Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 ဇာဂနာ

 

မျက်စေ့နှစ်လုံးဖွင့်လိုက်သည်နှင့် ပတ်ဝန်းကျင်အသစ်က ကြိုဆိုနှုတ်ခွန်းဆက်နေသည်။ အုတ်နံရံတွေ သံတိုင်တွေ ကြွေအင်တုံတွေ....။ကိုယ့်အိမ် ကိုယ့်ယာ မဟုတ်ပါလား ဟူသော အတွေးက ကပ်ပါလာလေသည်။ အခုလောက်ဆို အိမ်ကလူတွေတော့ သိကုန်လောက်ပြီ။ မိမိနှင့် သက်ဆိုင်ရာ ပါတ်ဝန်းကျင် လည်း အတော်ဂယက်ရိုက်လောက်ပြီ။ မိမိတို့အားဖမ်းဆီးစဉ်မနက်က အရိုင်းနှင့် ရွှေရောင်သည် အတူတကွ ရှိနေကြ၏။ အဖမ်းခံရကာနီးမှ သူတို့နှစ်ဦးအား ကွမ်းယာ ၀ယ်ခိုင်းလိုက်မိသဖြင့် ခုလောက်ဆို ထွက်ပဲပြေးပလား တောပဲခိုလေပလား။ သင်းတို့ နှစ်ယောက်က စိုးရိမ်စရာ ကောင်း၏။ အရိုင်းက တစ်ယောက်ထဲ ဘာအလုပ်မှ လုပ်တတ်သူမဟုတ်။ ဘာကိုမှ တိတိကျကျ ဆုံးဖြတ်ဆောင်ရွက်တတ်သူမဟုတ်။ အနားမှာ ထိန်းပေးသူ မရှိလျှင် သွေးဆောင်ရာ နောက် ကောက်ကောက် ပါတတ်သူဖြစ်၏။ ရွှေရောင်က ကိုသာဆိုး။ အလုပ်တော့လုပ်သည်။ ဖင်ပေါ့သည်။ သို့တစေ ခေါင်းအေးအေးနှင့် ရင်မဆိုင်တတ်။ ၀ူးဝါးဝူးဝါး နှင့် ထင်ရာ လျှောက်လုပ်တတ်သည်။ အာဏာသိမ်းပြီးပြီးချင်း မန္တလေးကို တက်၍ လက်နက်အဆက်အသွယ်သွားရှာသည်။ ပြီးတော့ တွံတေးမှာ စစ်သင်တန်းပေးဖို့ အစီအစဉ်အတွက် သူပဲ လူလိုက်စုနေရ၏။ သူနှင့်အတူ ပူးတွဲလုပ်ရန် ကိုဇော်ဝိတ်ကို တွဲပေးထားရသည်။ ကိုဇော်ဝိတ်က ခေါင်းအေးသည် စေ့စေ့စပ်စပ်ရှိ၏။ ခုသူတို့လက်ထဲမှာ လက်ပစ်ဗုံး လေးလုံးရှိနေသည်။ ဒါသည်ပင် စိုးရိမ်မကင်းဖြစ်စရာ။

 

"ဟေ့ ကိုရင် နိုးပလား ရေချိုးလိုက်ပါလား"

          ဦးအောင်မြင့်မြတ်က အခန်းထောင့်မှာ ဆောင့်ကြောင့်လေးထိုင်နေရာမှ လှမ်းပြောသည်။ သူ့ကြည့်တော့ သန့်နေသည်။ ရေချိုးပြီးစ မျက်နှာနှင့် ဖြစ်၏။ နှစ်ရက်လုံးလုံး ရေနှင့် မထိတွေ့ခဲ့ရသဖြင့် တကိုယ်လုံးစေးထန်းထန်းဖြစ်နေသည်။

        "ချိုးချင်တာပေါ့ ဦးရဲ့ ... ဘယ်နားသွားချိုးရမလဲ"

          "ကိုတင်အောင် ပြန်လာရင် သွားလိုက်ပေါ့"

