Star InactiveStar InactiveStar InactiveStar InactiveStar Inactive
ခင်မောင်ရင်
၁၉၆၉ . . စက်တင်ဘာလ (၁)ရက်
                             အထက်တန်းကျောင်းကြီး တကျောင်းနှင့်တူသည့် မန္တလေးတက္ကသိုလ် ပရဝုဏ်အတွင်း  နုပျိုလန်းဆန်းသည့်မောင်မယ်သစ်လွင်များ ပျော်ရွှင်စွာ သွားလာနေကြသည်။ ထိုအထဲတွင် ၁၆နှစ်သားအရွယ် ကျနော်ကလည်း ခိုင်မာမြဲမြံသည့် ခြေလှမ်းများဖြင့် ပျော်ရွှင်တက်ကြွလျက်   အရာအားလုံးသည် လှပရွှန်းသစ်နေပေသည်။
                             မန္တလေးဆေးတက္ကသိုလ်တွင် ပညာသင်ကြားရင်း စာပေဝါသနာပါသူ ကျောင်းသားခြင်း၊ ရင်ခုန်သံညှိခဲ့ကြသည်။
ထိုစဉ်က မြန်မာစာဌာနမှူးမှာ ကဗျာဆရာတယောက်ဖြစ်ပြီး ၊ စာပေအနုပညာစိတ်ဓါတ် အလွန်ပြင်းပြထက်သန်သည်။ နတ်တော်လရောက်တိုင်း မြန်မာစာဌာနနှင့် (First M.B.B.S) အသင်းကကြီးမှူး၍ စာဆိုတော်နေ့ကျင်းပသည်။ စာပေပြိုင်ပွဲ  စာပေဟောပြောပွဲ။ ညပိုင်းတွင် ကျောင်းသားကျောင်းသူများ၏ အငြိမ့်ပြဇာတ်များတီးဝိုင်းများဖြင့် ခမ်းနားကြီးကျယ်သည်။ မြန်မာစာဌာနကပင်တာဝန်ခံပြီး "မိုးသောက်ပန်း" နံရံကပ်စာစောင်ထုတ်ဝေသည်။ First M.B (Sr) ကျောင်းသားများက တာဝန်ယူစီစဉ်ရသည်။ နှစ်ကုန်လျင် မိုးသောက်ပန်းမှ လက်ရွေးစင်ကဗျာများကို ကဗျာစာအုပ် အဖြစ်ထုတ်ဝေသည်။ ကျွန်တော်ဆေးတက္ကသိုလ်ရောက်ပြီးနောက် (၂) နှစ်တွင် မန္တလေးဆေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း စတင်ထုတ်ဝေသည်။ စာပေဝါသနာပါသူ ကျောင်းသားကျောင်းသူ အချင်းချင်း စာပေအနုပညာလုပ်ငန်းများ လုပ်ကိုင်ရင်း  တွဲမိ၊ စုစည်းမိလာကြသည်။ ကျနော်တို့ ရှေ့တတန်းမှ မုံရွာသား ကိုကျော်ဝင်း၊ မန္တလေးသား မြန်မာစာဂုဏ်ထူးရှင် ကိုလေးထွန်း၊ ကျနော်တို့အတန်းမှ ကျနော် နှင့် ရွှေဗျိုင်း အောက်နှစ်တန်းမှ ကဗျာဆရာလေး မောင်မင်းထွေးနှင့်တင်မောင်သန်း တို့ကို ဗဟိုပြု၍ လူ (၂၀) ခန့်တွဲမိလာကြသည်။ စာပေအုပ်စုကြီးဖြစ်လာကြသည်။
                             ဒုတိယအကြိမ် မန်းဆေးတက္ကသိုလ်နှစ်လည် မဂ္ဂဇင်းတွင် ကျွန်တော် တို့တသိုက် ကျောင်းသားအယ်ဒီတာများဖြစ်လာကြသည်။ တာဝန်ခံ အယ်ဒီတာက ဆရာတဦးဖြစ်သည်။ ကျွန်တော်က ကဗျာ၊ ကိုကျော်ဝင်းက  ဝတ္ထု၊ ကိုလေးထွန်းက ဆောင်းပါး အယ်ဒီတာ ။ ကျွန်တော်တို့၏စိတ်ကူးယဉ်အိပ်မက်များကို အကောင်အထည်ဖော်ကြသည်။
