Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ဇာဂနာ အမှတ်တရ

 

၁၉၈၈ ခုနှစ်သည် အရေးတော်ပုံနှစ်ဟု ဆိုရမလောက်ပင် အစိုးရအား ဆန့်ကျင်သော အရေးအခင်းများသည် တစ်ခုပြီး တစ်ခု ဖြစ်ပွားခဲ့လေသည်။

မောင်ဘုန်းမော် အရေးအခင်းဟု အမည်တွင်ခဲ့သည့် မတ်ခ်ျလ လှုပ်ရှားမှု

ဂျင်ဂလိပွဲတော်ဟု ကင်ပွန်းတပ်ခံခဲ့ရသည့် ဇွန်လအရေးအခင်း

ရှစ်လေးလုံး ဟု ကျော်ကြားခဲ့သော သြဂုတ်လ အရေးအခင်း၊ ထိုသည်၏နောက် တစ်နိင်ငံလုံး အတိုင်းအတာဖြင့် အုံကြွလှုပ်ရှားခဲ့သည့် ဒီမိုကရေစီအရေးတော်ပုံတို့ပင်တည်း။

 

သြဂုတ်လ ၂၂ ရက်မှ အစပြုခဲ့သော ယင်း ဒီမိုကရေစီ အရေးတော်ပုံသည်ကား မြန်မာ့သမိုင်းတွင် မကြုံဘူးလောက်အောင် လူတန်းစားအလွှာပေါင်းစုံပါဝင်သည့် အစိုးရဆန့်ကျင်သော လှုပ်ရှားမှုကြီး ဖြစ်ရကား ဆရာဝန်များ အနုပညာရှင်များ ရှေ့နေများ စသည့် အသိပညာရှင် အတတ်ပညာရှင်များသာမက အိုးမဲ့အိမ်မဲ့ အခြေအနေမဲ့များ၏ လမ်းဘေးသမဂ္ဂပါမကျန် တော်လှန်တိုက်ပွဲဝင်ခဲ့ကြလေသည်။

အနုပညာရှင် တစ်ပိုင်းတစဖြစ်နေသော ကျွန်တော်တို့သူငယ်ချင်းတသိုက်များမှာလည်း အရေးတော်ပုံအစ ကာလများကပင်  ပါဝင်ခဲ့ရကား ကျောင်းသားစိတ်တစ်ပိုင်း ကျန်နေသည့် အတွင်းစိတ်၏ လှုံ့ဆော်မှုကြောင့် တဖြေးဖြေးနက်မှန်းမသိ နက်ရှိုင်းစွာ ပါဝင်ဆင်နွှဲမိလေတော့သည်။

ထိုစဉ်က ကျွန်တော်တို့၏စုရပ်ဖြစ်သော ရန်ကုန်မြို. ၂၁လမ်းရှိ (ယခင် သဘင်ကောင်စီရုံးခန်း) မြန်မာနိင်ငံလုံးဆိုင်ရာ သဘင်သမဂ္ဂ ရုံးခန်းသည်လည်း အနယ်နယ်အရပ်ရပ်မှ သပိတ်ခေါင်းဆောင်များ ကိုယ်စားလှယ်များ စတည်းချရာ နေရာတစ်ခုလည်း ဖြစ်လာလေသည်။ ရွှေပြည်အေးသမားများ အကဲခတ်ဆရာများ ရရင်ရမရရင်ချ ဆိုသော ပုဂ္ဂိုလ်များ၏ ငြင်းခုံရာ စည်းဝေးခန်းမ တစ်ခုလည်း ဖြစ်ခဲ့လေသည်။ 

ကျွန်တော်တို့ သူငယ်ချင်းတသိုက်မှာလည်း တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ခွင့် မကြုံရလောက်အောင်ပင် ဟောပြောပွဲများ စည်းဝေးပွဲများ နယ်စည်းရုံးရေး ခရီးစဉ်များ ဆန္ဒပြပွဲများ အလှုခံကိစ္စများ နှင့် ချာလပတ်ရမ်းနေကြရကား တစ်ဦးနှင့်တစ်ဦး ဆက်သွယ်လိုလျှင် ရုံးက ကျောက်သင်ပုန်းမှ တစ်ဆင့်သာ ဆက်သွယ်ရသည့် ဘ၀သို့ ဆိုက်ရောက်ခဲ့ရလေသည်။