ပြောပြောဆိုဆို မနေ့က ရေအလှုရှင် ကိုပြုံးချိုနှင့် ကိုတင်အောင် ဆိုသူတို့ ပြန်ရောက်လာကြလေသည်။ ကျွန်တော်လည်း ရေချိုးလိုကြောင်း ပြောပြီး ကိုပြုံးချို နောက် လိုက်ခဲ့ရတော့၏။ ကျွန်တော်တို့ အချုပ်ခန်းနှင့် ခြေလှမ်း နှစ်ဆယ်ခန့် အကွာတွင် အုတ်ရေကန်ကြီး တစ်ခုကို ဘွားကနဲ တွေ့လိုက်ရသည်။ ကိုပြုံးချိုကမ်းပေးလာသော ရေလဲ ပုဆိုးကို ၀တ်ကာ တဗွမ်းဗွမ်းနေအောင် လေးငါးခြောက်ခွက်ခန့် ခေါင်းမှ လောင်းချ ပစ်လိုက်တော့၏။ အနည်းငယ် အေးချမ်းသွားသလိုရှိတော့မှ ဆပ်ပြာတိုက်ရင်း ပတ်ဝန်းကျင်လေ့လာရေး လုပ်ရလေသည်။

                ကျွန်တော်တို့ အချုပ်ခန်းမှာ တောင်နှင့်မြောက် တန်းနေသော အချုပ်ခန်း ဖြစ်၏။ သည်ရေအုတ်ကန်မှာ အချုပ်ခန်းနှင့် ဗဟို ကင်းတဲအကြားတွင် ရှိနေသည်။ ကျွန်တော်တို့ သည်ကို ရောက်သည့်နေ့က သည်ကင်းတဲရှေ့မှာ ကားရပ်ပြီး သည်ကင်းတဲကို ဖြတ်ကာ အချုပ်ခန်းသို့ ခေါ်သွားတာပင် ဖြစ်ရပေမည်။ မည်သည့် သံဆူးကြိုး မည်သည့်ရေအိုင် မည်သည့်သစ်သားတန်း ဘာမှမရှိဘဲ ခေါင်းငုံ့ခိုင်း ကျော်ခိုင်းလုပ်လာသည့်နေရာပင်ဖြစ်သည်။ သူတို့လှည့်ကွက်ကို ရိပ်မိသွားသော ကျွန်တော်အား အတင်းဆွဲကာ ၀င်တိုက်ခိုင်းသည့် သစ်ပင်မှာ ကုက္ကိုပင်ကြီးပင် ဖြစ်ပေလိမ့်မည်။

        အချုပ်ခန်း၏ တောင်ဘက်စူးစူး ကုန်းမြင့်ထက်မှာ L ပုံသဏ္ဍာန် အဆောက်အဦးတခုရှိသည်။ ကျွန်တော်တို့အား စစ်ဆေးမေးမြန်းသည့် ရုံးခန်း များပင် ဖြစ်ပေမည်။ အချုပ်ခန်း၏ မြောက်ဘက်မှာတော့ ရေအိုင်ကြီး တစ်ခု နောက် ဟိုဘက်မှာက တန်းလျားတွေ ။ဒါသည်ပင် ကျွန်တော်မြင်ခွင့်ရသည့် နယ်နိမိတ်အကုန်ဖြစ်တော့၏။ ကိုယ့်အခန်းထဲ ကိုယ်ပြန်ရောက်တော့ ပြင်ပပတ်ဝန်းကျင် လေ့လာရေး၏ အဆက် အတွင်း ပတ်ဝန်းကျင် လေ့လာရေးကို ပြုလုပ်ရပြန်သည်။ တောင်မြောက် တန်းနေ သော အချုပ်တန်းလျားကို အရှေ့ခြမ်း အနောက်ခြမ်း နှစ်ခြမ်း ခွဲထားသည်။ အရှေ့ခြမ်းမှ အခန်းတစ်နှစ်သုံး သုံးခန်း။ အနောက်ခြမ်းမှာ အခန်းလေးငါးခြောက် သုံးခန်း ။ ပေါင်း၆ ခန်း ဖြစ်၏။ အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို သုံးပေကျယ် သော လမ်းဖြင့် ပိုင်းခြားထားသည်။