                             ထိုအချိန်က အထက်ဗမာနိုင်ငံစာရေးဆရာအသင်း လှုပ်ရှားမှုများ အရှိန်အဟုန်ကောင်းချိန်ဖြစ်၍  ဓမ္မဗိမာန်စာပေဟောပြောပွဲတိုင်းသို့ ကျွန်တာ် တို့ စာပေအုပ်စု မပျက်မကွက်တက်ကြသည်။ စာရေးဆရာ နတ်နွယ်က မိုးဝေစာပေမဂ္ဂဇင်းတွင် "တော်လှန်စာပေ" ကြွေးကြော်နေချိန် ။ တော်လှန်ကဗျာနှင့်မော်ဒန်ကဗျာများပဲ့တင်စပြုချိန်။
                             ကျွန်တော် တို့ဖြတ်သန်းနေရသောခေတ်ကြီးကား ကမ္ဘာကြီးတခုလုံး "တော်လှန်ရေး" များ မြည်ဟည်းပေါက်ကွဲနေချိန် ။ အာရှ ၊အာဖရိက လက်တင် အမေရိက ပြည်သူများ၏ ကိုလိုနီဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲ မီးတောက်များ  တဟုန်းဟုန်းတောက်လောင်နေချိန် ။ အမေရိကန်ပြည်သူများ၏ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး၊လှုပ်ရှားမှုကြီးထွားနေချိန်။ ထိုခေတ်ကြီး၏ အရောင်များအရိပ်များက ကျွန်တော်တို့၏ နုနယ်သော နှလုံးသားများအပေါ် ဖိတ်စင်ထိုးကျနေသည်။
                             ကျွန်တော် တို့၏ တက္ကသိုလ် အစဦးကာလများကို ပျော်၇ွှင်စွာ ဖြတ်ကျော်နေစဉ်ပင်  (၁၉၆၉ ရန်ကုန်တက္ကသိုလ်နှင့်မန္တလေးတက္ကသိုလ်ဆန္ဒပြမှုနှင့် ၁၉၇၀ တက္ကသိုလ် ရွှေရတု ကျောင်းသားလှုပ်ရှားမှုတို့ကို ရင်ဆိုင်ကြုံတွေ့လိုက်ရသည်။ ပွဲကြည့်ပရိသတ်မျှသာ ဖြစ်သော ကျွန်တော် ၏ ဟဒယ နှလုံးအိမ်အတွင်ဝယ် ခွပ်ဒေါင်းလံ တဖြတ်ဖြတ် လွင့်ပျံစအချိန် ။
                             ပြည်သူတို့၏ စားဝတ်နေရေး မပြေလည်မှု၊ ဒီမိုကရေစီ ဆိတ်သုန်းမှုကြောင့် မကျေမနပ်ညည်းတွားသံများက ကျောင်းသားလူငယ်များ၏ အပူအပင်ပင်းသော ရင်တွင်းသို့ရိုက်ခတ်လာသည်။
(၁၉၆၉ အမြုတေပါတီမှသည် ပြည်သူ့ပါတီ။ မ.ဆ.လ (B.S.P.P) သည် ၎င်းတို့၏ ဒီမိုကရေစီလုပ်ကြံမှုကြီးကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် ဖုံးကွယ်ရန် ပြင်ဆင်နေချိန် ။ ၁၉၆၈  စက်တင်ဘာလတွင်  ဗမာပြည်၏ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်လပ်ရေး တိုက်ပွဲတလျောက် ရှေ့ဆုံးတန်းက မားမားမတ်မတ် ပါဝင်ခဲ့သော၊ ပထမဆုံး အမျိုးသားတပ်ပေါင်းစုကြီးဖြစ်သည့် ဖ.ဆ.ပ.လ အဖွဲ့ကြီး၏ အထွေထွေ အတွင်းရေးမှူးဖြစ်ခဲ့သော သခင်သန်းထွန်းသည် လက်နက်စွဲကိုင်တော်လှန်နေသော ဗမာပြည် ကွန်မြူနစ်ပါတီကို ဦးဆောင်ရင်း ပဲခူးရိုးမတနေရာ၌  ကျဆုံးသွားခဲ့ရပေပြီ  ။ သခင်သန်းထွန်းနှင့် အတူ တိုက်ပွဲ အဆက်ဆက်ခေါင်းဆောင်ခဲ့သော ဖက်ဆစ်တော်လှန်ရေးကြီးတွင် နိုင်ငံရေးခေါင်းဆောင်အဖြစ် ရဲရဲရင့်ရင့် မှန်မှန်ကန်ကန် ဦးဆောင်မှုပေးခဲ့သော သူ သခင်စိုး သည်လည်း နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန် မှုဖြင့် သေဒဏ် ချမှတ်ခြင်းခံခဲ့ရပေပြီ။)