သို.သော်လည်း ကျွန်တော်တို့ လူသိုက်ကို မျက်နှာဆုံဆည်းခွင့်ရအောင် ဖန်တီး ပေးလိုက်သည့်    အရာကား ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့တွင် ပေါ်ပေါက်လာပါတော့သည်။ အခြားမဟုတ်ပါ။ စစ်တပ်က အာဏာသိမ်းလိုက်ခြင်းပင်တည့်။

ထိုနေ့ ညနေ ၆:၀၀ နာရီခန့် သဘင်သမဂ္ဂရုံးခန်းတွင်းသို့ တစ်ယောက်ပြီး တစ်ယောက် အလျှိုအလျှို ရောက်လာကြပါတော့သည်။ ဘာလုပ်ကြမလဲ ဘာတွေဆက်လုပ်ကြဦးမလဲ ဘယ်လိုလုပ်ကြမလဲ။

သေချာတာတခုကတော့ နဂိုကပင် နာမည်ကြီးနေကြသည့်အတိုင်း မိမိတို့ လူသိုက်သည် အဖမ်းခံရပေလိမ့်မည်။ သည်တော့ ထွက်ပြေးကြမလား သွားအဖမ်းခံမလား တောခိုကြမလား … ။ တခုခုတော့ လုပ်ရပေလိမ့်မည်။ ပထမဆုံးတော့ သည်နေရာမှ အမြန်စွန့်ခွာရပေလိမ့်မည်။ အကယ်၍များ စစ်တပ်သည် သူတို့ ကြေညာထားသည့်အတိုင်း အင်အားသုံး၍ သည်နေရာကို ၀င်ရှင်းခဲ့လျှင် လမ်းသူလမ်းသားများ အချောင်သက်သက် ထိခိုက်နစ်နာကြမည် မဟုတ်တုံလော။ မိမိတို့ အပေါ်သံယောဇဉ် ကြီးမားနေပြီး ဖြစ်သော လမ်းသူ လမ်းသားများကလည်း သူတို့အကာအကွယ် ပေးပါမည် ဖွက်ထားပေးပါမည် မသွားကြပါနှင့်ဟု အတန်တန် တားကြလေသည်။

သို့သော်လည်း ကျွန်တော်တို. တသိုက်မှာ ဆုံးဖြတ်ထားသည့်အတိုင်း ကိုယ့်ပစ္စည်းလေးတွေ ကိုယ်ဆွဲ ရုံးခန်းတွင်းမှ စာရွက်စာတမ်းများကို အလျင်အမြန် ဖျောက်ဖျက်ကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးဝင်း အတွင်းသို့ ရွှေ့ပြောင်းခဲ့ကြတော့သည်။ ထိုအချိန်က ဆေးရုံကြီးဝင်းအတွင်းတွင် အစာငတ်ခံ ဆန္ဒပြနေကြသော အုပ်စုအဖွဲ့အစည်း အသီးသီးမှာလည်း ညမထွက်ရအမိန့်ကြောင့် အိမ်ပြန်ခွင့်မရပဲ လူနာဆောင် အသီးသီးတွင် သောင်တင်နေကြလေသည်။ ထို့ကြောင့်ပင် ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်မှာလည်း အုပ်စုသုံးခုခွဲပြီး အ၀တ်လျှော်စက် ဓါတ်အေးပေးစက်နှင့် ရေခဲတိုက်များအတွင်းသို့ ၀င်ရောက်ပုန်းအောင်းနေရတော့သည်။

တစ်ချက်တစ်ချက်တွင် စစ်အစိုးရ အလိုမရှိဟူသော အော်သံများ သေနတ်သံများ လမ်းမများပေါ်တွင် ချထားသော အပိတ်အဆို့ အကာအရံများကို လိုက်လံရှင်းလင်းနေသည့် စစ်ကားသံများကို နာခံရင်း တစ်ညတာခရီးကို ကျော်လွန်ခဲ့ရပေသည်။

