Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

Daw ah mar

            ကျနော့်အမေရေးတဲ့ကျွန်မတို့မန္တလေးကျွန်မတို့ငယ်ငယ်တုန်းကမန္တလေး စတဲ့ဆောင်းပါးတွေကို ဖတ်ရတော့ ကျနော့်မှာ အမေ့ဘေးပဲပြန်ရောက်နေသလိုလို၊ တခေတ်ကမန္တလေးကိုပဲ ပြန်ရောက်နေသလိုလို၊ အဖိုးအဖွားနဲ့ ဆရာကြီးရွှေဥဒေါင်းတို့လို လူကြီးတွေအကြားပြန်ရောက်နေသလိုလိုခံစားရပါတယ်။ ဒီလိုနဲ့ တခါတခါကျတော့ တကယ် လို့များ ငါတို့ခေတ်ကမန္တလေးရယ်လို့ရေးလိုက်ရင် ဖတ်ချင်တဲ့လူရှိပါ့မလားလို့လည်း တွေးနေမိပါတယ်။ တဆက်ထဲမှာ ကိုယ် ငယ်ငယ်က ပုံရိပ်တွေကိုပြန်တွေးနေမိပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ရာစုနှစ် ၅၀စုနှစ်များဆီကအတိတ်ကိုပါ။

            အဲဒီတုန်းက မန္တလေးဟာစစ်ကြီးထဲက ရုန်းထနေဆဲကာလလို့ ဆိုရပါမယ်။ မြို့ လယ်နေရာအနှံ့အပြားမှာ ဗုံးဒဏ်ထိ ထားတဲ့တိုက်ပျက်ကြီးတွေ၊ အဲဒီတိုက်ပျက်ကြီးတွေထဲမှာပဲ တဲထိုး၊ အိမ်လုပ်ပြီးနေကြတာတွေ နေရာတကာမှာ တွေ့နေရပါတယ်။ အထင်ရှားဆုံးတချို့ကိုပြောရရင် ၂၆ဘီလမ်းနဲ့ ၈၂လမ်းထောင့်က အခုဘဏ်ဖြစ်နေတဲ့နေရာက ရိုးကုမ္ပဏီတိုက်ပျက်ကြီး၊ မာရဂျန်းဆေးဆိုင်ဆိုတာကလည်း တိုက်ပျက်ကြီးထဲမှာ ဖြစ်သလိုဆောက်-ဆိုင်ဖွင့်ထားတာ၊ အားလုံး ဗုံးထိထားတာတွေပါ။

          ကျနော်ကျောင်းစ,နေတော့ ၈၂လမ်းပေါ်က စိန့်ဂျိုးဇက်ကွန်ဗင့်ဆိုတဲ့ ဘရင်ဂျီမယ်သီလရင်သာသနာပြုကျောင်းမှာ ဖြစ်ပါတယ်။ အဲဒီကျောင်းထဲကိုဝင်ဝင်ချင်း တံခါးမကြီးညာဖက်မှာ ဗုံးဒဏ်ကြောင့်ကျေမွနေတဲ့ ဘုရားရှိခိုးကျောင်းလေး ရှိပါတယ်။ ကျနော့်အဖေပါဝင်လုပ်ကိုင်တဲ့ မန္တလေးကအသင်းအပင်းပေါင်းစုံထဲမှာ ယူဘီအေအေလို့ခေါ်တဲ့ အထက်ဗမာနိုင်ငံကစားအသင်းလည်း ပါပါတယ်။ အဲဒီမှာသူနဲ့အတော်လေးရင်းနှီးတဲ့လူတဦးက ၈၄လမ်းပေါ်က သံလမ်းတောင်ဖက် ကိုက်တရာလောက်မှာ၊ အရှေ့ဖက်တန်းက ကားဝပ်ရှော့ထောင်တဲ့ ဦးကျော်သောင်းဆိုသူဖြစ်ပါတယ်။ သူ့သား ဆန်နီနဲ့ကျနော်က နောင်မှာဗထူးကွင်းဖြစ်လာမယ့် ယူဘီအေအေကွင်းထဲမှာ ဘော့လုံးပွဲချိန်အတွင်း အတူပြေးလွှား ကစား နေကျဖြစ်ပါတယ်။ ကျနော်ပြောချင်တာက သူတို့ရဲ့အတော်ကျယ်တဲ့အိမ်ဝိုင်းကြီးအလယ်မှာ နှစ်ထပ်တိုက်ပျက်ကြီးတလုံး ရှိပြီး သူတို့က အဲဒီအထဲမှာ ကပ်အိမ်တလုံးဆောက်ပြီးနေတဲ့အကြောင်းပါပဲ။ အဲဒီတိုက်ပျက်ကြီးဟာ ၁၉၈၀စုနှစ်များထဲ အထိရှိနေသေးတယ်ထင်ပါတယ်။

