Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

သရုပ်ဖေါ်နံရံပန်းချီ သန်းဌေးမောင်

 

             ကမ္ဘာ့အရှေ့ခြမ်းအာရှနိုင်ငံတခုမှ ကမ္ဘာ့အနောက်ခြမ်းအမေရိကကို နာရီပေါင်းများစွာ ဖြတ်သန်းခရီးနှင်ခဲ့ပြီး အမေရိကအရှေ့ပိုင်း၏ မြေပြင်ပေါ် ခြေချခိုလှုံလိုက်ရချိန်မှာတော့ ၂၀၀၉ ၏ ပန်းစုံပွင့်သောနွေဦးနှင့်အတူ ဖော်ရွေနွေးထွေးသောမြို့ သူမြို့ သားများက ကျမတို့ကိုကြိုဆိုခဲ့ပါသည်။

           ထိုဖော်ရွေနွေးထွေးမှုများကြောင့်ပင် ကျမ၏မိခင်မြေအကြောင်းမိတ်ဆက်ပြောပြဖို့ မတွန့်ဆုတ်ခဲ့ခြင်းက ကျမအတွက်အခွင့်အရေးတခုဖြစ်ခဲ့သည်။ ကမ္ဘာ၏ တခြားဖက်ခြမ်းမှ အာရှနိုင်ငံငယ်လေးတခုက အမေရိကနှင့်ဘယ်ရွေ့ဘယ်မျှကွာခြားကြောင်း ပြောပြခွင့်ရခဲ့သည်။ မတူခြားနားသော ယဉ်ကျေးမှုများအတွင်းမှ မတူခြားနားသောတန်ဖိုးများကို တွေ့ ရှိခံစားနိုင်ခဲ့ခြင်းနှင့် ထိုမတူခြားနားမှုများအကြောင်းကို စာများမှတဆင့်ဝေငှနိုင်ခြင်းက ကျမအတွက် ကျေနပ်ဖွယ်ဖြစ်သည်။

         ကျမကို စိတ်အနှောက်အရှက်ပေးခဲ့တာကတော့ အမေရိက၏ဆောင်းရာသီပင်ဖြစ်သည်။ အပူအလွန်ပြင်းထန်သောမြန်မာပြည်တွင် အနှစ် ၄၀ လုံးလုံး နေခဲ့သူ ကျမအတွက် ၆ ဒီဂရီဖာရင်ဟိုက်အအေးက ကြောက်မက်ဖွယ်ပင်။ နေရောင်မမြင်ရသောရက်တွေက စိတ်ဓာတ်ကျဖွယ်ပင်။ ခြေသလုံးမြုပ်လုနီးပါး နှင်းထုထဲမှ ရုန်းထွက်လမ်းလျှောက်ရခြင်းက စွန့်စားမှုတခုလိုပင်။ သို့သော် ထိုအရာများအားလုံးကို ကျမ ကျော်ဖြတ်နိုင်ခဲ့ပါသည်။ ထိုကျော်ဖြတ်နိုင်သည့် အင်အားကိုပေးခဲ့တာကတော့ ကမ္ဘာတခြမ်းစာဝေးလံသည့်အရပ်မှ လူများ၏ ကျမတို့အပေါ် ကြိုဆိုမှုများနှင့် အားဖြည့်မာန်တင်းနိုင်စရာအဖြစ်အပျက်များ၊ ပြန်လည်တမ်းတကြည်နူးနိုင်သည့် လွမ်းဆွတ်ဖွယ်ရာများ ကျမမှာ အလုံအလောက် ရှိနေခဲ့ခြင်းတို့ကြောင့်ဖြစ်သည်။

 