                 သည်နောက်မှာတော့ အခန်းတခန်းချင်းစီရှိ လူများကို လှမ်း၍ စပ်စုရလေသည်။ ကျွန်တော်တို့ကို ဖမ်းသည့်နေ့ ညသန်းခေါင်လောက်မှာလည်း လူသစ်များက ထပ်မံရောက်လာသေးသည် မဟုတ်လား။ ကိုယ့်အသံလူကြားမည်လည်း စိုးသဖြင့် လူရိပ်လူခြည် အကဲခတ်ပြီးမှ အသံခပ်အုပ်အုပ်ဖြင့် "မိုးကြီး" ဟု လှမ်းခေါ်ကြည့်လိုက်သည်။ "ဗျို့" ဟု ပြန်ထူးသံကြားရတော့ တစ်ခါဖြင့် နေရာကျပြီဟု အောက်မေ့ကာ တခန်းပြီးတခန်း လျှောက်ခေါ်ရင်း ကိုယ်တိုင်ပြော အထုပ္ပတ္တိများကို ကြားနာရလေတော့သည်။

       တစ်ခန်းနှင့် တစ်ခန်း ဤသို့ အပြန်အလှန် ပြောနေကြစဉ်မှာပင် ကျွန်တော်ပထမ နေခဲ့သော ခြစားနေသည့်အခန်းတွင်းသို့ အသက်ခြောက်ဆယ်ခန့် ရှိ ဦးကြီး တဦးအား ခေါ်လာသည်ကို တွေ့ရလေသည်။ ထို့ကြောင့် ကျွန်တော်တို့၏ စကားဝိုင်းကို ခေတ္တရပ်နားလိုက်ရပြီး လိုက်လံပို့ဆောင် သူများ ပြန်လည်ထွက်ခွာ သွားသည့်အခါကျမှပင် ကျွန်တော်၏ သမိုင်းပေးတာဝန်အရ ထိုဦးကြီးကိုပါ လှမ်း၍ စပ်စုလိုက်ရတော့သည်။ ဤသို့ဖြင့် အခန်းတိုင်းမှ လူပုဂ္ဂုလ်အသီးသီး၏ နောက်ခံသမိုင်းများကို သိခွင့်ရလာတော့၏။

            အခန်းအမှတ်တစ်မှာက စပယ်ဦး ပုံနှိပ်တိုက် ပိုင်ရှင် ဦးတင်စိုးနှင့် မှော်ဘီမြို့ နယ်မှ ဦးဗိုလ်မြ တို့ဖြစ်သည်။ ဦးတင်စိုးကတော့ အားပေးကူညီမှုဖြင့် ကျွန်တော်တို့နှင့် အဖမ်းခံခဲ့ရသူပင်။ ကိုဗိုလ်မြကတော့ ယခင် စ.လ.ရ (၁၆) မှ တပ်သားဟောင်း တစ်ဦး ဖြစ်၏။ အရေးအခင်းကာလက မှော်ဘီမြို့ ရဲဘော်ဟောင်းများအဖွဲ့၏ စည်းရုံးရေးမှူး လည်းဖြစ်၏။ ၁၊ ၁၁၊ ၈၈ ည ၉ နာရီ ခန့်က အဖမ်းခံရသူ ဖြစ်၏။ 

