Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

        ဇွန် ၅ ရက်တွင် ခေတ်စမ်းစာပေ၏ ရှေ့ ဆောင်ကြီး သိပ္ပံမောင်ဝ (၁၈၉၉-၁၉၄၂) အသက် ၁၁၁ နှစ် ပြည့်မည်ဖြစ်၍ “အောက်စဖို့ဒ်တက္ကသိုလ်မှတ်တမ်း”ဆရာ မြင်ခဲ့သော သူတို့ခေတ် ဘိလပ်ရောက်မြန်မာလူငယ်တို့၏ လွဲမှားသောအမော်အကြွားနှင့် ပညာကိုတန်ဖိုးမထားပုံကို ခုကာလအဝေးရောက်မြန်မာလူငယ်များ ထုတ်နုတ်ဆင်ခြင်ရန်အလို့ငှာ ပြန်လည်တင်ဆက်ရပါသည်။

 

ကောင်းကင်

 သရုပ်ဖော် ပန်းချီထိန်လင်း

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

       ကျွန်တော်သည် မြန်မာဘိလပ်ပြန်တစ်ယောက် ဖြစ်ပါသည်။ သို့သော်လည်း ကျွန်တော့်မှာ အလုပ်အကိုင် မရှိပါ။ ကျွန်တော် ဘိလပ်တွင် လေးငါးခြောက်နှစ် နေခဲ့သော်လည်း စာမေးပွဲတစ်ခုကိုမျှ မအောင်၊ ဘွဲ့တစ်ခုကိုမျှ မရခဲ့ပါ။ တစ်နေ့က လူငယ်များ ကြီးပွားရေးအသင်းတိုက် ကို သွားရာ ကြီးပွားရေးမဂ္ဂဇင်းတွင် ဘိလပ်အကြောင်းရေးပါဟု ကျွန်တော့်အား ကိုလှက တိုက်တွန်းပါသည်။ ကျွန်တော် မြန်မာစာကို ကောင်းကောင်းမရေးတတ်ပါ၊ ထို့ကြောင့် မရေးပါရစေနှင့်ဟု တောင်းပန်သော်လည်း အတင်းရေးခိုင်းသောကြောင့် ကျွန်တော်၏ အကြာင်းကို အောက်ပါအတိုင်း ရေးလိုက်ပါသည်။

         ကျွန်တော်မှာ အတော်အတန်ကြွယ်ဝသော တောသူဌေးတစ်ယောက်၏ တစ်ဦးတည်းသောသား ဖြစ်ပါသည်။ ကျွန်တော်နှင့် ညီအစ်ကို တစ်ဝမ်းကွဲတော်သူမှာ ကျွန်တော့်ထက် အသက်(၆) နှစ်ခန့် ကြီးပါသည်။ သူ ဘီအေ အောင်သော အခါ ကျွန်တော် ဆယ်တန်းအောင်ပါသည်။ သူ့အဖေက သူ ဘီအေ အောင်သော အခါ ဘိလပ်ကို လွှတ်ပြီး ၀တ်လုံအတတ်ကို အသင်ခိုင်းပါသည်။ ကျွန်တော် ကလည်း မခံချင်သောကြောင့် သူ့လိုပင် ဘိလပ်သွားပြီးလျှင် ၀တ်လုံအတတ်ကို သင်ချင်ကြောင်း အဖေ့ကို ပူဆာပါသည်။ အဖေကလည်း မခံချင်စိတ် ရှိသောကြောင့် ကျွန်တော့်အား ဘိလပ်ကို လွှတ်ပါသည်။ ကျွန်တော့်အဖေ နှင့် ကျွန်တော့်ဦးလေးတို့မှာ များစွာမသင့်မြတ်ကြပါ။

      ကျွန်တ်ာနှင့် ကျွန်တော်၏ အစ်ကိုဝမ်းကွဲများမှာ ပြိုင်ဘက်များ ဖြစ်ကြပါသည်။ ကျွန်တော်၏ အစ်ကိုတော် ဘိလပ်ရောက်၍ တစ်လခန့် ကြာသော အခါ ကျွန်တော်ဘိလပ်သို့ ရောက်ပါသည်။ ရောက်လျှင်ရောက်ချင်း ၀တ်လုံပညာများကို မသင်ကြားရပါ။ လန်ဒန်မက်ထရစ်ခေါ် ဆယ်တန်းကို သင်ကြားရပါသည်။ ကျွန်တော်၏ အစ်ကိုတော်မှာ ဘီအေ အောင်ပြီးသားဖြစ်သောကြောင့် ၀တ်လုံပညာများကို ချက်ခြင်း သင်ကြားရပါသည်။

