာ အံကိုကြိတ်လျက် ကမ္ဘာမကြေဘူးသီချင်းကို သံပြိုင် သီဆိုရင်း ဈာပန လိုက်ပါ ပို့ဆောင်ခဲ့ကြပုံကို ခုအချိန်အထိ ကျနော့်မျက်စိထဲကမထွက်။ ထိုစဉ်ကကျောင်းသားခေါင်းဆောင် အားလုံးလိုလို မျက်ရည်ဖြိုင်ဖြိုင် ကျခဲ့ကြရသည်။ ကန်တော်မင် ပန်းခြံသို့ ဈာပနယာဉ်ရောက်သောအခါ စစ်ရုံးချုပ်ဘက်ကုန်းမြင့်ပေါ်မှ မောင်းပြန်သေနတ်များဖြင့် ချိန်ရွယ်ထားသော စစ်သားများရှေ့တွင် မင်းကိုနိုင်နှင့် မင်းဇေယျာတို့ အပြိုင်တရားဟောလျက် ဒေါ်ခင်ကြည့်ဈာပနကို အောင်မြင်စွာ အဆုံးသတ်ခဲ့ကြသည်။

ဈာပနပြီး နောက်နေ့တွင် ဖြစ်မည်ထင်သည် သူနှင့်ကျနော် ရန်ကင်း စာတိုက်မှတ်တိုင်နားက ဂန္ဓမာ လ္ဘက်ရည်ဆိုင်လေးမှာ တွေ့ဖြစ်ခဲ့ကြသည်။ ဗကသ ဒုဥကဋ္ဌ ကိုကိုကြီး (ကေကျု့) နှင့် ကိုမြ၀င်းတို့လည်း ပါသည်။ ထို့နောက်ကျနော်တို့ကို သူ မန္တလေးပြန်တော့မည်ဟု ပြောပြီး နှုတ်ဆက်ရင်း လူစုခွဲကြသည်။ သူ့ကို ကားမှတ်တိုင်အထိ ကျနော်လိုက်ပို့ခဲ့သည်။ ကားလမ်းဖြတ်အကူး သူက ဘေးဘီကိုကြည့်ကာ လေသံဖြင့် “ကျနော် တောထဲကိုသွားတော့မယ်ဟု ပြောခဲ့သည်။

ဘယ်ဘက်လည်း ဟု ကျနော်မေးတော့ “မြောက်ပိုင်း ကချင်ဘက်လေ၊ မန္တလေးက ကျနော်တို့လူတွေ ရောက်နှင့်နေပြီ ဟုသူပြောခဲ့သည်။ မကြာခင် ၃၆ ဘတ်စကားဆိုက်လာ၍ ကားပေါ်သို့ သူတိုးဝှေ့တက်သွားသည်။ သူလိုက်ပါသွားသော ဒုတိယကမ္ဘာစစ်လက်ကျန် ဘတ်စကားအိုကြီးကိုငေးကြည့်ရင်း ကျနော်ကျန်ရစ်ခဲ့ပါသည်။

ဤကား သူနှင့် နောက်ဆုံး တွေ့ဆုံခြင်း ဖြစ်ပါသည်။ ထို့နောက် သူနှင့်မတွေ့ဖြစ်တော့ပါ၊ သူ့အသံဘာမှ မကြားရတော့ ... ။

…………

…………

…………

(ဃ)

ကျနော် အဖမ်းမခံရခင် တလလောက်အလို မေလထဲတွင် ထောက်လှမ်းရေး ဗိုလ်ခင်ညွန့်၏ သတင်းစာ ရှင်းလင်းပွဲ ထွက်လာသည်။ အေဘီမြောက်ပိုင်း အချုပ်ခန်းထဲမှ ထွက်ပြေး လွတ်မြောက်လာသော ကျောင်းသား အချို့၏ သတင်းစာရှင်းလင်းပွဲ၊ ကျနော် သတင်းစာလည်း ဖတ်ဖြစ်သည်။ တီဗွီဖန်သားပြင်၌လည်း ကြည့်ဖြစ်သည်။ ထိုကျောင်းသားတွေ မျက်နှာပေါ်တွင် မလွှဲမရှာင်သာ လုပ်ခဲ့ရသောသူများ၏ မျက်နှာအသွင်အပြင်ကို အထင်းသားတွေ့မြင်နေရသည်။

ထိုသူတို့၏ပြောဆိုချက်အရ ကိုထွန်းအောင်ကျော်ကို လပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်ပြီး စစ်အစိုးရ သူလျှိုဟု စွပ်စွဲလျက် ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခံခဲ့ရသည်။