            နောက်ပြီး ၈၂လမ်း ရသာတန်းတောင်ဖျားက ကယ်လီဘုရားရှိခိုးကျောင်းကြီးဟာလည်း အချွန်ကြီးမရှိတော့တာကိုလည်း မှတ်မိနေပါတယ်။ အခုတွေ့နေကြရတာက နောက်မှပြန်ဆောက်ယူတာပါ။ သူ့အရှေ့ဖက်က ကယ်လီကျောင်း ဆိုတာကအုတ်ခုံပဲကျန်ပြီး သူ့တောင်ဖက်က နှစ်ခြင်းအဖွဲ့ရဲ့နှစ်ထပ်တိုက်တို့ဆိုရင်လည်း အမိုးမရှိ၊ အထဲမှာအုတ်ကျိုး အုတ်ပဲ့တွေသာ ကျန်ပါတယ်။ ဗမာပြည်မှာ အင်မတန်ရှားရှားပါးပါး လှပတဲ့ လဖုံးကျောင်းက ဘုရားရှိခိုးကျောင်းကြီး ကတော့ ဗုံးဒဏ်ကလွတ်သွားပါတယ်။

            မန္တလေးသူမန္တလေးသားတွေအနေနဲ့ ပြည်တော်ဝင်ပြီးနောက် လုပ်စရာတွေအများကြီးရှိနေသေးတဲ့ ကာလတွေလို့ ဆိုရမယ်ထင်ပါတယ်။

            အဲဒီတုန်းကကျောင်းတက်နေတဲ့ ကျနော်တို့လိုကလေးတွေအဖို့ နွေရာသီကျောင်းပိတ်ရက်ကိုဖြတ်သန်းရတာဟာ ပျော်စရာလည်းကောင်း၊ ပျင်းစရာလည်းကောင်းလှပါတယ်။ စာမသင်ရလို့ပျော်စရာကောင်းပေမယ့် တိတိကျကျ၊ မယ်မယ်ရရလုပ်စရာ မရှိတဲ့အတွက် ပျင်းစရာကောင်းလှပါတယ်။ အဲဒီလိုအချိန်တွေမှာ ကျနော်ကျက်စားလေ့ရှိတာကတော့ ကျနော်တို့အိမ်ရဲ့ နောက်ကျောက အရှေ့ယပ်ဝင်းလို့ခေါ်တဲ့ဝင်းရဲ့ တခြမ်းကျော်ကိုယူထားတဲ့ ကျနော့်အဖိုးနဲ့အဖွားရဲ့ဝင်း၊ တိုင်းချစ်ကျောင်းဝင်းနဲ့ ကယ်လီကျောင်းဝင်းတို့ဖြစ်ပါတယ်။ ကျနော်တို့မှာက ဦးထင်-ဒေါ်စုရဲ့မြေးတွေကိုက ၁၄-၅ယောက် ရှိတာဆိုတော့ အဖော်ကတော့မရှားပါဘူး။