    ကျွန်တော်ကဲ့သို့ပင် ဘုမသိ ဘမသိဘဲ ဘီအေအောင်ပြီးသားဖြစ်သော ၀တ်လုံ အတတ်သင်ကြားရန် ရောက်နေသော မြန်မာကျောင်းသားကလေးများလည်း သုံးလေး ယောက်ရှိပါသည်။

      ကျွန်တော် ဘိလပ်သို့ရောက်၍ သုံးလေးရက်အတွင်းမှာပင် ဘိလပ်သို့ ရောက်နေပြီးသား နှစ်ကြီးသမား သုံးလေးယောက်တို့နှင့် မိတ်ဆွေ ဖြစ်သွားပါသည်။ ၄င်းတို့က ကျွန်တော့အား ကောင်းစွာစောင့်ရှောက်ကြပါသည်။ အင်္ကျီအ၀တ်အစားရောင်းသော ဆိုင်များသို့ ခေါ်သွားပြီးလျှင် ကောင်းပေ့ ဆိုသော အ၀တ်အစားများကို အ၀ယ်ခိုင်းပါသည်။ ကျွန်တော်လည်း သူတို့ ပြောသည့်အတိုင်း အ၀တ်အစား သုံးလေးစုံမျှ ချုပ်သောကြောင့် ငွေသုံးလေးရာ ချောသွား ပါသည်။ သူတကာ နိုင်ငံမှာ လာ၍ နေလျှင် အ၀တ်အစား ကောင်းကောင်းဝတ်ရမည်။ အ၀တ်အစား မကောင်းလျှင် မျက်နှာငယ်သည် ဟူ၍လည်း ပြောကြပါသေးသည်။

       ထို့နောက် တရုတ်ထမင်းဆိုင် ၊ ကုလား ထမင်းဆိုင်များ သို့ ခေါ်သွားပါသေးသည်။ တစ်ခါ တစ်ခါ သွားစားလျှင် အနည်းဆုံး ရွှေဒင်္ဂါး တစ်ပြားမျှ ကုန်ကျပါသည်။ စားသောက်ရ သည်က တော်တော် တရုတ်ဆိုင်တွင် ထမင်းဟင်းလာ၍ ပေးသော မိန်းကလေးများကို ဘောက်ဆူးပေးရသည်က အတော်ကုန်ပါသည်။ ကျွန်တော့် မိတ်ဆွေများက ၄င်းမိန်းကလေးများ နှင့် အသိဖွဲ့ပေးသောကြောင့် ၄င်းတို့နှင့် အသိအကျွမ်း ဖြစ်သွားပါသည်။ လန်ဒန်ရောက်၍ ဆယ်ရက် ကြာသောအခါ ကျွန်တော့်အား အက,သင်ခိုင်းကြပြန်ပါသည်။ ဘိလပ်ရောက်၍ အကမတတ်လျှင် လူနုံရာကျသည်ဟု ပြောကြပါသည်။ သူတို့ပြောသည့်အတိုင်း အကသင်ပြပေး သော ဆရာမထံတွင် အကသွားသင်ပါသည်။ ပိုက်ဆံအတော် အကုန်ခံရပါသည်။ အက, အတော်ကလေး တတ်လာသောအခါ တရုတ်ဆိုင်က မိန်းကလေးများကို ခေါ်ပြီးလျှင် ကျွန်တော့်မိတ်ဆွေများ နှင့်အတူ ညနေကပွဲရုံ၊ ညကပွဲရုံ များသို့ သွားရောက်ကာ ကကြပါသည်။ အများ အားဖြင့် အောက်စ်ဖို့ ဆာကပ်ခေါ် လမ်းတွင်ရှိသော တရုတ်ဟော်တယ်ဆိုင်တွင် သွား၍ က ကြပါသည်။ သွားတိုင်းသွားတိုင်း ကျွန်တော်ကချည်းသာ အကုန်ခံရပါသည်။

