Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

Article Index

ဒီဇင်ဘာ ခရစ်စမတ် မတိုင်မီ ရက်ပိုင်းတွင် အင်္ဂလန် ပြည် တောင်ပိုင်း အအေးဓါတ် လွန်ကဲပြီး နှင်း ထူထပ်စွာ ကျလိမ့်မည် ဟု မိုးလေ၀သာနမှ ကြေငြာ ပါသည်။ ရုရှားပြည် ဆိုက်ဘေးရီးယားအရပ်က တိုက်ခတ်လာမည့် ဆောင်းလေကြောင့် ယခုနှစ်တွင် အအေး ပိုလိမ့်မည်ဟု ဆိုထားပါသည်။ သူတို. ကြေငြာချက်မှာ အများအားဖြင့် တိကျ မှန်ကန် တတ်သည့် အတိုင်း နှင်းတွေလည်း တကယ်ကျပါသည်။ သို.သော် သူတို. ပြောထားသလို အင်္ဂလန် တောင်ပိုင်း နှင့် လန်ဒန်မှာသာ မကဘဲ ဝေလနယ် တောင်ပိုင်(South Wales) တွင်ပါ နှင်းတွေ အများကြီး ကျပါသည်။ ဝေလနယ်တွင် နေသော ကျွန်တော်တို.မှာ  ဒို.ဆီမှာ နှင်းမကျပါဘူး ဟုတ် စိတ်ချပြီး အိပ်ရာဝင်ကြပါသည်။ သို.သော် ဒီဇင်ဘာ ၂၁ ရက် နံနက်ခင်း အိပ်ရာထချိန်တွင် ခါတိုင်းထက် လင်းထိန်နေသဖြင့် အခန်းဆီး ဆွဲကြည့်လိုက်တော့မှ ပါတ်ဝန်းကျင် တစ်ခုလုံး တစ်ခုလုံး နှင်းတွေ ဖုံးပြီး ဖြူဖွေးနေတာ တွေ.လိုက်ရပါသည်။ ကျွန်တော် တို. နေသော Abergavenny  မြို.ကလေးအား ထူထဲသောနှင်းထုက လှပစွာ လွှမ်းခြုံ ထားလိုက်ပါတော့သည်။

[ မှတ်ချက် ။        ။ ဗမာပြည်မှာတုန်း က ဆီးနှင်း ဆိုသော စကား အဓိပ္ပါယ် ကို တစ်မျိုးသာ နားလည်ခဲ့သော်လည်း ဤ နိုင်ငံရောက်မှ အသုံးအနှုန်း အမျိုးမျိုးကို တိုး၍မှတ်သားရပါသည

 

ယခုလို ဂွမ်းဖတ်များကဲ့သို. အဖတ်လိုက် ဖြည်းဖြည်းငြင်သာ ကျပြီးမြေမှာ ပုံနေသောနှင်းကို (snow) ၊ ဂွမ်းဖတ်လောက် မရှိတရှိ မြေပေါ်ရောက်သည်နှင့် အရည်ပျော်သွားသော နှင်းကို (sleet) ၊ အရည် ပျော်ခါစ ခပ်မွှတ်မွှတ်နှင်းကိုတော့ (slush) ၊ ကားမောင်းနေရင်း ရုတ်တရက် ရှေ.မှာ အင်မတန်ထူသော မြူလုံးကြီး လာရိုက်သည်ကို (fog) ၊ နံနက်ခင်း သစ်ရွက်တွေပေါ်မှာ တင်နေသည့် နှင်းရည်စက်များကို ( dew) ၊ ရုတ်တရက် တဗြုံးဗြုံး ကျလာတတ်သော သာကူစေ့၊ ဇီးစေ့လောက်ရှိသည့် မိုးသီးများကို ( hailstones of frozen rain) ၊ နွေအခါ ခပ်ဝေးဝေး တောင်တွေ ရေကန်တွေ ပေါ်မှာ ခပ်မှေးမှေး ဖုန်းနေသည့် မြူကို (mist) စသည်ဖြင့် အမျိုးမျိုး ခေါ်ဝေါ်ပါသည်။ ]

 