                             ကျွန်တော်သည် အလယ်တန်းကျောင်းသားဘဝတွင်ပင် မ.ဆ.လ အစိုးရ၏ လူရည်ချွန်စီမံကိန်းအရ ရွေးချယ်ခံခဲ့ရသော လူရည်ချွန်ကျောင်းသားတဦးဖြစ်သဖြင့် မ.ဆ.လ လူငယ်ရေးရာ ဌာနမှဝါဒဖြန့်သင်ကြားပေးသော" အလုပ်သမားများရဲ့ လမ်းစဉ် xx လယ်သမားများရဲ့ လမ်းစဉ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်မျက်မှောက်တွင် " ဟူသည့် လူငယ်သီချင်းများကို တက်ကြွစွာသီဆိုရင်း ဆိုရှယ်လစ်စံနစ်ကြီးကို ချစ်မြတ်နိုးစိတ်သန္ဓေထည်ခဲ့ပါသည်။ (ထိုအချိန်က ဗမာပြည် ကွန်မြူနစ်ပါတီ၏ လမ်းစဉ်တိုက်ပွဲများအတွင်းသို့ သမိုင်းဝင် ထင်ရှားသည့် ခေါင်းဆောင်များဖြစ်သော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်၊ ပါတီထူတောင်ရာတွင် ပါဝင်သူရဲဘော် ဂိုရှယ်၊ ရဲဘော်ဌေး စသူတို့ ဖြုတ်- ထုတ်-သတ် ခံရသောအခါ ၊ အထူးသဖြင့် ရဲဘော်ဌေး၏သား ဖိုးထူးက " တော်လှန်သောအဇာတသတ်" အဖြစ် ဖခင်အရင်းကို ကိုယ်တိုင်သတ်ဖြတ်ခဲ့သည်ဆိုသောအခါ ထိတ်လန့်တုန်လှုပ်ခဲ့ရပါသည်။)
                             တော်လှန်ရေးကောင်စီအစိုးရကို၊ ဆိုရှယ်လစ်အစိုးရအဖြစ် ကာကွယ်ချစ်မြတ်နိုးရမည်ဟု ငယ်စဉ်က ယုံကြည်ခဲ့သော ကျွန်တော် (၁၉၆၇  တရုပ်ဗမာအရေးအခင်းတွင် "ဗိုလ်ချုပ်ကြီးနေဝင်း သက်တော်ရာကျော်၇ှည်ပါစေ" ဟုကြွေးကြော်ခဲ့သော အထက်တန်းကျောင်းသားလေး ကျွန်တော်  တက္ကသိုလ်ရောက်ပြီး စောစောပိုင်းနှစ်ကာလများတွင်ပင် အတွေးအမြင်ပြောင်းလဲစပြုလာပါသည်။ အထူးသဖြင့် ပြည်သူများ၏ စားဝတ်နေရေး ကျပ်တည်းမှုများက အထွေထွေမကျေလည်မှုကြီးဆီသို့ တွန်းပို့နေသောကာလတွင် တော်လှန်ရေးကောင်စီ အစိုးရအေါ်စတင် သံသယဝင်လာခဲ့ပါသည်။ ၁၉၆၂  ဇူလိုင် (၇)ရက်နေ့တွင် လက်နက်မဲ့ အပြစ်မဲ့ကျောင်းသူကျောင်းသားများကို နှစ်ချီ၍ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ရုံသာမက  "ဓါး ဓါးချင်း - လှံ လှံချင်း" ဟုကြွေးကြော်ကာ ဗိုလ်နေဝင်းက သမိုင်းဝင် သမဂ္ဂအဆောက်အဦးကြီးကို (၈.၇.၆၂)နေ့တွင် ဖြိုချဖျက်ဆီးကြောင်းသိရှိလာရသည့်အခါ ကျောင်းသား လူငယ်တဦးအနေဖြင့် ဗိုလ်နေဝင်း အစိုးရကို သံသယရှိယုံမျှမက စက်ဆုပ်ရွံရှာလာခဲ့ပါတော့သည်။
