Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

 ဇာဂနာ

 

"ခင်ဗျား နာမည်"

"ဇာဂနာ"

"မောင်သူရ"

"ဟင့်အင့်"

"သူငယ်ချင်းတွေ မိတ်ဆွေ တွေက ခေါ်တဲ့ နာမည်ကော မရှိဘူးလား"

"ဒါတွေကတော့ အများကြီးပေါ့"

"ပြောပြပါဦး"

"လန်ခြားကုလား ကုလားအဖိုးကြီး ဦးပုည ဇာတ်ဆရာ မောင်ရစ် ကတင်းပုံး ရှောင်ကွန်နရီ အဖေကြီး ဇာတ်ဆရာ ကိုကို..." 

"တော်ပြီ တော်ပြီ..."

 

"ကျွန်တော် မပြောဘူးလား အများကြီးပါဆို"

"ကုလား အဖိုးကြီးလို့ပဲ မှတ်ထားလိုက်မယ်နော်"

 "သဘောလေ"

"မိဘအမည်"

"ဦးအောင်သိန်း ဒေါ်လှကြည်"

"မွေးသက္ကရာဇ်"

"၂၇.၁.၁၉၆၁"

"ပညာအရည်အချင်း"

"B.D.S (Rgn)"

"မြန်မာ လိုဆိုရင်ကော"

"ဘကုံး ရေးလုံးကြီး တင်ဆံခတ် ဘီ ဒဒွေးရေး"

"မဟုတ်ဘူးလေ မြန်မာလို အဓိပ္ပါယ် ပြောတာ"

"အော် ...ဒါလား... သွားဘက်ဆိုင်ရာ ဆရာဝန်ဘွဲ့ ခေါ်တယ် ဗျ"

             မဂ္ဂဇင်း စာစောင်များနှင့် အင်တာဗျုးနေခြင်း မဟုတ်ပါ။

             အမှတ် ( ၆) တပ်မတော် ထောက်လှမ်းရေး တပ်တွင် ကျွန်တော့်အား စတင် စစ် ဆေးနေခြင်း ဖြစ်ပါသည်။ အချုပ်ခန်း ကျဉ်းလေးထဲ တွင် အထုအထောင်းခံပြီး နာရီဝက်အကြာတွင် ဤ အခန်းသို့ ရောက်ရှိလာခြင်းဖြစ်၏။ နောက်ပြန်ခတ်ထားသော လက်ထိပ် နှင့် ခေါင်းစွပ်တို့ကတော့ အရိုက်အရာ ဆက်ခံနေဆဲပင်။

"ကျွန်တော်တို့က ခင်ဗျားကို လူကြီး လူကောင်းတစ်ယောက်လို သဘောထား ပါတယ် အဲ့သည်လိုပဲ စစ်ဆေးမေးမြန်းချင်တယ် ခင်ဗျားကလဲ ကျွန်တော်တို့ကို ကူညီတဲ့အနေနဲ့ မချွင်းမချန် ပြောစေချင်တယ် ဒီလိုမှ မဟုတ်ရင်တော့ ကျွန်တော်တို့ဆီမှာ ပြောလို့ရအောင် စစ်တဲ့နည်းတွေ ရှိပါတယ် ကျွန်တော်တို့ကတော့ မလုပ်ပါဘူး ဒီပြင်အဖွဲ့တွေက လာလုပ်ကြလိမ့်မယ် ဒီတော့ဗျာ အဲ့သလိုမျိုး အဖြစ်မခံစေချင်ဘူး"

ပျားရည်သုတ်ထားသော လှံသွားသည် ချိုမြစူးမြလှပါဘိ။

သည်နောက်မှာတော့ လက်ထိပ်နှင့် ခေါင်းစွပ်များကို ဖြုတ်ပေးပြီး ကျွန်တော်၏ ကိုယ်ရေးရာဇ၀င်အကျဉ်းကို စတင်မေးမြန်းပါတော့သည်။ ဘယ်ကျောင်းတက်လဲ  ဘယ်တုန်းကဘွဲ့ရလဲ အနုပညာနယ်ထဲ ဘယ်လိုရောက်လာလဲ ရိုက်ခဲ့ဘူးတဲ့ ရုပ်ရှင်ကား တွေ ဘယ်နှစ်ကားလဲ စသည်ပေါ့။