            အခန်းအမှတ် နှစ်မှာက ကိုဌေး ကိုအမိန့်နှင့် ဗိုလ်ကြီး အောင်ဝင်းတို့ ဖြစ်သည်။ ယင်း အခန်းသည် ကျွန်တော် ထိုးကြိတ် အရိုက်အနှက် ခံခဲ့ရသည့်အခန်းဖြစ်၏။ ကိုဌေး ကတော့ ကျွန်တော်နှင့် အတူတူ ၂၊ ၈၈ ကိုချိုးဖောက်သဖြင့် အဖမ်းခံခဲ့ရသူပင်။ ကိုအမိန့် အဖြစ်ကတော့ ရယ်စရာ ကောင်းလှ၏။ တိုင်ကီဖူးစာ ဟု ပင် ဆိုရချိမ့်မည်။အဘယ်ကြောင့် ဆိုသော် သည်တိုင်ကီကြောင့် သူ အဖမ်းခံခဲ့ရသည်မှာ နှစ်ကြိမ်တိုင်တိုင်။ ပထမအကြိမ်က မြို့တော်သန့်ရှင်းရေး အစီအစဉ်ဖြင့် လမ်းကြားထဲတွင် အမှိုက်ပစ်သော တိုင်ကီထားမှုဖြင့် ထောင်ဒဏ် တစ်လ ကျခံခဲ့ရသည်။ ယခုတစ်ခါ သူ၏ တိုင်ကီထဲတွင် အဘယ်သူ တစ်ဦးက လက်ဆော့ပြီး သမဂ္ဂစာစောင်များ လာထဲ့သွားသည်မသိ။ သူ အဖမ်းခံလာရပြန်ပြီ။ ထို့ကြောင့်ပင် ကိုအမိန့်က သည်တခါ ပြန်လွတ်ရင်တော့ သည်တိုင်ကီကို မီးရှီု့ပစ်မည်ဟု ကြိမ်းဝါးနေလေသည်။ ကျွန်တော်ကလည်း အားပေးလိုက် ရ၏။မီးရှို့မှုဖြင့် နောက်တစ်ခါ ထပ်ဖမ်းခံရလိမ့်ဦးမည် ဟူ၍ပင်။

               ဗိုလ်ကြီးအောင်ဝင်းကတော့ ပျားမွေးမြူရေးမှ ပဲခူးတိုင်း တိုင်းမှုးဖြစ်သည်။ အရေးအခင်းကာလ က မှော်ဘီမြို့ နယ် လုံခြုံရေး အဖွဲ့၏ အဖွဲ့ဝင် တစ်ဦးဖြစ်၏။ သူ့ကိုလည်း ၂။ ၁၀။၈၈ ည၈ နာရီခန့် ဖမ်းဆီး ခေါ်ဆောင်လာခြင်းပင် ဖြစ်သည်။

           အခန်းအမှတ် ၃ မှာကတော့ ကျွန်တော်ရယ် ဦးအောင်မြင့်မြတ်ရယ် လွိုင်ကော်မှာ ကိုတင်အောင် ရယ် ဖြစ်သည်။ ကျွန်တော်နှင့် ဦးအောင်မြင့်မြတ်ကတော့ အထွေ အထူး ပြောစရာ လိုမည် မထင်ပါ။ ကိုတင်အောင် အဖြစ်ကတော့ ရင်နာစရာပင်။ ထိုပုဂ္ဂိုလ်သည် အရေးအခင်းကာလက ဘာမှ လုပ်ခဲ့သူမဟုတ်။ ဒီမိုကရေစီဆိုတာလည်း စိတ်မ၀င်စား။ သူစိတ်ဝင်စားသည်က မော်တော်ကားပင်ဖြစ်သည်။ လွိုင်ကော် ရန်ကုန်ပြေးဆွဲနေသော သူ့ကားမှ တပါး ဘာမှ အာရုံထားသူမဟုတ်။ သို့သော် ကားဆရာတို့ ထုံးစံအတိုင်း လူကြုံပါးလိုက်သော စာကို ယူခဲ့မိရာမှ အဖမ်းခံရခြင်း ပင်။ ယင်းစာက ရန်ကုန် ကျောင်းသား သမဂ္ဂမှ လွိုင်ကော် ကျောင်းသား သမဂ္ဂသို့ အကြောင်းကြားစာ ဖြစ်၏။ "လက်နက်ကိုင် တော်လှန်ရေး လုပ်ရန် " ညွန်ကြားစာ ဖြစ်သည်။ သည်စာ သူ့လက်ထဲမှာ မိတော့ သူ့ခမျာ မသင်္ကာမှုနှင့် ဖမ်းခံခဲ့ရခြင်းပင်။