            ကျနော့်အဖွားက ဆေးရိုးထောင်းတဲ့လုပ်ငန်းလုပ်ပါတယ်။ ဆေးရိုးထောင်းတယ်ဆိုတာက အလွယ်ပြောရရင် ဆေးရိုးပင်အခြောက်တွေကို ရိုင်ကြီးတွေထဲမှာထည့်လှော်ပြီး မောင်းဆုံတွေနဲ့ထောင်းတာပါ။ ဟိုတုန်းကတော့နင်းတဲ့လူက နင်း၊ သိမ်းတဲ့လူကသိမ်းဖြစ်မှာပေါ့။ ကျနော်တို့သိမီတဲ့ခေတ်ကျတော့ မော်တာနဲ့ဖြစ်နေပါပြီ။ ဆေးပေါ့လိပ်ထဲမှာ ထည့်တဲ့ ဆေးရိုးတွေရဖို့ဖြစ်ပါတယ်။ အငွေ့တလူလူနဲ့ဆေးရိုးဖိုကြီးတွေ ရှစ်ဖိုလောက်ရှိပြီး မောင်းဆုံကလည်း အဲဒီအရေအတွက် လောက်ပဲရှိပါတယ်။ မော်တာနဲ့ထောင်းတယ်ဆိုပေမယ့် လူ့လက်ကလွတ်တာတော့မဟုတ်ပါဘူး။ မောင်းဆုံဘေးမှာ လူတယောက်ကထိုင်ပြီး အပြင်လျှံထွက်တဲ့ဆေးရိုးတွေကို ပြန်ထည့်ပေးနေရ၊ ပြီးသွားရင်ယူထုတ်ရ၊ ထောင်းစရာ အသစ်ပြန်ထည့်ရ လုပ်နေရတာပါ။ အဲဒီမှာအလုပ်လုပ်နေတဲ့လူတွေဟာ ခေါင်းပေါ်ကိုယ်ပေါ်မှာ ဆေးရိုးမှုန့်တွေနဲ့ချည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးရိုးလှောင်တဲ့ဂိုဒေါင်တွေနဲ့ ထောင်းထားတဲ့ ဆေးရိုးမှုန့်တွေကိုနေလှန်းရတဲ့ ကွက်လပ်ကြီး တခုလည်းရှိပါသေးတယ်။ အဲဒီကွက်လပ်ကြီးဟာ ကျနော်တို့ရဲ့အားကစားကွင်းလည်းဖြစ်ပါတယ်။

            ကျနော်ပြောချင်တာကတော့ အဲဒီတုန်းကမန္တလေးရဲ့အဲဒီလိုဝင်းတွေထဲမှာ သစ်ပင်တွေ၊ ငှက်တွေအမျိုးစုံရှိတတ် တယ်ဆိုတာပါ။ ကျနော့်အဖွားဝင်းထဲမှာ ခုနကပြောခဲ့သလို ဆေးရိုးပေါင်းတာ၊ လှန်းတာတွေလုပ်ရတော့ သစ်ပင်ကြီးကြီး မထားပါဘူး။ နည်းနည်းကြီးတာဆိုလို့ ကျနော့်အဒေါ် ဒေါ်ကြင်တို့အိမ်ဝိုင်းထဲက အုန်းနှဲပင်တပင်နဲ့ ကပ်စေးနှဲပင်တပင်ပဲ ရှိပါတယ်။ အဲဒါအပြင်ကျနော်တို့ပုံနှိပ်တိုက်ဝိုင်းထဲမှာ ဆီးပင်ခပ်ပျပ်ပျပ်တပင်ရှိပါတယ်။ ဒါပေမဲ့ အဲဒီဝိုင်းထဲမှာ ကျီးနဲ့ စာကလေးအပြင် ဗွတ်ကလေးတွေ၊ ပျံလွှားလေးတွေ၊ ငှက်ကျားလေးတွေနဲ့ ကျနော်မခေါ်တတ်တဲ့ ငှက်သုံးလေးမျိုး အမြဲလာကျက်စားလေ့ ရှိပါတယ်။ တခါတရံ ညမှာဇီးကွက်လာတတ်သလို လင်းနို့ဆိုတာကတော အမြဲလိုပျံဝဲနေတာပါ။ သစ်ပင်တိုင်းလိုလို အပေါ်မှာလည်း ရှဥ့်ရှိတာကိုမှတ်မိနေပါတယ်။ ကျနော်တို့တတွေက ကျောင်းပိတ်ရင် လောက်လေးခွ ကိုင်လေ့ရှိပါတယ်။ ဒါပေမဲ့ လူကြီးတွေမသိအောင်ကိုင်ရတာပါ။ ပြောလို့သာပြောတာ ကျနော်တို့လောက်လေးခွနဲ့ အသက်ထွက်ရတဲ့ သတ္တ၀ါရယ်လို့ ပုတ်သင်ညိုပဲရှိတယ်လို့မှတ်မိနေပါတယ်။ ပုတ်သင်ညို အသေရပြီဆိုလို့ကတော့ အဲဒီသေလေတဲ့ပုတ်သင်ညို နည်းနည်းကမှ မျက်နှာမငယ်ရပါဘူး။ သစ်သားနဲ့လုပ်ထားတဲ့ ကျောက်တံသေတ္တာလေးထဲမှာ ထည့်ပြီး ကျကျနနအသုဘချပေးပါတယ်။ ပုတ်သင်ညိုဆိုတာကပေါမှပေါပါ။ သစ်ပင်တွေ၊ ချုံပုတ်တွေပေါ်မှာသာမက အဆောက်အဦတွေရဲ့ထုပ်တွေ တန်းတွေပေါ်မှာလည်း နေရာတကာတွေ့ရတတ်ပါတယ်။ ကျနော်တို့သာ ဘတ်ခွ လက်တည့်ရင် တနေ့တပိဿာ လောက်တော့ အလွယ်လေးနေမှာပါ။