ကျနော့်နားနှင့် မျက်စိကိုပင် ကျနော်မယုံနိုင်စရာ အဖြစ်။ ဟုတ်ပါသည် သူသည် သာမန်ညောင်ည ကျောင်းသားခေါင်းဆောင် မဟုတ်ပါ။ တခေတ်မှာ တခါ၊ တခါမှာတယောက်ဆိုသလို ကျောင်းသားခေါင်းဆောင် စစ်စစ်၊ အင်မတန်တော်သော ထက်မြက်သော ကျောင်းသား ခေါင်းဆောင်တစ်ယောက် ဖြစ်သည်။ သူ့ကိုမြင်တွေ့ဖူး ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသူမှန်သမျှ သူ့မှာရှိသော အရည်အချင်းများကို သိကြရပါသည်။ ဤကဲ့သို့လူမျိုးကို တောထဲ၌ စစ်ထောက်လှမ်းရေးသူလျှိုဟု စွပ်စွဲ သတ်ဖြတ်ခံခဲ့ရသည်။ လုံးဝမယုံကြည်နိုင်စရာ၊ ကျနော်တို့ခေတ် ကျောင်းသား လှုပ်ရှားမှု သမိုင်းတွင် လုံးဝလက်မခံနိုင်စရာ အဖြစ်ပျက်ဆိုးကြီး ဖြစ်ပါသည်။

ဤအဖြစ်အပျက်ဆိုးကြီးကို ကျနော်တို့အားလုံး ဘယ်လို ဖျောက်ဖျက်ပစ်နိုင်မည်နည်း။ ဘယ်လို မေ့ပျောက်ပစ်နိုင်မည်နည်း။ ကျနော့်အတွေးထဲ၌ သူ့ကိုသတ်ပစ်တာ ဘယ်သူတွေလဲ။ အဲဒီသူတွေနဲ့ တစ်ဂိုဏ်းတည်း ပူးပေါင်းပါဝင်ပက်သက်နေတာ ဘယ်သူတွေလဲ ဆိုတာ သမိုင်းသက်သေအဖြစ် သိချင်သည်။ သူသည် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် စစ်စစ်ဖြစ်သည်။ အကယ်၍ ခုချိန်ထိ သူသာ အသက်ရှင်လျက် ရှိနေဦးမည်ဆိုလျှင် သူသည် ကျနော်တို့၏ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျာ၊ ဋ္ဌေးကြွယ် စသူတို့နှင့်အတူ တတန်းတည်း ရှိနေမည့် ကျောင်းသားခေါင်းဆောင်ဟု ကျနော်ယုံကြည်ပါသည်။

ခုတော့သူမရှိတော့ပြီ ... တောထဲ၌ တရားလက်လွတ် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် အသတ်ခံခဲ့ရသည်။ သေချာတာတစ်ခုတော့ရှိပါသည်။ သူ့ကိုအခုလို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သူများသည်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် စစ်စစ်တဦးကို ကျောင်းသားခေါင်းဆောင်ဟု မသိ၍သော်လည်းကောင်း၊ ဂိုဏ်းဂဏစိတ်ထားနှင့် အာဏာလုပွဲကြောင့်သော်လည်းကောင်း၊ မည်သိုပင်ဖြစ်စေ ဤလူသတ်သမားတစုနှင့် အပေါင်းအပါများသည် ကျနော်တို့အားလုံး ဘ၀ပေါင်းများစွာ အထွဋ်အမြတ်ထား စတေးပူဇော်ခဲ့ရသော ရှစ်လေးလုံး (၈၈၈၈) ဒီမို့ရေစီ တော်လှန်ရေး၊ ကျောင်းသားလှုပ်ရှားမှုသမိုင်းနှင့် နဲနဲမှ မအပ်စပ် မပက်သပ်သော၊ ဤအရေးတော်ပုံကြီး၌ ထဲထဲဝင်ဝင် မပါဝင်ခဲ့ဘူးသော၊ ဤအရေးတော်ပုံကြီးကို ရုပ်ပျက်ဆင်းပျက် ဖျက်ဆီးလိုသော၊ ရန်သူစစ်အာဏာရှင်တို့နှင့် အတွေးအခေါ် နှင့်လုပ်ဟန် တထပ်တည်းကျနေသော၊ ဖောက်ပြန်ရေးသမား၊ လူယုတ်မာ အချောင်သမား၊ သူလျှို ဒလံ ကြေးစား လူသတ်သမားများသာ ဖြစ်ပေလိမ့်မည်။