ဤနေရာတွင် ကျွန်တော်နှင့် အတူပုန်းအောင်းခဲ့သူများကို မှတ်တမ်းတင်လိုပါသည်။ ကျွန်တော်တို့ သဘင်သမဂ္ဂမှ မိုးဝင်း၊ မိုးမင်း၊ အရိုင်း၊ ညီညီလှိုင် (ညောင်ညောင်)၊ ညီဝင်းစိန်၊ ဖိုးဖြူ၊ စိုးဟန်၊ တပ်မတော် မှတ်တမ်းရုံးမှ တပ်ကြပ်အောင်သန်း၊ ကျောင်းသားတပ်ပေါင်းစုမှ ရွှေရောင် အောင်ဇော်မျိုး၊ ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်းနှင့် တောင်ဥက္ကလာပမှ ဆိတ်မ ဆိုသူတို့ ဖြစ်ပါသည်။ ညတွင်းချင်းပင် ကျောင်းသားသမဂ္ဂမှ မင်းမင်း ဇော်ထွန်းတို့ ခေါင်းဆောင်သည့် အစာငတ်ခံ ဆန္ဒပြပွဲဖြစ်မြောက်ရေး အဖွဲ့သို့လှမ်း၍ ဆက်သွယ်ပြီး မနက်မိုးလင်းသည်အထိ မည်သည့်နေရာမှ မသွားရန်နှင့် သောင်တင်နေသည့် ကလေးများကိစ္စ မိမိတို့လာမှ ရှင်းပေးမည်ဖြစ်ကြောင်း အကြောင်းကြားထားရပေသည်။

သို့ဖြင့် စက်တင်ဘာလ (၁၉) ရက်နေ့ နံက် ၅:၀၀ နာရီထိုးသည့် အချိန်မှာတော့ ကျွန်တော်တို့၏ စီစဉ်ပေးမှုဖြင့် ကျောင်းသူ ကျောင်းသားလေးများအား ဘေးကင်းရန်ကင်းစွာဖြင့် အိမ်ပြန်ပို့နိင်ခဲ့လေသည်။

သည်နောက်မှာတော့ ညက ကြိုတင် စီစဉ်ထားသည့်အတိုင်း စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကို ချီတက်ရန် စိုင်းပြင်းကြရလေတော့သည်။ သည်မှာတင် ပြသာနာက ‘စ ပါလေပြီ။ ဆေးရုံကြီးအတွင်းရှိ သု့အစုနှင့် သူ ရှိနေကြသော အဖွဲ့အစည်းအသီးသီးသည် အင်တင်တင် ဖြစ်လေကြလေပြီ။ တောင်လိုလို မြောက်လိုလို အစည်း အဝေး လုပ်ဦးမလိုလို အီးအီးပါဦး မလိုလိုနှင့် ချီတက်ရန်ကိစ္စကို ရှောင်ဖယ်ရှောင်ဖယ်လုပ် နေကြလေတော့သည်။ သည်တစ်ခါက တကယ့်ကို သေနတ်နှင့် ပစ်တော့မှာ မဟုတ်လား!..

ကျွန်တော်တို့ သူငယ်ချင်းတစု ခေါင်းချင်းဆိုင်ရတော့၏။ ကဲ ဘယ်သူမှ မထွက်ခင်တုန်းက တို့ထွက်ခဲ့တယ် နောက် တနိုင်ငံလုံးပါလာတော့ ဒို့အရေးမှ မလုပ်ရရင် ခေတ်မမီတော့ဘူးဟဲ့ ဆိုပြီး ပါလာလိုက်ကြတာ ခုတော့ ဘယ်တကောင်တမြီးမှ မတွေ့ရတော့ဘူး ခုချက်ချင်းပစ်ပါဖမ်းပါနဲ. စင်ပေါ်ကနေ လက်သီးလက်မောင်း တန်းခဲ့တဲ့ ဘယ်အနုပညာသမားဆိုတာတွေမှလဲ အရိပ်တောင် မတွေ့ရတော့ဘူး တို့ဘယ်လိုလုပ်မလဲ။ ကလေးတွေကိုချည်းဘဲ မင်းတို့ချီတက်ကြတော့ဆိုပြီး လွှတ်လိုက်တော့မလား အသေခိုင်းတော့မှာလား…