            အဲဒီလို ငှက်တွေနဲ့သတ္တ၀ါငယ်လေးတွေပေါသလို မြွေ၊ ကင်းလည်းမနည်းပါဘူး။ ကင်းလိပ်ရှောဆိုတာက နေရာ တကာက အချိန်မရွေးထွက်လာတတ်ပါတယ်။ မြွေဆိုးရယ်လို့တော့ တခါမှမတွေ့ဖူးပေမဲ့ မြွေစိမ်းမျိုးစုံတော့တွေ့ရတာ မကြာခဏပါပဲ။ ကင်းကတော့ ကင်းခြေများ၊ ကင်းမလက်မဲ၊ ကင်းမြီးကောက်၊ အစုံလို့ဆိုနိုင်ပါတယ်။ အဲ၊ မန္တလေးထုံးစံ အတိုင်း သီတင်းကျွတ်နားရောက်ရင်တော့ ပုရစ်တွေလဲတယ်ထွက်သပေါ့။ ပုရစ်ဆိုလို့ ပြောချင်တာ၊ ပြောစရာတွေ ဆက် ပေါ်လာပါတယ်။ ရေပုံးနဲ့၊ ရေလောင်းတဲ့ခွက်နဲ့၊ ပုရစ်ထည့်တဲ့ အိတ်၊ ဒါမှမဟုတ်ပုံးကိုဆွဲပြီး ပုရစ်တွင်းရှာကြ၊ တွေ့ပြီဆိုရင် ပုရစ်တွင်းထဲရေလောင်းပြီး ထွက်လာတဲ့အကောင်တွေကိုဖမ်းရတာ၊ တွင်းထဲကို သန်သန်မာမာ အဖိုတကောင်ကို ခေါင်းစိုက်ထည့်ပေးလိုက်ပြီး အထဲကအကောင်နဲ့ကိုက်ရင်း ပြန်ထွက်လာကြတော့မှ နှစ်ကောင်လုံးကိုဖမ်းရတာ၊ မန္တလေးက ကလေးတွေအတွက် အလွန်စိတ်ဝင်စားစရာကောင်းပြီး ပျော်စရာအတိပြီးတဲ့ ပုရစ်ဖမ်းပွဲတွေပါပဲ။

            ရေးရင်း၊ ရေးရင်း ကလောင်က သဝေထိုးသွားပြန်ပြီ။ အဖွားဝင်းကိုပြန်ပြောပါဦးမယ်။ ကျနော်တို့အဖွားက သူအရင် နေတဲ့တိုက်အိုကြီး ပတ်ပတ်လည်မှာ သလဲပင်တွေ၊ ဇွန်ရုံတွေအများကြီးစိုက်ထားပါတယ်။ စစ်ကိုင်းငလျင်ကြီးပြီးတဲ့ နောက်ကျမှ ဒီတိုက်ကြီးဟာစိတ်မချရဘူးဆိုပြီး ဖြိုချပစ်လိုက်ပါတယ်။ ဇွန်ပန်းပွင့်ချိန်ဆိုရင် ကျနော်တို့ မြေးအဖွားတွေ ညနေစောင်းမှာ ငွေဖလားကြီးတွေနဲ့ အဖူးတွေကိုသွားခူးကြရပါတယ်။ ကလေးလူကြီး ၇ယောက် ၈ယောက်ခူးတာ တနာရီ လောက်များကြာသလားမသိပါဘူး။ အဲဒီလောက်ကိုများတာပါ။ ပြီးမှ အဲဒီဇွန်ပန်းတွေကို ဘုရားတင်ဖို့ဖယ်သင့်တာဖယ်ပြီး ကျန်တာတွေကို ပန်းကုံးတွေသီကြတာပါပဲ။ နောက်နေ့ကျရင် အမေတို့ညီအမတတွေ ဖွန်ပန်းကုံးအတုတ်ကြီးတွေနဲ့ ၀င့်နေကြပါပြီ။