                             *                           *                           *

ဒုတိယမြောက်နွေဦးကို ဖြတ်ကျော်ခဲ့ပြီးချိန်မှာတော့ သံမဏိတံတားကြီးတွေ၊ ၀တ်စုံအမျိုးမျိုးလဲ၍၀တ်ဆင်သောသစ်ပင်တွေ၊ ရင်သပ်ရှုမောဖွယ် ပန်းရောင်စုံတွေ၊ အနိမ့် အမြင့်မညီမညာ နှင့် မြို့ကို ဝန်းရံအလှဆင်နေသောတောင်ကုန်းတွေ၊ မြို့၏ အသည်း နှလုံးနေရာတွင် ပေါင်းဆုံကြသော မြစ်ကြီးတွေ၊ ပြုံးရွှင်နွေးထွေးသော မြို့သူမြို့သားတွေနှင့် ကျမတို့ ချစ်ခင် တွယ်နှောင်မိကြပြီ။

နွေဦး၏နေရောင်ခြည်ကိုမြင်လိုက်ရချိန်တွင် နှင်းဖြူဖြူနှင့်သစ်ကိုင်းခြောက်မဲမဲတို့ကြားတွင် တချိန်လုံးလိုလို ငိုချင်ဝမ်းနည်းနေခဲ့မိသော ခြောက်ခြားဖွယ်ဆောင်းပန်းချီကို မေ့လျော့ နိုင်ခဲ့သည်။

ကျမ၏ ပထမဆောင်းရက်များအတွင်းမှာတုန်းက ရက်စက်သောအအေးဒဏ်နှင့် ကဝေဆန်သောနှင်းများ၏နှိပ်စက်မှုကို အံကြိတ်ခံခဲ့ရသည့် သစ်ပင်များအပေါ်သနားစိတ်ဝင်ခဲ့မိသည်။ သို့သော်ရာသီဆိုး၏ဒဏ်ကိုအံကြိတ်ခံရင်း စုဆောင်းထားသည့် သစ်ပင်များ၏ အသက်ဇီဝဓာတ်တွေက နွေဦးနေခြည်နှင့် တွေ့ဆုံသောအခါ ပန်းဖူးများအဖြစ်သစ်ကိုင်းတွေကို ထိုးခွဲထွက်လာကြပြီး ရှုငေးဖွယ်ပန်းရောင်စုံများအဖြစ် လောကကို အလှဆင်ကြတာမြင်ရတော့ သူတို့၏ ကြံ့ကြံ့ခံနိုင်မှုနှင့်သတ္တိကို ဂုဏ်ယူအားကျရသည်။ မည်မျှကြမ်းတမ်းသော ရာသီဆိုးနှင့်ကြုံကြုံ ကြံ့ကြံ့ခံ၍ စိတ်ဓာတ်စွမ်းရည်ကို အသက်ဇီဝဓာတ်သဖွယ်သိုလှောင်ကာ အားထုတ်ခွင့်နေခြည်ကလေး တပြောက်လောက်ရရုံနှင့် လက်ရှိဘ၀ကိုရင်ဆိုင်ရန် သတ္တိပန်းများပွင့်လာကြသော ကျမ၏သူငယ်ချင်း၊ မိတ်ဆွေများကိုလည်း သတိရတမ်းတရင်း ဂုဏ်ယူရသေးသည်။