ဤသို့လျှင် အပြန်အလှန် မေးမြန်းနေဆဲမှာ ပင် ကင်မရာ လွယ်ထားသော ယူနီဖောင်းဝတ်တစ်ဦးနှင့် အခြားနှစ်ဦး ပေါင်းသုံးဦးသည် အခန်းတွင်းသို့ ၀င်ရောက်လာလေသည်။ဧကန္တ ကျွန်တော်တို့ အင်တာဗျုးနေပုံကို မှတ်တမ်းတင်လို၍ထင့်။ သို့ငြားလည်း ကျွန်တော်၏ အထင်မှာ မှားသွားရှာလေသည်။ ကျွန်တော်အား နံရံနှင့် ကျောကို ကပ်စေပြီး ဘုတ်ပြားတခုတွင် "သူရ (ခ) ဇာဂနာ (ဘ) ဦးအောင်သိန်း" ဟု ရေး၍ ကျွန်တော်ရှေ့တွင် ထောင်ကာ မှတ်ပုံတင် ဓါတ်ပုံရိုက်သကဲ့သို့ ရှေ့တဲ့တဲ့မှ တစ်ဖုံ ဘယ်ဘက် ဘေးမှ တစ်ပုံ ညာဘက်ဘေးမှ တစ်ပုံ သုံးမျိုးသုံးပုံ ရိုက်ကူးခြင်းပင် ဖြစ်၏။

         ဓါတ်ပုံရိုက်သည့်ကိစ္စ ပြီးသည့်အခါမှာတော့ စစ်ဆေးမေးမြန်းပွဲ ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပပါတော့သည်။ကျွန်တော့် အနေဖြင့် ဤအရေးအခင်းတွင် စတင်ပါဝင်လာပုံအကြောင်း တစေ့တစောင်းပင်တည့်။ ဖော့တန်တာဖော့ ပြင်းတန်တာပြင်း ဘယ်ပြပြီး ညာဝိုက်လိုဝိုက်ဖြစ် မေးလိုက်ဖြေလိုက် လုပ်ရသည်မှာ ညနေ ၆နာရီ ခွဲ ကျော်ကျော်သို့ပင် ဆိုက်ရောက်လာလေပြီ။ ကျွန်တော့်အား မေးမြန်းနေကြသည့် စစ်ထောက်လှမ်းရေးအရာရှိ နှင့် ရဲထောက်လှမ်းရေး အရာရှိတို့မှာလည်း မထတမ်း ၆ နာရီကျော် ထိုင်နေကြရသည်က တကြောင်း ဆာလောင်မွတ်သိပ်လောက်ပြီး ဖြစ်သောကြောင့် တကြောင်း အစီအစဉ်ကို ခေတ္တရပ်နား အခန်းပြန်သို့ ထွက်သွားကြလေသည်။ကျွန်တော့်မှာတော့ သွေးနဲ့သားနဲ့ တည်ဆောက်ထား သောလူခန္ဓာကိုယ်ကြီး မဟုတ်သည့်အလား ညောင်းညာခွင့် ဗိုက်ဆာခွင့်မရှိသည့်အလား အခန်းအလယ်က ခုံတန်းလျားပေါ်မှာ တစ်ယောက်ထည်းတည်း ငုတ်တုတ်ကြီး ကျန်နေခဲ့တော့သည်။

                 သို့သော်လည်း ကယ်တင်ရှင်တဦးက ပေါ်လာပြန်ပါသည်။လျှပ်တပြက်မီသွန်း ဖြစ်၏။

 လ္ဘက်ရည်ခွက်တခွက်ကိုင်၍ ၀င်လာပြီး "ထမင်းတော့ ကျွေးချင်ပါတယ်ဗျာ ခွင့်မရှိလို့ပါ အဆာပြေလ္ဘက်ရည်လေး သောက်လိုက်ပါ ဆေးလိပ်သောက်ချင်ရင်လည်း ရော့"