            အခန်းအမှတ် ၄ မှာကတော့ ဦးကြီး ဦးမြတ်ကျော်ထွန်းပင်ဖြစ်သည်။ ကျွန်တော်မူလ နေခဲ့သော ခြစားနေသည့်အခန်းမှာ ဦးကြီး၏ အဖြစ်ကလည်း ရယ်စရာ။ ၃၊၁၀၊၈၈ ည ဂ၊၀၀ နာရီခန့်က ဦးကြီးနေထိုင်ရာ ၃၃လမ်း တစ်လမ်းလုံးကို မီးဖျက် ချပြီးနောက် ဦးကြီး၏သားကို ၀င်၍ ဖမ်းလေသည်။ ဦးကြီး၏ သားမှာလည်း အရေးအခင်းကာလက ရဲရဲတောက်ပါဝင် ခဲ့သူတဦးဖြစ်၏။ သို့သော် ထိုသို့ ၀င်မဖမ်းခင်မှာလည်း ဦးကြီး၏ သားမှာ ရှောင်သွားပြီး ဖြစ်လေရာ ငါးမရ ရေချိုးပြန်သဘောဖြင့် သားမရ အဖေ့ကို ဖမ်းခဲ့ခြင်းပင်တည်း။

              အခန်းအမှတ်၅ ကတော့ လူမရှိ။ နောင်မှ သိရသည်မှာ သည်အခန်းမှာ ယခင်က အချုပ်သား တစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေမှု့တခု ဖြစ်ခဲ့ဘူးသည်။ ထို့ကြောင့် ယခု လူမထားတော့ချေ။ အခန်း ၆ မှာကတော့ မိုးကြိး ကိုညီဝင်းစိန်နှင့် မှော်ဘီမှ ဦးစိုးတို့ ဖြစ်လေသည်။ မိုးကြီး နှင့် ကိုညီဝင်းစိန်တို့ကတော့ ကျွန်တော်နှင့် အမှုတွဲ တစ်တွဲ တည်းပင်။ ဦးစိုးကတော့ မှော်ဘီမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဖြစ်သည်။

                         အရေးအခင်းကာလက မှော်ဘီ မြို့နယ် လုံခြုံရေးအဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သည်။ သူ့ကို ၂၊၁၀၊၈၈ ည ၈:၀၀ နာရီခန့်မှာ ဖမ်းဆီးလာခဲ့ခြင်း ဖြစ်လေသည်။

"ချေးကျရာ ပျော်တဲ့အကောင်တွေ"

             ဦးတင်စိုး၏ မှတ်ချက် ဖြစ်သည်။ သီချင်းကလေးဆိုလိုက် စကားလေးပြောလိုက် ကျးကစားလိုက်လုပ်နေသော ကျွန်တော်၏ ကိုဋ္ဌေး သညာပြုလိုက်ခြင်း ပင်။ ကျွန်တော်တို့ နှစ်ဦးမှာ ယမန်နေ့ည (၄၊၁၀၊၈၈) က စ၍ အခန်း(၄) သို့ ပြောင်းရွှေ့ လာရပြီး ဦးကြီး ဦးမြတ်ကျော်ထွန်း နှင့် အတူနေနေရလေသည်။ ဦးတင်စိုးက အခန်း (၂) သို့လည်းကောင်း ကိုဗိုလ်မြ အခန်း ၃ သို့လည်းကောင်း ပြောင်းလာကြလေပြီ။ အခန်းတစ် ကို အလွတ်ထားထား၏။ အဘယ်ကြောင့် ဆိုသော် မနေ့ညက ရုပ်ရှင် သရုပ်ဆောင်ကိုအံ့ကျော် ကို ဖမ်းဆီးလာပြီဖြစ်သောကြောင့် ပင်။

 