     လန်ဒန်ရောက်၍ တစ်လခန့် ကြာသောအခါ ကျွန်တော်ယူသွားသော ပေါင်တစ်ရာ့ငါးဆယ် ကုန်သွား၍ ကြေးနန်းတွင် ထပ်မှာလိုက်ရာ မကြာခင် ပေါင်တစ်ရာ့ငါးဆယ် ရောက်လာပြန် ပါသည်။ ကျွန်တော့်မိတ်ဆွေများလည်း ကျွန်တော်နှင့် မခွဲခွာလိုသောကြောင့် ကျွန်တော်နှင့် တစ်အိမ်တည်း လာနေကြပါသည်။ အိမ်မှ ငွေရောက်လာကြောင်း ကျွန်တော့်မိတ်ဆွေများကို ပြောပြသောအခါ ခွေးပွဲသို့ သွားရန် ခေါ်ပြန်ပါသည်။ ခွေးပွဲ ဆိုသည်မှာ အမဲလိုက်ခွေးများကို ပြိုင်သောပွဲ ဖြစ်ပါသည်။ မြင်းပွဲ နှင့် အလွန်တူပါသည်။ ခွေးပွဲသွားသော အခါ နိုင်သည့်အခါလည်း နိင်ပါသည်။ ရှုံးသည့်အခါလည်း ရှုံးပါသည်။ ကျွန်တော့် မိတ်ဆွေများမှာ ကျွန်တော့်အား ခင်မင်ကြလွန်းသောကြောင့် ကျွန်တော့်အနားက မခွာကြတော့ပါ။ ကျွန်တော်နှင့် သွားအတူ၊ နေအတူ  ဖြစ်နေကြပါသည်။ မကြာမကြာ ကျွန်တော့် ထံမှ ငွေချေးကြပါသေးသည်။ ကျွန်တော်လည်း သူတို့ချေးသလောက် ပေးလေ့ ရှိပါသည်။ သူတို့ အိမ်မှ ငွေရောက်လျှင် ပြန်ပေးမည် ဆိုသော်လည်း သူတို့အိမ်မှ ငွေရောက်လျှင် ကျွန်တော် မမြင်ရပါ။ ကျွန်တော့်မှာလည်း သူတို့ကိုပင် အားကိုးနေရသောကြောင့် သူတို့ထံမှ ငွေကို ပြန်မတောင်းဝံ့ပါ။ 

      ကျွန်တော်၏ အစ်ကိုတော်မှာ ကပွဲသို့လည်းမသွား။ မြင်းပွဲ၊ ခွေးပွဲ သို့လည်း မသွား။ စာကြိုးစားနေသည်ကိုသာ မြင်ပါသည်။ ကျွန်တော်တို့ လူစုက သူ့အား လူအ, လူန ဟူ၍ နောက်ကွယ်မှာ ခေါ်ကြပါသည်။ ကျွန်တော်၏ အစ်ကိုတော်ထံသို့ လည်း ကျွန်တော်သွားလေ့မရှိပါ။ သူလာသောအခါတွင်လည်း ကျွန်တော်က စကားကောင်းကောင်း မပြောသောကြောင့် ကြာကြာမနေဘဲ ပြန်သွားလေ့ရှိပါသည်။ ဘိလပ်သို့ ရောက်၍ ခြောက်လကြာ သည့် တိုင်အောင် လန်ဒန်မက်ထရိတ်အတွက် ကျွန်တော် ဘာမှ မလုပ်ရသေးပါ။ အိမ်မှ ငွေကိုသာ အမြဲမှာပြီး သုံးစွဲလျက် နေပါသည်။ ကျွန်တော်၏ စိတ်ထဲတွင် နတ်ပြည်ရောက်နေသည်ဟု ထင်မှတ်မိပါသည်။ အပျော်အပါးကို လိုက်စားနိုင်တုန်း လိုက်စားသည်မှာ အကောင်းဆုံးဖြစ်သည်ဟု သဘောပိုက်ပြီးလျှင် အပျော်အပါးကိုသာ လိုက်စားနေပါသည်။ ကျွန်တော် ပညာမသင်ဘဲ အပျော်အပါး လိုက်စားနေကြောင်းကို ကျွန်တော်၏ အဖေ မည်သို့ သိသွားသည်မသိရ။ ကျွန်တော့်အား ကြိမ်းမောင်းသော စာတစ်စောင် ရပါသည်။ ကျွန်တော်၏ အစ်ကိုတော်က သွားတို့လိုက်သည် ထင်သောကြောင့် သူ့အား အလွန်စိတ်ဆိုးပြီးလျှင် သူ့ကို မခေါ်တော့ပါ။ ကျွန်တော်၏ အဖေ့စာကို ရပြီးနောက် လန်ဒန် မက်ထရိတ်အတွက် စာမေးပွဲ အတွက်စုံစမ်းပြီးလျှင် အလွတ်သင်ဆရာတစ်ယောက် နှင့် စီမံပါသည်။ ၄င်း ဆရာက ကျွန်တော့်အား ကြိုးစား၍ သင်ကြားပြသပါသော်လည်း ကျွန်တော်၏ ပညာအခြေခံက နည်း ၊ ကျွန်တော်က စာသင်ကြားရာတွင် စိတ်မပါသောကြောင့် အခက်ကြုံနေပါသည်။ ကျွန်တော်သင်ကြားရသော ဘာသာများအနက် လက်တင်ဘာသာမှာ အခက်ဆုံးဖြစ်ပါသည်။ အခြားဘာသာများကို အတော်အတန်လိုက်နိုင်သော်လည်း လက်တင်ဘာသာကို အနည်းငယ်မျှ မလိုက်နိုင်ပါ။ မလိုက်နိုင် သော်လည်း မကြိုးစားပါ။ ခွေးပွဲ၊ မြင်းပွဲ ၊ ကပွဲများ နှင့်သာ အချိန်ကုန်ပါသည်။