ဟု ခပ်မြန်မြန်ခပ်သွက်သွက် ပေးစရာရှိတာပေးကာ အခန်းပြင်သို့ပြန်ထွက်သွားပါတော့သည်။ ကျွန်တော့်မှာတော့ လဘက်ရည်လေးသောက်လိုက် ဆေးလိပ်ကလေးဖွာလိုက်ဖြင့် မေးခဲ့ဖြေခဲ့သည်များကို ပြန်လှန်စဉ်းစားမိနေ၏။

နောက် နာရီဝက်ခန့်အကြာမှာတော့ အထက်က ပုဂ္ဂိုလ်နှစ်ဦးသည် ပြန်လည်ရောက်ရှိလာပြီး တတိယ ပိုင်းအစီအစဉ်ကို ဆက်လက် ဆင်နွှဲခဲ့ကြပါတော့သည်။ ဒီတခါတော့ ခေါင်းစဉ်က ပြောင်းသွားပြီ ဖြစ်၏။ အရေးအခင်းကာလက ကျွန်တော်ပါဝင်ခဲ့သော အနေအထား လှုပ်ရှားမှု အဆက်အသွယ် စသည်တို့ပင် ဖြစ်၏။အထူးသဖြင့် မေးမြန်းသူ ပုဂ္ဂိုလ်များ၏ အသိချင်ဆုံးကိစ္စမှာ ဦးတင်ဦး (ဗိုလ်ချုပ်ကြီးဟောင်း) ဒေါ်အောင်ဆန်းစုကြည် တို့နှင့် ဆက်သွယ်မှုအနေအထား ရွှေချိုးဖြူ လူငယ် စသော ရဲရဲတောက် အသေခံ လူငယ်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုအနေအထားတို့ပင် ဖြစ်သည်။

                 (အဘယ်ကြောင့် ဤမျှ အရေးကြီးနေသည်ကို နောင်သောအခါကျမှ ကျွန်တော့်မှာ သိခွင့်ရခဲ့လေသည်။ ယင်းမှာ အခြားမဟုတ်။ ကျွန်တော်တို့အား ဘားလမ်းထဲတွင် ဖမ်းဆီးပြီး ထောက်လှမ်းရေးတပ်သို့ ခေါ်ဆောင်လာသောအခါ ရွှေချိုးဖြူ လူငယ်အဖွဲ့က ဟိုင်းလပ်ကားအ၀ါဖြင့် နောက်မှ ထပ်ချပ်မကွာလိုက်လာကာ ကျွန်တော်တို့အား ကယ်တင်ရန် ကြိုးစားသည် ဟု သိရ၏။ ထို့ကြောင့် ပင်လျှင် ကျွန်တော်တို့ အချုပ်ခန်းကို စောင့်ကြပ်ရန် တပ်မ၂၂မှ တပ်စုတစ်စုကို တာဝန်ပေးထားလေသည်။ ထို ရွှေချိုးဖြူလူငယ်အဖွဲ့တွင် M 79 လောင်ချာ တစ်လက် ရှိနေသည်ဟုလည်း ဆို၏)

                   ကျွန်တော့်မှာတော့ ကိုယ့်အတွက်လဲ သူတစ်ပါး ဒုက္ခမရောက်စေ ကိုယ်လဲ အန္တရာယ်ကင်းစေ မေးမြန်းသူများလဲ သူတို့လိုချင်သည်များကို တစ်ပိုင်းတစ်စရကြစေ ဟူ၍ သဘောပိုက်ကာ ရှဥ့်လဲ လောက်သာ ပျားလဲ စွဲသာ နည်းကို ကျင့်သုံး၍ ဖြေကြားနေရတော့၏။ တစ်ခါတစ်ရံမှာ အရေးကြီးသည်ဟု ယူဆရသောကိစ္စများကို အာပတ်လွတ်ရုံ သာမန်ကာ ရှန်ကာပြောရပြီး တစ်ခါတစ်ရံမှာတော့ အရေးမကြီးသည့်အရာများကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောခြင်းဖြင့် အချိန်များကို ကုန်လွန်စေခဲ့ရသည်။

              သို့ဖြင့် နောက်တနေ့ မနက် (၃၊ ၁၀၊ ၈၈) ၇ နာရီ အချိန်မှာတော့ ကျွန်တော့်အားမေးမြန်းသူများမှာလည်း ပါးစပ်ညောင်း လက်ညောင်း ဖင်ညောင်း သွားကြရှာတော့သည်။ ကျွန်တော့်အားလည်း လက်ထိပ်ပြန်ခတ် ခေါင်းပြန်စွပ်ကာ အချုပ်ခန်း တစ်ခု အတွင်းသို့ ပို့ဆောင်လိုက်ပါတော့သည်။