 ပတ်ဝန်းကျင် နှင့် လိုက်လျှောညီ ထွေ ဖြစ်စေရမည် ဟူသော စကားနှင့် အညီ ကျွန်တော်တို့ နှစ်ဦးမှာ တပ်မှ ရဲဘော်များနှင့် အတော်လေပေးဖြောင့်နေပြီ ဖြစ်သည်။ သူတို့ယူလာသော မုန့်တွေစားလိုက် လ္ဘက်ရည်သောက်လိုက် ဆေးလိပ်ဖွာလိုက်ဖြင့် ရုပ်ရှင်အတွေ့အကြုံ တွေ ဇာတ်ခုံ အတွေ့အကြုံတွေ ဖောက်သည်ချရင်း အဖွဲ့ကျနေတော့သည်။ သူတို့ကလည်း ဒီကို ရောက်ခါစက ဖြစ်ပျက်ခဲ့သည့် ထိုးကြိတ်ရိုက်နှက်မှု့များနှင့် ပါတ်သက်၍ ဒေါသအလျှောက် လုပ်ကိုင်မိခြင်းဖြစ်ကြောင်း ယ္ခုလို ခင်မင်သွားပြန်တော့လည်း အားနာမိကြောင်းပြောပြီး သူတို့အားလုံး၏ လက်သုံးစကားဖြစ်သည့် "မေ့ပစ်လိုက်ပါဗျာ" ဟူ၍သာ ထပ်တလဲလဲ ပြောနေကြတော့သည်။ အင်းပေါ့လေ... ကိုယ်က ခံထားရတဲ့သူ ဆိုတော့ မေ့ရပေမပေါ့။

                သည်ကနေ့ ၅၊၁၀၊ ၈၈ ကတော့ အမှန်ကို ထူးခြားသည့် နေ့ပင်ဖြစ်ပေတော့ သည်။ နောင် ကျွန်တော်တို့၏ အကျဉ်းသားဘ၀တလျှောက် "၀က်နိမိတ်"ဟု အမည်တွင်တော့မည့် အစနိဒါန်း ပင်ဖြစ်လေတော့၏။

                နံနက်စာ စားအပြီးတွင် တာဝန်ကျ တပ်ကြပ်က ၀က်သားစားသူ မစားသူ စာရင်းလာကောက်လေသည်။ ညနေကျလျှင် ၀က်သားဟင်းနှင့် ကျွေးမည် ဆို၏။ သို့ဖြင့် ကျွန်တော်တို့ လူစုမှာ ပထမဆုံး စားရမည့် အသားဟင်း ကို မျှော်လင့်စောင့်စားနေကြတော့သည်။ သို့သော် ကိုရွှေဝက်သား မလာမီမှာ ညနေ ၄:၀၀ နာရီခန့်တွင် လက်ထိပ်နှင့် ခေါင်းစွပ်သာ ရောက်လာတော့၏။  ကျွန်တော်နှင့် ကိုဋ္ဌေးက တစ်တွဲ မိုးကြီး နှင့် ဦးတင်စိုးက တစ်တွဲ အီးနှစ်ထောင် ကားကြီးပေါ်သို့ တက်ကာ မရမ်းကုန်း ရဲစခန်းသို့ လိုက်ပါရလေတော့သည်။

                   ရဲစခန်းအတွင်းဘက် အခန်းကျဉ်းတခု အတွင်းသို့ ရောက်မှ ခေါင်းစွပ်ကို ချွတ်ပေးလိုက်လေရာ ကျွန်တော်တို့ ရှေ့ စားပွဲနောက် မှာ ဖြင့် တရားသူကြီး တစ်ဦး အမှုလိုက် ရဲအုပ်တစ်ဦးတို့ကို အကြော့သား တွေ့လိုက်ရတော့၏။ ဒီမိုကရေစီ  အရေးတော်ပုံ အပြီးတွင် ပထမဆုံး အကျိုးထူး ခံစားရသူမှာ တရားရေးဝန်ထမ်းများပင်ဖြစ်သည်။ တချီတည်း ခုန်ကျော် ရာထူးတိုးကာ တရားသူကြီးများ ဖြစ်သွားကြလေသည်။ ထို့ကြောင့်ပင် ထင်၏။ မျက်နှာမှာ တရားသူကြီးပါး မ၀သေး။ ဇွတ်အတင်း ခပ်တည်တည် လုပ်နေပုံပေါ်နေသည်။