                             (ဆိုရှယ်လစ် စံနစ်ကို ချစ်မြတ်နိုးစိတ်ဖြင့်၊ ဆိုရှယ်လစ် အမည်ပါ စာအုပ်များကို မ.ဆ.လ ပါတီထုတ် သာမက လက်လှမ်းမှီရာ ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာသည့်အခါ ဆရာ ဗန်းမော်တင်အောင်၏ " ဆိုရှယ်လစ် ဋီကာ" " ဆို၇ှယ်လစ်အဘိဓါန်" တို့နှင့်ပတ်ပင်းတိုးမိပါတော့သည်။ ဆရာဦးတင်အောင်ကို ပြည်သူ့စာရေးဆရာတဦး အဖြစ်လေးစားရင်းစွဲရှိပြီးဖြစ်ရာ ဆရာ့စာအုပ်များကို ဖတ်ရှုပြီး ဆို၇ှယ်လစ် အမျိုးမျိုး အကြောင်းထဲထဲဝင်ဝင် သိရှိလာခဲ့ပါသည်။ မြန်မာနိုင်ငံတွင် မတ်လီနင်ဝါဒလမ်းညွှန် သဘောတရားအဖြစ်ခံယူပါသည် ဆိုသော ဗမာပြည်ကွန်မြူနစ်ပါတီံအလံနီကွန်မြူနစ်ပါတီ ဆိုရှယ်လစ်ပါတီ၊ ပြည်သူ့ရဲဘော်ပါတီ၊ ဗမာပြည်အလုပ်သမားပါတီ စသည်တို့ အချင်းချင်းသဘောထားကွဲလွဲ ယုံမျှမက လက်နက်ကိုင်တိုက်ခိုက်နေကြပုံ ကမ္ဘာတွင်လည်း ဆိုရှယ်ဒီမိုကရက်များနှင့် ကွန်မြူနစ်များ၏ ပဋိပက္ခ၊ ဥရောပ ကွန်မြူနစ်ဝါဒ စသည်တို့ကို သိရှိလာရသည့် အပြင် "ယခုအခါ ဆိုရှယ်လစ်ပါတီ အနွယ်ဝင် တပ်မှူးကြီးများက မြန်မာ့နည်းမြန်မာ့ ဟန် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ဆိုသည်ကို ထုတ်ပြန်ကြေငြာလာပြန်သောအခါ ပိဋကတ်အိုးကွဲများ မဟုတ်ကြရှာသော လက်လုပ်လက်စား သာမန်ပြည်သူများမှာ နားမလည်နိုင်အောင်ဖြစ်နေကြရပေသည်" ဟူသော အရာ၏ သရော်သံပါပါရေးသား တင်ပြချက်ကိုလည်း ကျွန်တော် အလွန်နှစ်သက် သဘောကျခဲ့ပါသည်။            
                             ကျောင်းသားလှုပ်ရှားမှုများကို တက္ကသိုလ်ရွှေရတု အရေးအခင်းပြီးနောက် စိတ်ဝင်စားလာသော ကျွန်တော် ကျောင်းသားလှုပ်ရှားမှုနောက်ခံ တက္ကသိုလ်ဝတ္ထုများကို ရှာဖတ်ဖြစ်လာသည်။ "နတ်နွယ်၏ အပြာ နဲ့ အဝါ "  ၊ "ခင်ဆွေဦး၏ နှင်းဆီကမွှေး" ၊ "အောင်ပြည့်၏ ပြိုမှာလေလားမိုးရဲ့" ၊ "(ဦး)   သိန်းဖေမြင့် ၏ သပိတ်မှောက်ကျောင်းသား"စသည့် ဝတ္ထုများကို အသည်းစွဲခဲ့ကြပါသည်။ ကျနော်တို့ သူငယ်ချင်း တသိုက်တွင် မန်းတက္ကသိုလ်မှ တင်မိုးက စာဖတ်အား အကောင်းဆုံးဖြစ်သည်။ သူနှင့်ကျွန်တော် က စာပေပြိုင်ပွဲ တစ်ခုတွင် သိကျွမ်းခင်မင်လာခြင်းဖြစ်သည်။ ကျွန်တော် က ၁၉၇၁ စာဆိုတော်နေ့ အထိန်းအမှတ် မန္တလေးတက္ကသိုလ် မြန်မာစာ ဌာနမှ ကြီးမှုးကျင်းပသော မန္တလေးတက္ကသိုလ် ပေါင်းစုံ စာပေပြိုင်ပွဲတွင် ဝတ္ထုတို "ပထမ" ရသည်။ ထိုပွဲတွင် သူ နှင့် ကျနော်ရင်းနှီးလာရမှ ကျွန်တာ် တို့ အသိုက်အမြုံထဲသူရောက်လာခြင်းဖြစ်သည်။ သူသည် အင်္ဂလိပ်စာလည်း ထူးချွန်သည်။ သူ့ထံမှ  . . . ဂျွန်စတိုင်းဘက်၊ ပါးလ်စ်ဘတ်၊ ဒက်ဖရီဒူးမောရီယား၊ ဂျက်လန်ဒန်၊ အာစကင်ကော့ဒ်ဝဲလ်၊ မိုပါဆွန်း စသောသူတို့၏ ဝတ္ထုများကို ငှားဖတ်ခွင့်ရသည်။ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ နတ်နွယ် တို့၏ ရှားပါးစာအုပ်မျိုးစုံလည်း သူ့ထံမှာရှိသည်။ ကိုကျော်ဝင်းက နိုင်ငံရေးအားအကောင်းဆုံး။ ကျနော်တို့နှင့် တွေ့ရှိချိန်တွင် သူသည် လီနင်ဝါဒ အခြေခံများ မတ်ဝါဒ၏ရေသောက်မြစ်သုံးသွယ်[Foundations of Leninism (STALIN) Three Component parts of Marxism (LENIN) ] စသည်တို့ကို ဖတ်ရှုနေပြီး စာဖတ်အားကောင်းကြသော ကျွန်တော်တို့သည် ထိုစဉ်က မိုးဝေစာပေ မဂ္ဂဇင်းကို လမ်းညွှန်အဖြစ်ထားကာ အတွေးအခေါ်နှင့်ရသစာပေများကို အာသာငမ်းငမ်း ဖတ်ရှုကြသည်။ ထိုအချိန်က မန္တလေးဆေးတက္ကသိုလ် စာကြည့်တိုက်မှာ စာအုပ်အတော်စုံသည်။
                             ကျနော်တို့ သူငယ်ချင်း တသိုက် နေ့လည်ကျောင်းဆင်းချိန်  ညနေပိုင်းတို့တွင် လက်ဖက်ရည်ဆိုင်ထိုင်ရင်း ကျုံးနံဘေးလမ်းလျှောက်ရင်း စကားဝိုင်းဖွဲ့ကြသည်၊ ငြင်းခုန်ကြသည်၊ ဆွေးနွေးကြသည်၊ အကြောင်းအရာကတော့ အစုံ   စာပေ ၊အနုပညာ၊ချစ်သူ ၊ဂီတ ၊နိုင်ငံရေး ၊ဘာသာရေး  " ရှင်အာရိယဓမ္မ၏ ဗုဒ္ဓဝါဒ ပြဿနာများ . . . ရှင်ဥက္ကဌ၏ ကပ္ပပြဿနာဂျွန်လင်နွန်၊ ခရစ္စမတ်အဖြူ  ၊ယိုကို၊   မော်စီတုံး၏ ယင်အန်စာပေ အနုပညာမိန့်ခွန်း၊  ငုယင်ဗန်ထရွိုင်း ၊အလန်ဒါးလက်စ်၊ ဟိုချီမင်းစတီရီယို ဂီတ သည် နယ်ချဲ့ ယဉ်ကျေးမှုလော၊  ကာရံမဲ့ကဗျာမော်ဒန်ကဗျာ။နိုင်ဝင်းဆွေ၏ဘ၀စာမျက်နှာများ။
          ၁၉၇၁တွင်ကျွန်တော် တို့သူငယ်ချင်းတသိုက်သည် အတွေးအခေါ်အယူအဆတရပ်ရပ်ကိုဆုပ်ကိုင် ၍တိုင်းပြည်အတွက်ကျနော်တို့ ဘာလုပ်နိုင်မလဲဟုဝေဖန်ရှုကြည့်ရန် စုပေါင်းလေ့လာကြရန် သဘောတူလိုက်ကြသည်။
ရန်သူ၊မိမိ၊ မိတ်ဆွေ ဘက်(၃)ဘက်ကိုစနစ်တကျလေ့လာ ၍ မိမိအမြင်ကိုစာတမ်းရေးသားရန်သဘောတူခဲ့ကြသည်။