               သည်တခါ ရောက်ရသည့်အခန်းက ပထမဆုံး ကျွန်တော် အထိုးအကြိတ် ခံခဲ့ရသည့် အခန်းလောက် မသားနား။ အကျယ်အ၀န်းကတော့ ၉ ပေပတ်လည် အတူတူ ပင်ဖြစ်သည်။ သို့ငြားလည်း ယခုအခန်းပါတ်ပါတ်လည်မှာ သစ်သားတန်းဆင့်တွေ တန်းတွေ ရိုက်ထားသည်။ လေ၀င်ပေါက်မှန်သမျှ ကိုလည်း ကဒ်ထူ စက္ကူပြားဖိုင်ဘာများဖြင့် ကာရံထား၏။ ခြစားထားသဖြင့် စုတ်ပြတ်ကျေမွနေသော သစ်ချောင်းများ အမှိုက်စများကလည်း ဒုနဲ့ဒေး။ အခန်းထောင့်မှာကတော့ ထွေးခံတစ်လုံး ပြီးတော့ ပလပ်စတစ်က ဖိုးဖိုး ခေါ်ရလောက်အောင် ပါးလွှာကြုံလှီနေသည့် ဖျာကြမ်းလား ဖျာချောလား ဘာမှန်းမသိသည့် ဖျာတစ်ချပ်။ အမှိုက်တွေ စက္ကူစတွေ ကို သဘောလောက် ပုတ်ခတ်ရှင်းလင်းပြီး ယင်းဖျာပေါ်မျာပင် တုံးလှံးလှဲချလိုက်ရတော့သည်။ တနေ့လုံး တညလုံး ငုတ်တုတ်ထိုင်ခဲ့ရသည့်ဒဏ် ထိုးကြိတ်ခံထားရသည့်ဒဏ်တွေက ကျွန်တော်၏ အရိုးများ အသားများကို ကောင်းစွာ တိုက်ပွဲဆင်နေပေတော့သည်။

"ရှုး ကိုဇာဂနာ ... ရေသောက်မလား"

                 မှေးကနဲ ဖြစ်သွားခိုက် လေသံတိုးတိုးလေးဖြင့် လာခေါ်နေသည်ကို ကြားလိုက်ရသဖြင့် သံတိုင် အ၀သို့ လှမ်းကြည့်လိုက်ရာ မျက်နှာပြုံးချိုချိုနှင့် လူတစ်ယောက်သည် ရေနွေးကရားကြီးကို ကိုင်၍ ရပ်နေသည်ကို တွေ့လိုက် ရသည်။ ဘာအိုက်တင်မှ ခံမနေအားပဲ ရေနွေးကရား နှုတ်သီးကို သံတိုင်ကြားထဲထည့် နှုတ်သီးဝနှင့် နှုတ်ခမ်းတေ့ကာ ဂွပ်ကနဲဂွပ်ကနဲ မြိုချပစ်လိုက်တော့သည်။

ထိုကိုပြုံးချို ပြန်သွားပြီးနောက် ခဏတဖြုတ်ပြန်လှဲဦးမည်ဟု ပြင်ဆင်ကာ ရှိသေး ဒုတိယအကြိမ် အင်တာဗျုးရန် လာပြန်ခေါ်နေသဖြင့် ကျွန်တော့်မှာ မူလ အဆောင်အယောင်အတိုင်း လက်ထိပ်ခတ် ခေါင်းစွပ်စွပ်ကာ ပြန်ပါသွားရပါတော့သည်။