     ဘိလပ်သို့ရောက်၍ တစ်နှစ်ခန့် ကြာသော်လည်း လန်ဒန်မက်ထရိတ်စာမေးပွဲ ကို မ၀င်ပါ။ ၀င်လျှင်လည်း အောင်မည်မဟုတ်ပါ။ လန်ဒန်တွင် တစ်နှစ်ခန့်ကြာသော အခါ ကျွန်တော်၏ မိတ်ဆွေများ အပေါ်တွင် အတော်ပင် အကြွေး တင်သွားပါသည်။ ကျွန်တော်က ပြန်တောင်းသော အခါ မကြိုက်ကြပါ။ သို့သော ကျွန်တော်ကိုယ်တိုင် လန်ဒန်မြို့တွင် သွားလာတတ်နေပြီ ဖြစ်သောကြောင့် ဂရုမစိုက်တော့ပါ။ ကျွန်တော်၏ မိတ်ဆွေများလည်း ကျွန်တော့်ထံမှ ငွေချေး မရသောကြောင့် ကျွန်တော့်အား သပိတ်မှောက်ကြပါသည်။ လန်ဒန်တွင် ကျွန်တော် တစ်ယောက်တည်း နေကာ ကောင်းစွာ လည်ပတ်နေပါသည်။ အိမ်မှ အဖေကလည်း မကြာမကြာ စာကြိုးစားရန် စာပေးပါသည်။ ပိုက်ဆံရှားကြောင်းလည်းပါပါသည်။ သို့သော် ကျွန်တော် ဂရုမစိုက်ပါ။ အရင်ကကဲ့သို့ပင် သုံးစွဲလျက်ရှိပါသည်။ ဘိလပ်ရောက်၍   တစ်နှစ်ခွဲခန့် ကြာလျှင် တရုတ်ဆိုင်က အစေခံမိန်းကလေးတစ်ယောက်နှင့် ကျွန်တော်မှာ အလွန်ချစ်ကြိုက် နေကြပါသည်။ သူနှင့်တွဲပြီးလျှင် မြင်းပွဲ၊ ရုပ်ရှင်ပွဲ ၊ခွေးပွဲများကို နေ့စဉ်လိုလိုပင် သွားပါသည်။ နောက်ဆုံး ကျွန်တော်၏ အခန်းမှာပင် သူ အတူ လာရောက် နေထိုင်ပါသည်။ သို့သော် လက်မထပ်ကြပါ။