ပထမဆုံးဗမာပြည်သမိုင်းနှင့်ပတ်သက်၍လေ့လာရန်စာအုပ်များကိုရွေးချယ်ကြသည်။ဗန်းမော်တင်အောင်၏ကိုလိုနီခေတ်မြန်မာ့သမိုင်း၊ဖေဘီယန်ဦးဘခိုင်၏မြန်မာပြည်နိုင်ငံရေးရာဇ၀င်၊
ဦးလေးမောင် ၊ဗိုလ်ဗလတို့ ၏စာအုပ်များ၊ ဦးနု၏ “ငါးနှစ်ရာသီဗမာပြည်” ၊ဦးသိန်းဖေမြင့် “အရှေ့ကနေ၀န်းထွက်သည့်ပမာ” “ဗိုလ်မှူးချစ်ကောင်း၏အနှစ်နှစ်ဆယ်”
                တောင်တမန်အင်းမယ်ဇယ်ပင်တွေအောက်မှာ...။
                ရန်ကင်းတောင်မှာ ....။
                အိမ်ရှေ့ မင်းထန်းတောမှာ...။
ဝံသာနု ဖေဘီယန်စသော အမျိုးသားအရင်းရှင် အဖွဲ့အစည်းများ ဆရာစံ သူပုန် ။တို့ဗမာ အစည်းရုံးကြီး ပေါ်ပေါက်လာခြင်း ။၁၃၀၀ပြည့် ရေနံမြေ အလုပ်သမားသပိတ်ကြီး။
နိုင်ငံရေးဇာတ်ခုံပေါ်သို့ ဗမာပြည်အလုပ်သမား လူတန်းစား ပထမဆုံးအကြိမ် တက်ရောက်လာခြင်း ။၁၉၃၉ သြဂုတ် ၁၅  ကွန်မြူနစ်ပါတီ ပေါ်ပေါက်လာခြင်း။ ပထမဆုံး အထွေထွေ အတွင်းရေးမှုး သခင်အောင်ဆန်း။ ၁၉၄၅ ဖဆပလ အဖွဲ့ချုပ်ကြီး ဖက်ဆစ်တော်လှန်ရေးကြီး။
တန်ခူးလပြည့်လရောင်အောက်ဝယ်  တော်လှန်ရေးရဲဖော်များ တရွေ့ရွေ့ ငြိမ်သက်စွာ စီတန်းချီတက်သွားကြသည်။
အနီထဲက  ကြယ်ဖြူပွင့် ၊
မိုးကုတ်ကုတ်ဝယ်
အို  ရုတ်တရက်
မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ
ဟ . .ဟ လာပြီး
မိုးပြာကိုဖြတ်၊ ပတ္တမြားရည်
စီးလည်းအဟုန်
နီမြန်းကုန်သည် ၊အာရုံပေါ်စ ဝိုးတဝါး ။
ဒဂုန်တာရာ၏" မတ်လ တော်လှန်ရေး" ကဗျာက ကျွန်တော်တို့ရင်ကို လာထိသည်။
ဗိုလ်မှူးချုပ်ကျော်ဇော၏ "နေသူရိန်" မိန့်ခွန်းထဲမှ ဖက်ဆစ်တော်လှန်ရေးကာလ ပဇိုင်ရေကာတာတိုက်ပွဲမှာ အသက်ဝင်လှသည်။
"ပဇိုင်" ရေကာတာကျိုးလျှင် ပဲခူးတနယ်လုံး ရေလွှမ်းမိုးသွားမည်စိုးသဖြင့် တော်လှန်ရေး ရဲဘော်များသည် ပဇိုင်ရေကာတာကို အသက်စွန့်၍တိုက်ကြရသည်။ ရင်စို့ခန့် ရေပြင်ကိုဖြတ်၍ ပစ်တက် တက်စဉ် အထက်စီးမှနေရာယူ ပစ်ခတ်သော ဖက်ဆစ်တို့၏ ကျည်သင့်ကာ ရဲဘော်များ တဖွဲဖွဲကျဆုံးကြရသည်။
ရေထဲတွင် ခါးကုန်းပေးထားးသော ရဲဘော်၏ ကျောပေါ်တွင် စက်သေနတ်တင်ကာ ပစ်ခတ်ရင်းတာရိုးအနီးသို့ တရွေ့ရွေ့ချဉ်းကပ်လာရသည်။
"လွတ်လပ်မှ အမျှဝေပါ" သေအံ့မူးမူး တော်လှန်ရေးရဲဘော်၏ နောက်ဆုံးမှာတမ်း "ဒီရဲဘော်တွေရဲ့ အရိုးပုံပေါ်ကနေ နိုင်ငံရေးသမားတွေ ခေါင်းပေါင်းစထောင်ပြီး သစ္စာဖေါက်ရင် အရိုးတွန်ပါစေ ။"
မိန့်ခွန်းထဲမှ ကျိန်စာသည် ကျနော်တို့ရင်ထဲတွင် ပဲ့တင်နေသည်။