သည်တခါမှာတော့ ခေါင်းစဉ်က ပြောင်းသွားပြီ ဖြစ်၏။ မိုးကြီး (မိုးဝင်း) ၏ ပါးစပ်ဆတ်ဆော့မှုမှ ဖြစ်ပေါ်လာသော ရလဒ်ပင်။ အာဏာသိမ်းပြီး နောက်တစ်နေ့ ချီတက်ပွဲအကြောင်းဖြစ်၏။ ဘယ်လိုစသလဲ   ဘယ်သူတွေပါသလဲ ဘယ်သူခိုင်းလို့လဲ ဘာကြောင့်လုပ်တာလဲ။ တဖြေးဖြေးနှင့် ကျွန်တော်တို့ စကားဝိုင်းသည် ဆွေးနွေးပွဲဆန်လာ၏။ တပ်မတော် အပေါ် ကျွန်တော်တို့၏ သဘောထားကို ပီပီပြင်ပြင် တင်ပြနိုင်လာ၏။ မေးမြန်းသူများကလည်း လမ်းဖွင့်ပေးသည်။ သည်တော့လည်း အခွင့်အရေးရတုန်းပြည့်ပြည့်၀၀ ပြောလိုက်နိုင်၏။ နိင်ငံ့အကျိုး ပြည့်သူ့အကျိုးကို တကယ်မျှော်ကိုးရင် အစောပိုင်းကပင် အာဏာသိမ်းသင့်ကြောင်း အခုလိုအချိန်မျိုးမှာ မှ အာဏာသိမ်းခြင်းသည် ယုံကြည်စရာ မဟုတ်ကြောင်း ၂၆ နှစ်လုံးလုံး မ. ဆ.လ သစ္စာတော် ခံခဲ့သော တပ်ကို မည်သည့်နည်းနှင့်မျှ လက်ကိုင်ဒုတ်မဟုတ်ဟု မပြောနိုင်ကြောင်း တိုင်းပြည်ငြိမ်သက်စေလိုလျှင် အာဏာသိမ်းစရာ မလိုသော နည်းလမ်းများစွာ ရှိကြောင်း အာဏာသိမ်းခြင်း မှာလည်း လှည့်ဖျားမှုတရပ်ဟုသာ ထင်ကြောင်း အာဏာဆက်ခံခြင်းဟူ၍ လက်ခံထားကြောင်း စသည်ဖြင့် ကျယ်ကျယ်ဝန်းဝန်းပင် ဆွေးနွေးမိလိုက်သည်။

                 ပြောကောင်းကောင်းနှင့် လေကြောရှည်မိနေသည်မှာ လေးနာရီခန့်ပင် ကြာသွားလေသည်။ ဆာလောင်မွတ်သိပ်မှုသင်္ကေတ ဖြစ်သော ကွီကွီကွမ်ကွမ် အသံများ ကလည်း ၀မ်းခေါင်းတွင်း မှ ပေါ်ထွက်နေရကား ဆွေးနွေးပွဲ အစီအစဉ်ကို ခေတ္တရပ်နားကာ ကျွန်တော်၏ ယာယီစံမြန်းရာ အချုပ်ခန်းသို့ ကြွလှမ်းခဲ့ရတော့၏။ သည်တစ်ခါမှာတော့ ပုံစံခွက်ဖြင် ထည့်ထားသော ပဲဟင်း ကြက်ဥကြော်တို့ဖြင့် ခြံရံထားသည့် ထမင်းပန်းကန်က ဆီးကြိုနေပေသည်။ ဆာဆာနှင့် တစ်ပန်းကန်လုံး ပြောင်သွားအောင် ၀ါးပစ်လိုက်မိ၏။ သည့်နောက် ဆွေးနွေးပွဲ အစီအစဉ်ကိုပြန်လည်ကျင်းပရပြန်သည်။

              ပြောလိုက် မေးလိုက် ငြင်းလိုက် ခုန်လိုက် ဟောက်လိုက် ရယ်လိုက် ဖြင့် စခန်းသွားခဲ့ကြရာ ညနေ ၆ နာရီ ထိုးမှပင် စခန်းသိမ်းရတော့၏။ ကျွန်တော့် လည်း ထိုအခါ မှ ပင် မိမိ၏ ဘူမိနက်သန် နေရာမှန် သို့ ပြန်ခွင့်ရတော့သည်။ သည်တခါလည်း ထမင်းပန်းကန်ကအဆင့်သင့် ကြိုနေပြန်သည်။ ဟင်းကတော့ ပြောင်းသွားပြီ ဖြစ်၏။ ကြက်ဥကြော် နှင့် ပဲဟင်း။