                 "ခင်ဗျားက ကိုမိုးဝင်း ခင်ဗျားက ကိုတင်စိုး ကိုဇင်ဝိုင်း ကိုဇာဂနာ ဟုတ်တယ်နော် " ခေါင်းငြိမ့်ပြလိုက်၏။

                 "ခင်ဗျားတို့ကို ကျောက်တံတား ရဲစခန်းကနေ အရေးပေါ်စီမံမှု ၅ ည နဲ့ စွဲတင်တဲ့အမှုပဲ အဲ့ဒါ အကျဉ်းနည်းနဲ့ စစ်ဆေးဖို့ ၅၊၁၀၊၈၈ ကနေ ၁၈ ၊ ၁၀ ၊ ၈၈ ထိ ၁၄ ရက် ခွင့်ပြုတယ် ဘာမရှင်းတာရှိလဲ" သြော် ဒီထက်ရှင်းတာတောင် ဒီလောက် မရှင်းနိုင်။ မေးစရာ မရှိပါဟုသာ ဖြေရပေလိမ့်မည်။ အကယ်၍သာ "ကျွန်တော်တို့ကို ငါးည ဆိုပြီး ဘာလို့ ၁၄ ရက်တောင် ဖမ်းရတာလဲ၊ ဟူ၍ သာ မေးလိုက်ခဲ့လျှင် ထို ပူပူနွေးနွေး တရားသူကြီး၏ မျက်နှာသည် ဘယ်သို့ဘယ်ပုံ ရှိသွားလေမည်နည်းဟု တွေးမိနေသည်။ထိုနေ့က ထောက်လှမ်းရေး(၆) သို့ပြန်ရောက်သည့်အခါမှာတော့ ဦးကြီး ဦးမြတ်ကျော်ထွန်းရယ် ကို ညီဝင်းစိန်ရယ် ကိုအမိန်ရယ် ဦးအောင်မြင့်မြတ်တို့ ၄ ဦးသည် လွတ်မြောက်သွားကြပေတော့သည်။

              ဦးအောင်မြင့်မြတ်တို့ လွတ်သွားပြီးမှ ကျွန်တော်တို့အချုပ်ခန်းသည် ပို၍ပင် လွတ်လပ်လာတော့၏။ တနယ်တကျေးမှ ပြန်လာသော ဆွေမျိုးရင်းချာတဦး ကို လာရောက် နှုတ်ဆက်နေကြသည့်နှယ် ကျွန်တော်တို့ အခန်းသည် စည်ကားလျှက်။နံနက်စာ စားအပြီးတွင် ရောက်လာလေ့ရှိသော တပ်မ ၂၂ မှ ရဲဘော်များ ထောက်လှမ်းရေး တပ်မှ ရဲဘော်များ နှင့် တောအကြောင်း တောင်အကြောင်း ရုပ်ရှင်အကြောင်း အငြိမ့်အကြောင်း ပြောလိုက် သူတို့ယူလာတာတွေ စားလိုက်ဖြင့် အဆင့်ကို ပြေနေတော့သည်။

            ထို့ပြင် ညနေဆိုလျှင် ငှက်ပျောသီးလေး နှစ်လုံးကိုင်၍ ရောက်လာတတ်သော တပ်ကြပ်ကြီးစိန်ရ အချိန်မှန် မြင်းဖြူစီးပြီး ပြန်လာသော တပ်ကြပ်ကြီး ပိန်ရှည် ဇင်မာဦး အကြောင်း တဖွဖွ မေးလေ့ရှိသော တပ်ကြပ်ကြီး ၀တုတ် တို့နှင့် ထွေရာလေးပါး ပြောဆိုရင်း ဖြင့် အချိန်တွေကုန်မှန်းမသိ ကုန်ခဲ့ရလေတော့သည်။

           ဤသို့လျှင် ပျော်လို့မဆုံး ပြုံးလို့ မ၀သေးမီ ကာလအတွင်းပင် ၈၊၁၀ ၊၈၈ ည ၆၊၀၀ ခန့်မှာတော့ ကျွန်တော်တို့ လူသိုက်အားလုံးကို အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ပေးလိုက်ပါတော့သတည်း။

 

 ဇာဂနာ