         ဆောင်းရာသီ၏ ခြောက်ခြားဖွယ်အအေးဒဏ်ကိုခံရစဉ်က မိခင်မြေနှင့်ကွာခြားလှချည့်ဟု နှိုင်းယှဉ်ကာ လွမ်းစိတ်ဝင်ခဲ့သည်။ နွေဦး၏ ၀င်းပသော နေရောင်ခြည်များကို မြင်ရပြန်တော့လည်း ဆယ့်နှစ်ရာသီပတ်လုံး နေခြည်ဝင်းပသောမိခင်မြေကိုလွမ်းရပြန်သည်။ မိခင်မြေနှင့်ဝေးကွာနေရခြင်းသည် ရာသီဆိုးတခုလိုပင်။ ထိုရာသီဆိုးအောက်တွင် ကျမ၏အနုပညာ ဖန်တီးလိုစိတ်က ငုပ်လျှိုးပျောက်ကွယ်နေတတ်သည်။ ငုပ်လျှိုးနေသောဖန်တီးလိုစိတ်သည် နေခြည်နှင့်တူသော ကြိုဆိုနွေးထွေးမှုများ၊ မူလဘူတအခြေခံမြေသားနှင့်တူသော မိခင်မြေမှ တမ်းတဖွယ်အတွေ့အကြုံများနှင့်ပေါင်းဆုံမိသောအခါ စကားလုံးပန်းတွေဖူးပွင့်လာခဲ့တော့သည်။ ဗြဟ္မစိုရ် တရားထွန်းကားသောမြေတွင် အိမ်လွမ်းစိတ်သည် အနုပညာဖန်တီးဖို့ တွန်းအားပေးသော အကြောင်းအရာတခုဖြစ်ခဲ့သည်။

နွေရာသီမှာတော့ ကျမခြံထဲမှဥယျာဉ်နှင့် ကျမရင်ထဲမှဥယျာဉ်နှစ်ခုစလုံးတွင် ပန်းတွေ အပြိုင်ပွင့်ခဲ့ကြသည်။ ကျမရင်ထဲက ဥယျာဉ်တွင် ပွင့်သည့်ပန်းများက ကျမခြံထဲကဥယျာဉ်တွင် ပွင့်သည့်ပန်းများလောက်လှချင်မှလှမည်။ မွှေးချင်မှလည်းမွှေးမည်။ နာကျည်းစရာခံစားချက်များနှင့် မောလျဖွယ်အလွမ်းအင်အားများကိုအခြေခံသော ရင်တွင်းဥယျာဉ်၌ ပွင့်သည့်ပန်းများတွင် ပျော်ရွှင်မှုအရောင်ကတော့ ဖျော့တော့နေမည်ဖြစ်သည်။ သို့သော်ရာသီဆိုးကို အံတင်း ဖြတ်ကျော်၍ ရဲရဲပွင့်နိုင်ခြင်းကပင် ပန်း၏ဖြစ်တည်မှုဂုဏ်ကိုပြနိုင်ခြင်းမို့ ကျမကျေနပ်ပါသည်။

        အောက်တိုဘာလထဲဝင်လာသည်နှင့် ရာသီဥတုကအေးလာပြီ။ နေရောင်ကဖျော့တော့ သွားပြီ။ ပန်းတွေကလည်းတနွေလုံး အားရပါးရ ပွင့်ခဲ့ကြပြီးပြီမို့ ပင်ပန်းနေပြီ။ ငှက်ကလေးများ၏ တေးသံတို့ ပါးလျသွားပြီ။ မကြာခင်မှာတော့ ကျမအတွက်ဆောင်းအသစ်တခုကို ဖြတ်ကျော်ရတော့မည်။ မညှာတာတတ်သောနှင်းတွေက ကျမခြံထဲမှပန်းများ၏ပွင့်ဖတ်တွေကို ရက်ရက်စက်စက် ခြွေကြဦးတော့မည်။ အခိုက်အတန့်အံကြိတ်ခံကြပြီးသည့်နောက် နွေဦး၏နေခြည်နှင့် ပြန်လည်ဆုံစည်းကြသည့်အခါ ရင်သပ်ရှုမောဖွယ်ပန်းရောင်စုံများကို ထပ်မံမြင်တွေ့ ခွင့်ရဦးမှာ သေချာနေသည်မို့  ကျမစိတ်မပျက်ပါ။ ထို့အတူ မိခင်မြေနှင့်ဝေးကွာနေရခြင်းရာသီဆိုးကလည်း ကျမရင်တွင်းမှပန်း များကိုခြွေချဖို့ ကြိုးစားလိမ့်ဦးမည်။ သို့သော် အင်အားပြည့်ဝသောအလွမ်းများ၊ နွေးထွေးသောအပြုံးများ၊ ဖော်ရွေသောနှုတ်ခွန်းဆက်မှုများ၊ ကြင်နာသော ဖေးမကူညီမှုများက နွေဦး နေခြည်သဖွယ် ကျမ၏ရင်တွင်းပန်းများကို တဖန်ပြန်လည်ဖူးပွင့် လာစေဦးမည်။ ကျမတို့ တတွေရာသီဆိုးကိုကြံ့ကြံ့ခံဖြတ်ကျော်နေခြင်းက နွေဦးကိုကြိုဆိုနေခြင်းလည်းမည်ပေသည်။