             ညနေစာ စားအပြီးမှာ ကျွန်တော်နှင့် တွေ့ရသည့် ပုဂ္ဂုလ်ကတော့ မနက်က မေးမြန်းဆွေးနွေးခဲ့သူများ မဟုတ်ပါချေ။ တပ်မှုး ဗိုလ်မှုးစန်းပွင့် ဆိုသူပင် ဖြစ်သည်။ သူက တပ်မတော်၏ သဘောထားကို ၂ နာရီခန့်ပြနေလေရာ သည်တစ်ခါမှာတော့ ကျွန်တော်က ရာထူးဘက်က နားသောတ ဆင်သူ ဖြစ်လာရပေတော့၏။

             နားထောင်ပွဲ အပြီး အခန်းပြန်ရောက်သည့်အခါမှာတော့ ပင်ပန်းနွမ်းနယ်မှုအရှိန်က တွန်းပို့နေသဖြင့် မျက်စိနှစ်စုံမှာ ငိုက်စင်းလာလေတော့သည်။ သို့သော်လည်း ကျွန်တော်၏ ညာဘက် မျက်စောင်းထိုးအခန်းသို့ ကိုဌေး ကိုကြည့်ရသည်မှာ ၀မ်းလျှောပြီးစ လူမမာ အရက်မူးလာသည့်နှယ် ပျော့ဖတ်နွမ်းရိလွန်း လှ၏။ လိုက်လံပို့ဆောင်သူများ ထွက်ခွာ သွားပြီးမှ လေသံတိုးတိုးဖြင့် အခြေအနေကို လှမ်းမေးရသည်။ တော်တော် မခံချင်စရာ ကောင်းလှ၏။ ကိုဌေးကို စစ်ဆေးမေးမြန်းနေဆဲတွင် ကားတစီးရောက်လာပြီး ဗိုလ်မှူးတယောက် ဆင်းလာကြောင်း အရက်နံ့မှာလည်း တထောင်းထောင်းထနေကြောင်း ခေါင်းစွပ်စွပ်ထားရသဖြင့် ဘယ်သူဘယ်ဝါမှန်းမသိကြောင်း ထိုဗိုလ်မှူးဆိုသူက မင်းလားကွ ဇင်ဝိုင်းဟု ဆိုကာ ထိုးကြိတ် ကန်ကျောက်ကြောင်း ဘေးလူများ ၀ိုင်းဆွဲသဖြင့် ဤမျှလောက်သာခံရကြောင်း ပြောပြကာ ပခုံး လည်ပင်း ကျောကုန်းတို့မှ ဒဏ်ရာများကို ပြလေသည်။ သာမန် ရဲဘော်လေးတယောက်က ပြုမူသည်ဟု ဆိုလျှင် နားမလည်ပါးမလည်မို့ ခွင့်လွတ်သာသေး၏။ ခုလို အရာရှိတစ်ယောက်က ဤသို့လုပ်ဆောင်သည် မှာတော့ အောက်တန်းကျလွန်း၏ ။သေးနုပ်သိမ်ဖျင်းလွန်းလှပေသည်။ ကျွန်တော်တို့မှာတော့ ရင်ထဲမှာသာ ဒေါသထွက်ခွင့်ရှိသည် မဟုတ်လော။ မကျေနပ်ပါကလည်း ဘာမှ မလုပ်နိုင်။ ရှေ့က သံတိုင်တွေကိုသာ  ၀ါးစားရန် ရှိတော့၏။

                  များမကြာမီပင် တပ်မှူး ဗိုလ်မှူးန်းပွင့်ရောက်လာပြီး ကိုဌေးအား တောင်းပန်စကား ပြောလေသည်။ ကျွန်တော့်အားလည်း လေ၀င်လေထွက် ကောင်းသော ဦးအောင်မြင့်မြတ်တို့အခန်းသို့ ရွှေ့ ပြောင်းပေးလိုက်၏။ ကျွန်တော့်မှာတော့ ဦးအောင်မြင့်မြတ်ကိုရော သူ၏ အခန်းဖော်ကိုပါ စကားပြောမနေအားတော့ဘဲ ဖျာကြမ်းပေါ်မှာ ခေါင်းကပ်ရင်း အိပ်ချပစ်လိုက်လေတော့သည်။            ။

 

 ဇာဂနာ