(င)

ကျနော်သည် စာဖတ်ခန်းထဲမှ စားပွဲပေါ်ရှိ ကွန်ပျူတာ မှန်သားမျက်နှာပြင်ရှေ့ အမှောင်ထဲတွင် တယောက်တည်းထိုင်ရင်း အင်တာနက်စာမျက်နှာပေါ်မှ သူ့ပုံကိုငေးမောကြည့်နေမိသည်။ ဓါတ်ပုံထဲမှ သူ့အပြုံးက တောက်ပ၀င်းပြက်ဆဲ။ လွန်ခဲ့သော အနှစ် နှစ်ဆယ်ကျော်ကလည်း ဒီအပြုံးမျိုးပင်၊ နောက်လဲ ဆက်လက်တောက်ပ ၀င်းပြက်နေဦးမည်ဟု ကျနော်ယုံကြည်သည်။

ကျနော့်မျက်ဝန်းအစုံတို့ ရီဝေလာသည်။ မျက်တောင်ကို ပုတ်ခတ်၍ ထိန်းလိုက် သော်လည်း မရတော့ ...။

သူ့ပုံကိုငေးစိုက်ကြည့်နေရင်း တစ်ခါတုန်းက သူနဲ့တွေ့တိုင်း ကျနော့်စိတ်ထဲ၌ ဖြစ်ပေါ်သော အတွေးမျိုးကို ပြန်ခံစားမိသည်။ သူပြောပုံဆိုပုံ ကိုယ်ဟန်အနေအထားနှင့် အပြုံးတို့သည် တခါက ကျနော်တို့ ကြည်ညိုလေးစားခဲ့ရသော လွတ်လပ်းရေးတိုက်ပွဲခေတ် ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းနှင့် တော်တ်ာတူသည်ဟု ခံစားမိသည်။ ကိုဗဟိန်းကလည်း မန္တလေးသား၊ သူကလည်း မန္တလေးသား။ ကိုဗဟိန်းက ထောင့်သုံးရာပြည့် အရေးတော်ပုံကြီးတွင် ဗကသ ခေါင်းဆောင်အနေဖြင့် “မြင်းခွာတချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမည်” ဟုရဲရဲတောက် မိန့်ခွန်းခြွေခဲ့သည် ...။ သူကလည်း ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ဗကသ ကျောင်းသားခေါင်းဆောင်တဦး အနေဖြင့် သမိုင်းဝင် ကြားဖြတ်အစိုးရဖွဲ့စည်းရေး အဆိုကို ရဲရဲရင့်ရင့် တင်ပြခဲ့သည်။

ကိုဗဟိန်းက ဖြူဖြူနုနု ကျောင်းသားခေါင်းဆောင် ဘ၀မှ ဖက်ဆစ်တော်လှန်ရေး၌ ဖြူးချောင်းဖျား ပဲခူးရိုးမ တောထဲတွင် ကာဘိုင်သေနတ်လွယ်လျက် ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့သည်။ သူကလည်း ဖြူဖြူသန့်သန့် ကျောင်းသားခေါင်းဆောင်ဘ၀မှ တရုပ်မြန်မာနယ်စပ် ပါချောင်ဒေသ၌ ကျောင်းသားတပ်မတော်မြောက်ပိုင်း၏ ဥက္ကဋ္ဌ အဖြစ်စစ်အာဏာရှင်တို့ကို ဆန့်ကျင်တော်လှန်ရန် ကြိုးစားခဲ့သူ..။

ကိုထွန်းအောင်ကျော်က စာပေလေ့လာမှုအခံ အားကောင်းသည်ကိုတော့ ကျနော်သိခဲ့သည်။ သို့သော် သူဂီတ၀ါသနာပါခဲ့မှန်း မသိခဲ့။ နော်ဆုံး ကိုထိန်လင်းရေးသောစာကိုဖတ်ပြီး ကိုထွန်းအောင်ကျော်သည် ခေတ်ပေါ် ဂီတအနုပညာကိုလည်း ဂီတသင်္ကေတနုတ်ဖြင့် စနစ်တကျ လေ့လာတတ်မြောက် တီးခတ်တတ်သူတဦး ဖြစ်ကြောင်းသိခဲ့ ရပြီး ကိုဗဟိန်းနှင့် တော်တော်တူတဲ့သူဘဲ ဟု အတည်ပြုခဲ့ မိသည်။ ကိုဗဟိန်းကလည်း ဂီတ၀ါသနာထုံသူ မဟုတ်ပါလား။