ကိုင်း ဘယ်သူထွက်ထွက်၊ မထွက်ထွက် တို့ထွက်တယ်ကွ ဟုကြိမ်းဝါးပြီး ကိုဌေး (ဇင်ဝိုင်းရယ်) မိုးကြီး (မိုးဝင်း)ရယ် မောင်စိန်ထွန်း (မိုးမင်း)ရယ် အောင်သန်းဦး (အရိုင်း) ရယ် မောင်ရွှေရောင်ရယ် ကျွန်တော် ရယ် နောက်ပြီးကျောင်းသားဟောင်းများအဖွဲ့မှ နိင်လင်းနှင့် ကျော်မြင့်တို့ပါ ပေါင်းကာ စုစုပေါင်း ရှစ်ယောက်တည်းဖြင့် စတင် ချီတက်ခဲ့ကြပါတော့သည်။

စစ်အစိုးရ အလိုမရှိ။ စောမောင်အလိုမရှိ

ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ကျောင်းသားပြည်သူသတ်ဖို့ မဟုတ်ဘူး

စသောကြွေးကြော်သံများဖြင့် ရန်ကုန်မြို. ဗိုလ်ချုပ်လမ်းတလျှောက် ထိုမှ ဘုရားလမ်း မဟာဗန္ဓုလလမ်း ဘုန်းကြီးလမ်းမှ တဆင့် ဗိုလ်ချုပ်လမ်းအတိုင်း ပြည်လည်ချီတက်ခဲ့ကြရာ တစ်ပတ်ပတ်မိသည့်အချိန်မှာဖြင့် လူတန်းကြီးမှာ နှစ်ထောင်သုံးထောင်ခန့် ဖြစ်လာလေတော့သည်။

ဤသို.ဖြင့် ထပ်မံရောက်ရှိလာသော အဖွဲ့များနှင့် ပူးပေါင်းကာ လူလေးထောင်ကျော်ကျော်ခန့်ကို ဦးဆောင်ပြီး မြို.တော်ခန်းမ သို့ ဦးတည်လိုက်လေ၏။

ထိုနေ့မနက်က အဖြစ်အပျက်များကို အကျဉ်းရုံး၍ ဆိုရသော် ကျွန်တော်တို့လူစုမှာ သေကံမရောက် သက်မပျောက် ကျည်ဆံထွင်းဖောက်သည့် ဘေးမှ ကင်းဝေးကာ  ထွက်ပြေးနိင်ခဲ့လေသည်။

သို့သော်ငြားလည်း ဇာဂနာနှင့် ဇင်ဝိုင်းသေပြီ ဟူသော သတင်းက တောမီးလောင်သည့်နှယ် ပျံ့နှံ့သွားခဲ့တော့၏။ တဆက်တည်းဆိုသလို ကျွန်တော်တို့ နှစ်ယောက်ကို မြေလှန်ရှာနေသည် ဟူသော သတင်းကလည်း ထပ်ချပ်မကွာ လိုက်ပါလာတော့သည်။ ကျွန်တော်တို့မှာကား တနေရာရာမှာပဲ သွားပြီး ရှောင်နေရတော့မလိုလို တစာစာလာခေါ်နေကြသော ညီငယ်ကျောင်းသားများနှင့်အတူ တောခိုရတော့မလိုလို နှင့် အတော်ဆုံးဖြတ်ရ ကျပ်နေပါတော့သည်။ နောက်ဆုံးမတော့ ဘယ်ကိုမှမရှောင်ပဲ တောမခိုပဲ မြို.ပေါ်မှာပင် လုပ်စရာရှိသည်များကို သိုသိုသိပ်သိပ် ဆက်လက်လုပ်ဆောင်ကြရန် ဆုံးဖြတ်ပြီး ကျွန်တော်  ကိုဌေး (ဇင်ဝိုင်း)၊ မိုးကြီး (မိုးဝင်း) မောင်စိန်ထွန်း (မိုးမင်း) အောင်သန်းဦး (အရိုင်း)တို့ ငါးဦးသားသည် သူငယ်ချင်း ကိုကျော်ဝင်း၏ အိမ်၌ စတည်းချရန် ထွက်လာခဲ့ကြပါတော့သည်။