            ဒီဝင်းရဲ့နာမည်ကယပ်ဝင်းဆိုတော့ ယပ်တောင်လုပ်တဲ့ဝင်းဖြစ်တယ်ဆိုတာ ရှင်းနေပါတယ်။ ဒီဝင်းရဲ့အနောက်ဖက်၊ နဂါးတိုက်နောက်ကျောက၀င်းကိုတော့ အနောက်ယပ်ဝင်းလို့ခေါ်ကြပါတယ်။ ဒါပေမဲ့ ကျနော်လူမှန်းသိတဲ့အချိန်ကစပြီး အရှေ့ယပ်ဝင်းထဲမှာ ယပ်တောင်လုပ်သူရယ်လို့တဦးမှ မတွေ့ဖူးပါဘူး။ ကျနော့်အဖွားဝင်းထဲမှာတော့ ဘယ်နေရာမှာမဆို မြေကြီးကိုတူးလိုက်ရင် ကန့်ကူဆံတွေထွက်လာတတ်ပါတယ်။ တချိန်ကဒီနေရာမှာ ကန့်ကူဆံရောင်းတဲ့ဈေးလိုဟာ ရှိခဲ့လို့ ဖြစ်တယ်လို့တော့ လူကြီးတွေပြောတာကြားဖူးပါတယ်။ ကလေးဆို တုတ်ချောင်းကလေးနဲ့လောက် တူးနိုင်တာပါ။ အဲဒီ လိုတူးလိုက်ရင် တလက်မလောက်အနက်မှာပဲ ဟော-ကန့်ကူဆံတချောင်း၊ ဒါမှမဟုတ်တကျိုး-တပိုင်း။ များသောအားဖြင့် ကတော့ အပိုင်းအစလေးတွေပါ။ တခါတလေမှ လက်တညိုးလောက်ကိုတွေ့ရပါတယ်။ ဒါပေမဲ့ တူးလိုက်တိုင်းတွေ့နေရ တာကတော့ အမှန်ပါပဲ။ ကျနော်တို့အဖို့တော့ တွေ့ရဖန်များလွန်းလို့ အဆန်းတောင်မဟုတ်တော့လို့ နောင်မှာ တူးတောင် မတူးကြတော့ပါဘူး။ တူးရင်ရဦးမလား၊ မရတော့ဘူးလားလည်း မသိတော့ပါဘူး။ အဲဒီတုန်းကအိမ်မှာ ဖန်ခုန်တမ်း၊ ထွေပစ်တမ်း စတာတွေကစားရင် သမံတလင်းပေါ်မှာ အဲဒီကန့်ကူဆံတွေနဲ့ပဲ လိုင်းဆွဲပါတယ်။ မြေဖြူကိုလုံးဝမသုံး သလောက်ပါပဲ။

            ကျနော်အိမ်ကထွက်လာတဲ့အထိ ဒီဝိုင်းကြီးဟာ အဖွားမရှိတော့တာကလွဲရင် ဘာမှမပြောင်းလဲသလောက်ပဲဖြစ် ပါတယ်။ ဦးကျားကြီးမီးလောင်တဲ့အခါမှာ ဒီဝင်းပါပါသွားတယ်ကြားတော့ သိပ်စိတ်ထိခိုက်ရပါတယ်။ တဆက်ထဲမှာ သြော်- မန္တလေးမြို့ကြီးခမျာ ပုံမှန်အဆင့်ဆင့်မပြောင်းလဲရပဲ သဘာဝဘေးတွေ၊ လူ့ဘေးတွေနဲ့ လိုက်ပြီးပြောင်းလဲနေရပါလား လို့လည်း တွေးနေမိပါတယ်။

 

ဖိုးသံ(လူထု)