ထို့ကြောင့်လည်း ကိုဗဟိန်းသည် ထိုစဉ်က ကိုဋ္ဌေးမြိုင် (ဆရာကြီးဒဂုံတာရာ) နှင့်အရင်းနှီးဆုံးသူ ဖြစ်ခဲ့သည်။ ဆရာတာရာက သူ့ကို့ကဗျာနှင့် တင်စား၍ ရုပ်ပုံလွှာဖွဲ့ခဲ့ဖူးသည်။ အခု ကိုထွန်းအောင်ကျော်ကလည်း ရုပ်ဖြောင့်ဖြောင့် ကျောင်းသားခေါင်းဆောင် ဂီက ၀ါသနာပါသူ၊ သို့သော် သူတို့နှစ်ဦး သေဆုံးပုံချင်းတော့ ကွာခြားနေသည်။ ကိုဗဟိန်း ကနှလုံးရောဂါဖြင့် မန္တလေးဆေးရုံကြီးတွင် ဆေးကုသခံနေရင်း ဖဆပလနှင့် ကွန်မြူနစ်ပါတီအကွဲ၌ စိတ်ထိခိုက်ပြီး ဆုံးပါးသွားခဲ့ရသည်။

ကိုဗဟိန်း၏ ဈာပနကို တူတံဇဉ် အလံအုပ်လျက် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် သွားရောက်ဂါရ၀ပြုခဲ့သည်။ သူကတော့ တရုပ်ပြည်နယ်စပ်တောထဲမှာ သူလျှိုဟု မတရားစွပ်စွဲ ညှဉ်းပန်းနှိပ်စက်ခံရသည်။ ခေါင်းဖြတ် အသတ်ခံခဲ့ရသည်။ သူသေဆုံးပုံကို မင်းကိုနိုင်အပါအ၀င် သူ့ရဲဘော် ကျောင်းသားခေါင်းဆောင်များ သိရှိနိုင်ခွင့်ပင် မရခဲ့ပါ။

ကိုဗဟိန်းက ရုပ်ဖြောင့်ဖြောင့် ကျောင်းသားခေါင်းဆောင်၊ ဖက်ဆစ်တော်လှန်ရေးသမား၊ စာပေဂီတမြတ်နိုးသူ ... ၊ ကိုထွန်းအောင်ကျော်ကလည်း ရုပ်ချောချော ကျောင်းသားခေါင်းဆောင်၊ တော်လှန်ရေးသမား၊ စာပေဂီတ မြတ်နိုးသူ ...၊ ကျနော့်အတွေး စိတ်အာရုံထဲမှာ ကိုထွန်းအောင်ကျော် အသတ်မခံရမီ နောက်ဆုံးသီဆိုသွားခဲ့သော ယုဇနပင် နဲ့  ဖဲကြိုးဝါ သီချင်းလေးကို မှန်းဆ ခံစားကြည့်နေရင်း ... တနေ့နေ့ တချိန်ချိန်၌ ရတနာ ဘုံမ္မိ နယ်မြေ မန်းတက္ကသိုလ်ကြီး၏ သမဂ္ဂမြက်ခင်းပြင်ရှေ့တွင် ... ကျဆုံးသွားလေသူ ကိုထွန်းအောင်ကျော်၏ ပုံတူ ကြေးရုပ်သွန်းထုလျက် ကိုထွန်းအောင်ကျော်ကို ချစ်ခင်လေးစားကြသော ကျနော်တို့ ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသား ရဲဘော်အားလုံး၏ နှလုံးသားများကို ဖဲကြိုးဝါများသဖွယ် ချည်နှောင် ဂုဏ်ပြုကြရမည့်နေ့ကို ရောက်ရမည်မလွဲဟု ကျနော် ယုံကြည်နေမိပါသည်။

(စ)

ကိုထွန်းအောင်ကျော် ...

ရဲဘော်ရေ

မြေနဲ့ကောင်းကင် မြင်နေသမျှ

ရင်ခုန်နုသစ် သမုဒယမြစ်တစင်း

လှပစွာ စီးဆင်းရစ်နေဦးမယ် ... ယုံတယ် ... ။

 

လေးစားလျှက် ...

ဇာနည် (၈၈,ဗကသ)

ဇန်န၀ါရီ ၁၂၊ ၂၀၁၂

(ကြာသပတေးနေ့)