ဖက်ဆစ်တော်လှန်ရေးကြီးတွင် မြန်မာတမျိုးသားလုံး ဖ.ဆ.ပ.လ အဖွဲ့ကြီး၏ အလံတော်အောက်ဝယ် တသွေးတသံတည်းစုစည်းခဲ့ကြသည်။
ဤညီညွတ်ရေး စိတ်ဓါတ်ကို ဆက်လက်သယ်ဆောင်ပြီး ၁၉၄၆ အထွေထွေ သပိတ်ကြီးဆင်နွဲကာ ဘုရင်ခံဆာဟူးဘတ်ရန့်စ် အစိုးရကိုဖြုတ်ချခဲ့ကြသည်။   ဘုရင်ခံအမှုဆောင်ကောင်စီထဲ ဖ.ဆ.ပ.လ ရောက်သွားသောအခါတွင်ကား ဂိုဏ်းဂဏအက်ကြောင်းများကြောင့် ကွဲသံပါလာသည် ။
ဖက်ဆစ်တော်လှန်ရေးကြီး ဆင်နွဲချိန်တွင် ဖ.ဆ.ပ.လ တပ်ပေါင်းစုကြီးနှင့် လက်နက်ကိုင်တပ်မတော် တရပ်ရှိနေပြီဖြစ်သော်လည်း နိုင်ငံရေးခေါင်းဆောင်များမှာ အတွေ့အကြုံနုနယ်သေးသဖြင့်" အမျိုးသားအစိုးရ" တရပ်ဖွဲ့စည်းပြီး ဦးဆောင်မှုပေးရန် ပျက်ကွက်ခဲ့ကြသည်။ အတွေ့အကြုံရင့်ကျက်ပြီး ပါးနပ်ကောက်ကျစ်သည့် အင်္ဂလိပ်နယ်ချဲ့ သမား၏ ထောင်ချောက်အတွင်းသို့ ကျရောက်ခဲ့ကြသည်။ ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးတွင် တဖွဲ့လျင် (၃)ဦးကျစီပါဝင်ပြီး ဗဟိုကော်မတီကို ဖွဲ့စည်းကာ ၎င်းတို့ထဲမှ ကြိုးကိုင်အဖွဲ့ (Polit Bureau) အဖြစ် (၃) ဦးကို ထပ်မံရွေးကောက်ထားသည်။ သခင်စိုးက နိုင်ငံရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက စစ်ရေးခေါင်းဆောင်သခင်သန်းထွန်းက နိုင်ငံခြားဆက်သွယ်ရေးတာဝန်ခံဖြစ်သည်။ ဦးသိန်းဖေမြင့်က ဖ.ဆ.ပ.လ ၏ ကိုယ်စားလှယ်အဖြစ် အိန္ဒိယတွင် ကျောရိုးတီဘီဖြစ်လျက်နှင့် ရွပ်ရွပ်ချွန်ချွန် တာဝန်ထမ်းဆောင်သည်။ ဗိုလ်ချုပ်အောင်ဆန်းမှာ ကွန်မြူနစ်ပါတီ၏ ပါတီတည်ထောင်သူနှင့် ပထမဆုံး အထွေထွေအတွင်းရေးမှူးဖြစ်ခဲ့ပြီး သခင်စိုး သခင်သန်းထွန်းနှင့် ဦးသိန်းဖေမြင့်တို့မှာ ထိုစဉ်က ကွန်မြူနစ်ပါတီ၏ ထိပ်တန်းခေါင်းဆောင်များဖြစ်ကြသဖြင့် ဖ.ဆ.ပ.လ နှင့် ဖက်ဆစ်တော်လှန်ရေးကြီးတွင် ကွန်မြူနစ်ပါတီနှင့် ဤလူငယ်လက်ဝဲသမားခေါင်းဆောင် (၄) ဦး၏ အခန်းကဏ္ဏ မည်မျှ အရေးပါသည်ကို မြင်သာနိုင်ပါသည်။ဤညီညွတ်ရေးပြိုကွဲလေသောအခါ ။
                             ဒုတိယကမ္ဘာစ်ကြီးအပြီး ၁၉၄၅ ဇူလိုင်တွင်ကျင်းပသော ကွန်မြူနစ်ပါတီ၏ ဒုတိယကွန်ဂရက်တွင် အထွေထွေအတွင်းရေးမှူးသခင်စိုး အရေးယူခံရသည်။ ဦးသိန်းဖေမြင့် အထွေထွေအတွင်းရေးမှူးဖြစ်လာသည်။ ဦးသိန်းဖေမြင့် သခင်သန်းထွန်းတို့ကတဖက် သခင်စိုးကတဖက် ကွဲကြသည်။ ၁၉၄၆ အောက်တိုဘာတွင် သခင်စိုးက ကွဲအက်ရေးမှ ခဲါထွက်ရေးသို့ကြွေးကြော်ကာ အလံနီကွန်မြူနစ်ပါတီကိုခွဲထောင်သည်း။ ပထမတွင် ဖ.