ကျမ၏အီးမေးလ်ထဲတွင် “နေကောင်းရဲ့လားသူငယ်ချင်းရေ“ ဟူသောအဓိပ္ပာယ်အပါအ၀င် ခပ်ဆင်ဆင်အဓိပ္ပာယ်သက်ရောက်သော စာတစောင် ရောက်ရှိနေခြင်းသည် ကျမ၏ဥယျာဉ် တွင် ပန်းတဖူးတိုးတော့မည်ဟု အသိပေးလိုက်တာနှင့်အတူတူပင်။

 “ငါတို့ လှိုင်တက္ကသိုလ် ကျောင်းသူဘ၀တုန်းက အလှဓါတ်ပုံရိုက်ဖို့ဆိုပြီး နင်ငါ့ကို မိန်းထဲခေါ်သွားတာမှတ်မိလား။ အဲဒါ ငါပထမဦးဆုံးအလှဓာတ်ပုံရိုက်ဖူးတာပဲ။ ငါ့မှာအတွေ့အကြုံကလည်းမရှိ၊ ကြောက်ကလည်းကြောက်နဲ့ နှုတ်ခမ်းတွေတဆတ်ဆတ်တုန်နေခဲ့တာလေ” ဆိုတာမျိုး ကျောင်းတုန်းကသူငယ်ချင်းနှင့် အွန်လိုင်းပေါ်မှာရှေးဟောင်းနှောင်းဖြစ်တွေ ပြောကာ ဝေ့၀ိုင်းလာသောမျက်ရည်များကို မျက်တောင်ပုတ်ခပ်ကာကွယ်နေရင်းမှ တဟားဟားရယ်မောလွမ်းတရခြင်းတွေက ထိုပန်းဖူးလေးကိုပွင့်လန်းလာစေမည့် နေခြည်များပင် ဖြစ်သည်။

လမ်းပေါ်မှာ လျှောက်သွားနေရင်း “ Have a good day” နှုတ်ခွန်းဆက်ခံလိုက်ရခြင်း ကတော့ ပန်းပင်တွေကြားလျှောက်သွားနေဆဲ လေပြည်လေး ဝှေ့ ရမ်းခံလိုက်ရသလို လူကို လန်းဆန်းစေသည်ပေါ့။

      ရေမြေခြားတွင် ရပ်တည်ရှင်သန်နေရသည့်အခိုက်အတန့် တွင်ကျမ၏ရင်တွင်းဥယျာဉ်၌ ပန်းတွေပွင့်လာစေသည့်လူများ၊ အရာဝတ္ထုများ၊ အဖြစ်အပျက်များနှင့် အလွမ်းအင်အားများကို ကျေးဇူးစကားဆိုရင်း ရာသီဆိုးကိုကျော်ဖြတ်ပါမည်။ ကျမရင်တွင်း၌ အလွမ်းအင်အားကို ရရှိစေသူများနှင့် ကျမ၏တည်ရှိနေခြင်းအား အသိအမှတ်ပြုသူအားလုံးကို ကျေးဇူးစကားဆိုခွင့် ပြုခြင်းဖြင့် ကျမအား ချီးမြှောက်ကြစေချင်ပါသည်။

 

 ခက်မာ