           ဤသို့ဖြင့် စက်တင်္ဘာလ ၂၀ ရက်မှ စ၍ ကိုကျော်ဝင်း ကိုသိန်းဦး ကိုကိုဦး စသည့် သူငယ်ချင်းများအိမ် သို့ တလှည့်စီ သွားနေလိုက် ရန်ကုန်မြို.ထဲသို့ အလှည့်ကျသွား၍ အဆက်အသွယ်လုပ်လိုက် ရန်ကုန်မြို.အနှံ့ ပုန်းအောင်းနေကြသော အဖွဲ.အစည်းဝင်များထံသို့ စားနပ်ရိက္ခာအခြောက်အခြမ်းများ လိုက်လံဝေငှလိုက်ဖြင် တရက်ပြီး တရက်ကျော်လွန်လာခဲ့ရတော့၏။

           မှတ်မှတ်ရရ ထူးထူးခြားခြား ဆောင်ရွက်ခဲ့သည်များမှာကား အနုပညာတပ်ဦး ဟု အမည်ပေးပြီး ရုပ်ရှင်နယ်မှာ ဒါရိုက်တာ အောင်မြင့်မြတ် ပန်းချီပန်းပုနယ်မှ ကိုမျိုးမြင့် စာပေနယ်မှ မောင်မိုးသူ ဂီတနယ်မှ ကိုကိုအောင် (သပြေ) နှင့် ဘဘင်နယ်မှ ကျွန်တော်တို့ ပါဝင်သော အဖွဲ.တစ်ခုကို လျှို့ ဝှက်စွာ ဖွဲ့စည်းနိင်ခဲ့ခြင်းပင်။ ရန်ကုန်မြို. ဘားလမ်းရှိ စင်ရော်မောင်မောင်ရုံးခန်းကို ဆက်သွယ်ရန် ဌာနအဖြစ် သတ်မှတ်ကာ

1.     တောတွင်းရောက် ကျောင်းသားများနှင့် အဆက်အသွယ်ယူကာ မြို.ပေါ်တွင် လှုပ်ရှားရန်

2.     အလုပ်သမား သမဂ္ဂများကို စည်းရုံးကာ အလုပ်သမားများ အလုပ်ခွင်မဆင်းရေး သပိတ်မှောက်ရန်

3.     နိင်ငံရေးအရ ခေါင်းဆောင်နေသူများအား ပံ့ပိုးကူညီရန် စသည့်ရည်ရွယ်ချက်များ သတ်မှတ်ထားခဲ့သည်။ 

ကျွန်တော့်မှာ အငယ်ဆုံးအဖွဲ့ဝင်တစ်ဦးဖြစ်သည့်အားလျှော်စွာ ဟိုပြေးရ ဒီပြေးရ ဟိုအဖွဲ့နှင့် သွားဆွေးနွေးရ ဒီအဖွဲ့ နှင့် သွားဆွေးနွေးရ ဟိုလူကြီး အိမ်သွားရ ဒီလူကြီး အိမ်သွားရဖြင့် ဖတ်ဖတ်မောနေရတော့သည်။