ဆ.ပ.လ က နှစ်ပါတီလုံးကိုအသိမှတ်ပြုသည်။ နောက်အလံနီပါတီကိုထုတ်ပယ်သည်။ ဘုရင်ခံအမှုဆောင်ကောင်စီထဲဝင်သည့် ကိစ္စကို ဝေဖန်သည့် ပြည်သူ့ အာဏာဂျာနယ်နှင့်ပါတ်သက်၍ ကွန်မြူနစ်ပါတီနှင့် ဖ.ဆ.ပ.လ  ပြဿနာဖြစ်သည်။ဗိုလိချုပ်အောင်ဆန်းက ဦးသိန်းဖေမြင့်ကို ဖြောင်းဖျညှိနှိုင်းနေစဉ်တွင်ပင် ဦးကျော်ငြိမ်းက ကွန်မြူနစ်ပါတီကို ဖ.ဆ.ပ.လမှ ထုတ်ပယ်သည့်စာကြမ်းရေးနေပြီ။နောက်  ဖ.ဆ.ပ.လထဲမှ ကွန်မြူနစ်ပါတီကို ထုတ်ပစ်လိုက်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း နှင့် သခင်သန်းထွန်း၊ ဦးသိန်းဖေမြင့်တို့အကွဲ ။
၁၉၆၀ မေလ ရွေးကောက်ပွဲအကြိုကာလ မန္တလေးတောင်ခြေတွင်ကျင်းပသည့် လူထုအစည်းအဝေးကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည့်နှင့် ဗိုလ်မင်းခေါင်တို့က  ဖ.ဆ.ပ.လ ထဲမှ ကွန်မြူနစ်ပါတီထုတ်ပယ်ခံရပြီး တောခိုသွားရသည်မှာ ဦးကျော်ငြိမ်းကြောင့်ဖြစ်သည်ဟု"အထုပ်ဖြည်" ကြသည်။ မည်သို့ဆိုစေ မည်သူကြောင့်ဖြစ်စေ ၊ဤညီညွတ်ရေးပြိုကွဲမှုကြီးက နောင်တွင်တိုင်းပြည်ကိုပြည်တွင်းစစ် ချောက်ကမ်းပါးကြီးထဲသို့ တွန်းချလိုက်ခြင်းပင်ဖြစ်ပါတော့သည်။ အကွဲအပြဲမှာဤတွင် မရပ်  ဖ.ဆ.ပ.လ အပေါ်သဘောထား မပြတ်သားဟုဆိုကာ ဦးသိန်းဖေမြင့် အရေးယူခံရပြန်သည်။ သခင်သန်းထွန်းနှင့် ဦးသိန်းဖေမြင့် အကွဲ ဤအကွဲအပြဲများကို အခွင့်ကောင်းယူ၍  အင်္ဂလိပ်နယ်ချဲ့သမားက စံနစ်တကျဖိနှိပ်သည်။ တော်လှန်ရေးရဲဘော်ဟောင်းများကို နှိမ်နင်းသည်။
ပျဉ်းမနားလယ်ဝေးတွင် အင်္ဂလိပ်အရေးပိုင် အင်္ဂလိပ်စစ်တပ်မှ အကြမ်းဖက်မှု နှိမ်နင်းရေး (Black cat) တပ်ဖွဲ့များနှင့် ဗိုလ်မှူးကြီး နေဝင်း၏တပ်မတော် တပ်ရင်း (၄)တို့ပူးပေါင်းကာ သီးစားခလျော့ပေါ့ရေး၊ လက်ငုတ်လယ်၊ လက်မလွတ်မရေး ထွန်တုံးတိုက်ပွဲများ၊ ဥပဒေတွင်းတိုက်ပွဲများ ဆင်နွဲနေသော လယ်သမားများ၊ လယ်သမား သမဂ္ဂများကို ရက်ရက်စက်စက် နှိမ်နင်းသည်။ ချေမှုန်းသည် ။လယ်သမားများက ဖက်ဆစ်တော်လှန်ရေးတွင်းက လက်နက်များဖြင့် ပြည်သူ့ရဲဘော် တပ်နီများနှင့် ပူးပေါင်းကာ ခုခံကြသည် ။ ဤသို့ဖြင့် လယ်ဝေးသူပုန်ကြီးပေါ်လာသည်။
                                                                                                                                                                          တာကောဒီ