        ဤ အင်္ဂလိပ်မကလေး နှင့် အတူ မူးရူးနေသောကြောင့် ဒုတိယနှစ်တွင်လည်း လန်ဒန်မက်ထရိတ် စာမေးပွဲကို မ၀င်ရပါ။ တတိယနှစ်သို့ ရောက်သောအခါ ကျွန်တော် ၏ အဖေထံမှ စာတစ်စောင်ရ၍ ဖတ်ကြည့်ရာ တတိယနှစ် တွင် စာမေးပွဲမအောင်လျှင် ပိုက်ဆံ မပို့တော့ဟုပါလည်သည်ကို တွေ့ရပါသည်။ ကျွန်တော် အနည်းငယ် စိုးရိမ်ပြီး လျှင် စာကို ကြိုးစား၍ ကျက်ပါသည်။ အခြားဘာသာများကို အတော်အတန် လိုက်နိင်သော်လည်း လက်တင်ကိုကား အနည်းငယ်မျှ မလိုက်နိင်ပါ။ စာကြိုးစားသည်ဆိုသော်လည်း ကျကျနန ကြိုးစားသည် မဟုတ်ပါ။ ကျောင်းမှာ နေရသည်လည်း မဟုတ်၊ အလွတ်ဆရာငှား၍ သင်သောကြောင့် ဆရာ့အလိုကို ကျွန်တော်က မလိုက်ပါ။ ကျွန်တော့် အလိုကိုသာ ဆရာက လိုက်ပေးပါသည်။ ဆရာလုပ်သူကလည်း ကျွန်တော် အောင်သည်၊ မအောင်သည်ကို ဂရုမစိုက်ပါ။ သူ လခ မှန်မှန်ရလျှင် ကျေနပ်ပါသည်။ ၄င်း တတိယနှစ် တစ်နှစ်လုံးလည်း ကျွန်တော်၏ အင်္ဂလိပ်မကလေးနှင့် တစ်ခန်းတည်းပင် နေထိုင်ပါသည်။ ကျွန်တော် စာကျက်နေသောအခါ သူက ရုပ်ရှင်သွားချင် ၊ ခွေးပွဲ သွားချင်၊ မြင်းပွဲ သွားချင် ၊ကပွဲ သွားချင်သောကြောင့် စာအုပ်ကို ချထားပြီး သူနှင့် အတူတူ သွားရပါသည်။ တတိယနှစ်ကုန်၍ လန်ဒန် မက်ထရိတ် စာမေးပွဲ ၀င်သောအခါ ဘာမှ မဖြေနိင်၍ စာမေးပွဲ ကျပါသည်။ ကျွန်တော်၏ အစ်ကိုတော်မှာ ၀တ်လုံ စာမေးပွဲ အောင်ပြီးဖြစ်၍ မြန်မာပြည်သို့ ပြန်သော်လည်း ကျွန်တော်မှာ ၀တ်လုံပညာများကိုပင် မသင်ကြားရသေးပါ။ လန်ဒန် မက်ထရိတ်မှာ အလွန်ခက်လှသောကြောင့် လက်လျှော့လိုက်ပါသည်။ စတုတ္ထနှစ်တွင် အောက်စ်ဖို့ဒ်ရက်စပွန်းရှင်း ကိန်းဗရစ်လစ်တယ်ဂိုးခေါ် စာမေးပွဲများမှာ လွယ်သည်ကြား၍ အောက်စ်ဖို့ဒ် ကိန်းဗရစ်မြို့များသို့ သွားပြီး အလွတ်ဆရာများ နှင့် သွားသင်ပါသေးသည်။ သို့ရာတွင် လန်ဒန်တွင် ကျန်ရစ်ခဲ့သော အပျိုဖြူ ကလေးကို အောက်မေ့သောကြောင့် မကြာမကြာ လန်ဒန်သို့ ပြန်သဖြင့် စာမေးပွဲ ၀င်နိုင်လောက်သော အခြေအနေ မရောက်ပါ။ 

      ဤသို့ ကျွန်တော် ငွေဖြုန်းနေသော နှစ်များအတွင်း မြန်မာပြည်တွင် စပါးဈေးများ ကျသဖြင့် ကျွန်တော့် မိဘများ၏ လယ်ယာများမှာ ချစ်တီးများ လက်ထဲသို့ ရောက်ကုန်ကြပါသည်။ ကျွန်တော်ဖြုန်းလိုက်သော ငွေများကား မနည်းပြီ။ နောက်ဆုံး မိဘများသည် ကျွန်တော့်ထံသို့ ငွေမပို့နိင်ကြတော့ပါ။ ကျွန်တော့်မှာ အခက်ကြုံပြီးလျှင် ဘိလပ်ရှိ မိတ်ဆွေများထံမှ ငွေချေးကာ အပေါဆုံးသင်္ဘောနှင့် မြန်မာပြည်သို့ ပြန်လာပါသည်။ မြန်မာပြည် ပြန်ရောက်၍ တောသို့ ပြန်သွားသောအခါ ကျွန်တော့် မိဘများ မွဲနေသည်ကိုသာ တွေ့ပါတော့သည်။ အားလုံးပင် ကျွန်တော့် ကို မြင်လျှင် ဒေါသဖြစ်ကြပါသည်။  ကျွန်တော်ဖြုန်းသောကြောင့် ကျွန်တော့်မိဘများ မွဲကုန်သည်ကို မြင်ရသောအခါ ကျွန်တော်ငိုမိပါသည်။ သို့ရာတွင် ဘာမျှ မတတ်နိုင်တော့ပါ။ ကျွန်တော် အခု အလုပ်မဲ့ ဖြစ်နေပါသည်။ ကျွန်တော်ကဲ့သို့သော ဘိလပ်ပြန် နာမည်မျိုးကို မယူချင်ကြရန် ရေးသားရပါသည်။

 

သိပ္ပံမောင်ဝ

၁၉၃၅ ခုနှစ်၊ ဧပြီ၊ ကြီးပွားရေး မဂ္ဂဇင်း။