ဤသို့ပြေးရင်းလွှားရင်းပင် ကိုယ့်အဖြစ်ကို ကိုယ်ပြန်စဉ်းစားမိပြီး ဟိုသွားလဲ သုတ်သုတ်သုတ်သုတ် ဒီသွားလဲ ရုတ်ရုတ်ရုတ်ရုတ် ဦးထုပ်ဆောင်းလိုက် မျက်မှန်တပ်လိုက် လုပ်နေရသည့်အဖြစ်ကို တဖြေးဖြေး ရွံရှာ မိလာတော့သည်။ ထိုအချိန်ကလည်း ရန်ကုန်မြို. တလွှားတွင် (အထူးသဖြင့် အနုပညာ အသိုင်းအ၀ိုင်း၌) ဘယ်သူ့မေးလိုက် မေးလိုက် “ရှောင်” နေတယ် ဟူသော “ရှောင် ” နာရောဂါသည် အပိုလိုမျက်စိနာထက်ပင် လျှင်မြန်စွာ  ကူးစက်ပျံ့ နှံ့နေချိန် ဖြစ်ပြန်ရာ ကိုယ့်ကိုလည်း ဤစာရင်းထဲ အသွင်းခံရမှာကိုတွေးပြီး ကြောက်လာမိတော့၏။ ဘယ်တုန်းက ဘာလုပ်ခဲ့မှန်းမသိ ဘယ်မှာပါခဲ့မှန်းမသိဘဲ လူအထင်ကြီး ပြီးရော ရှောင်နေတယ် ဆိုသည့် မစ္စတာရှောင်လင်များနှင့် တစ်တန်းတစ်စားတည်း ဖြစ်ကုန်မည်စိုးသဖြင့် ကျွန်တော်တို့ သူငယ်ချင်း တသိုက်မှာ တိုင်ပင်ဆွေးနွေး ကြပြီး စက်တဘာင်္ ၂၅ရက်နေ့ (အာဏာသိမ်းပြီး တစ်ပါတ်အကြာ)တွင် အသီးသီး ကိုယ့်အိမ်ကိုယ် အလင်းဝင်ခဲ့ကြတော့သည်။ ရန်ကုန်မြို.ထဲတွင်လည်း ခပ်တည်တည်ပင် ပေါ်ပေါ်ထင်ထင် ဗြောင်သွားလာ လှုပ်ရှားပစ်လိုက်တော့၏။

ထို.ကြောင့်ပင် ထင်သည်။ ၁၉၈၈ခု အောင်တိုဘာ ၂ ရက်နေ. နံနက် ၈:၀၀ နာရီ တွင် ရန်ကုန်မြို. ဘားလမ်းရှိ စပယ်ဦးပုံနှိပ်တိုက်တွင် ကျွန်တော် ကိုဌေး(ဇင်ဝိုင်း) မိုးကြီး (မိုးဝင်း) ကိုညီဝင်းစိန် ဦးအောင်မြင့်မြတ် ဦးတင်စိုး နှင့် (မဆီမဆိုင် ပါလာရှာသော) သစ်မွှေးရှမ်းခေါက်ဆွဲဆိုင်မှ ကို အစိန်တို့ ခုနစ်ဦးသည် တပ်မ ၃၃ မှ စစ်ကားများဖြင့် ၀ိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတော့သတည်း။

ဤ စာအုပ်ငယ်တွင် ကျွန်တော်တို.အား စတင်ဖမ်းဆီးသည့်အချိန်မှ စ၍ ထိန်းသိမ်းရာမှ လွတ်သည်အထိ တွေ့ကြုံခဲ့သမျှကို အရင်းတိုင်း ဖောက်သည်ချ ထားပါသည်။ စာအုပ်အမည်နှင့် ပတ်သက်၍ အတန်ငယ်ပြောစရာ ရှိပါသည်။ ကျွန်တော်တို.သည် စစ်အစိုးရတက်လာပြီးသည့်နောက် ပထမဆုံး ချီတက်ခဲ့သော အနုပညာသမားများဖြစ်ခြင်း ပထမဆုံး အဖမ်းခံရသော အနုပညာသမားများဖြစ်ခြင်း ပုဒ်မ ၁၀(က) ဖြင့် ပထမဆုံး အရေးယူခံရသူများဖြစ်ခြင်း မီးလောင်ပြီးစ အင်းစိန်ထောင်တွင်းသို့ ပထမဆုံးအပို.ခံရသော နိင်ငံရေးအကျဉ်းသားများ ဖြစ်ခြင်း စသည့် အကြောင်းများတို့အပြင် ကျွန်တော်၏ ပင်ရင်း နဂိုမူလ စိတ်မှာ အတန်ငယ် ကြွားဝါလိုစိတ် ရှိခြင်းတို့ကြောင့် ဤစာအုပ်၏ အမည်ကို “ပထမ” ဟု ကင်ပွန်းတပ်လိုက်ရခြင်း ဖြစ်ပါသည်။ အကယ်၍ မကျေမလည်ဖြစ်သူများ ရှိပါက အတင်းပြောကြပါကုန်။ 

http://zarganar-windoor.blogspot.com/

 

ဆက်လက်ဖော်ပြပါမည်...