နှင်းကျခါစဆိုလျှင် ပတ်ဝန်းကျင် တခွင်လုံး အလွန်လှပ သာယာပါသည်။ ဤတိုင်းပြည်ရောက်စ တုန်းက နှင်းကျတာ မမြင်ဘူး သဖြင့် လုပ်လက်စ အလုပ်တွေရပ်ပြီး အပြင်ထွက်ကာ ဖြည်းဖြည်းညင်သာ ကျလာသော နှင်းပွင့်ကလေးများကို တအံ့တသြ လက်နှင့် တို.ထိကြည့်ပါသည်။ သစ်ကိုင်းတွေ ပေါ်မှာ တင်နေသည့် နှင်းများကို လက်နှင့် သပ်ချကြည့်သည်။ နှင်းပွင့်တွေကို အဆုပ်လုပ်၍ စားကြည့်သည်။ စန္ဒယား ချစ်ဆွေ ရေးပြီး တင်တင်မြ ဆိုသော ဆောင်း သီချင်းထဲက  အာကာပြင်မလေ နှင်းပွင့် နှင်းစက် နှင်းမှုန်လေးတွေ၊ ဘော်ငွေပန်းများပမာ ဖြူဖွေးလှစွာနေ  ဆိုသော စကားကို သတိရမိပြန်သည်။ အ၀တ်ထူထူ ဖိနပ်ထူထူ ၀တ်၍ အပြင်ထွက်ခါ နှင်းတောထဲမှာ ဓါတ်ပုံတွေ ရိုက်ကြသည်။ ကလေးတွေမှာ နှင်းကျလျှင် အလွန်ပျော်ကြသည်။ နှင်းထဲမှာ တစ်ယောက်နှင့် တစ်ယောက် နှင်းလုံးတွေ ဆုပ်၍ ပစ်ပေါက် ကစားကြသည်။ နှင်းတွေကို ကျုံး၍ လူရုပ်လုပ်ခါ ကြက်ဥ ကို နှာခေါင်းလုပ်၊ မာဖလာ ပတ်ပေးပြီး ( snowman) လုပ်တမ်း ကစားကြသည်။လမ်းတွေပိတ်၍ ကျောင်းတွေလည်း ပိတ်ပေးရသည်။

အကယ်၍သာ ကျွန်တော် အလုပ်သွားစရာ မရှိပါမူ မိမိအိပ်ခန်း အတွင်းမှာ နွေးထွေးစွာ ထိုင်ပြီး ကော်ဖီပူပူလေး သောက်ခါ အင်မတန် လှပသော သဘာဝရှူခင်းကို ထိုင်ကြည့်နေလိုက်မှာ ဖြစ်ပါသည်။ သို.သော် အလုပ်မသွားဘဲ နေလို. မဖြစ်သဖြင့် လုံခြုံထွေးနွေးသော အ၀တ် လည်ပတ် ဘွတ်ဖိနပ် ဦးထုပ်များ ၀တ်ဆင်ကာ ၁၂ မိုင်ခန်. ဝေးသော (Tredegar) ဆေးရုံသို. နှင်းတွေ တဝေေ၀ထဲ မှာ ခရီးနှင်ရပါသည်။ ကားမထွက်ခင် ကားပေါ်မှာ တင်နေသော နှင်းများ ရေခဲများကို ခြစ်ချ၊ ကားမှန်များ ကြည်လင်အောင် လုပ်ပြီးမှ ဖြေးဖြေး ထွက်ရပါသည်။ ကားပေါ်မှ ရေခဲများကို ရေနှင့်လောင်း၍ ပျော်အောင်လုပ်၍ ရသော်လည်း လောင်းချသောရေ မြေကြီးပေါ်မရောာက်ခင် ချက်ချင်းခဲသွား တတ်သဖြင့် ရေနှင့် မဖျော်ဘဲ စိတ်ရှည်လက်ရှည် လက်နှင့် ( နှင်းခြစ်သော ပလပ်စတစ်ဂေါ်ပြားလေး နှင့်) ကားမှန် ကိုခြစ်ချရပါသည်။မှန်ပေါ်မှ ခြစ်ချလိုက်သော ရေခဲမှုန်များကို လုံးလိုက်ပါက ဗမာပြည်က ရေခဲ ပလုတ်တုတ်သည် လုပ်ထားသော အချိုရည် မဆမ်းမှီ ရေခဲ အဆုပ်ကလေးနှင့် တူသွားပါသည်။

ကားထားရာ အိမ်ရှေ. လမ်းဘေး ပလက်ဖောင်းမှာ ရေခဲပြင် အတိဖြစ်နေ၍ ချော်မလဲအောင် အတော် သတိထားရသည်။ သည်ရာသီမျိုးမှာ ရေခဲပေါ်ချော်လဲပြီး ပေါင်ကျိုး လက်ကျိုးသူတွေ ဆေးရုံမှာ ပိုတွေ.ရတတ်သည်။ လမ်းမများတွင် ရေမခဲစေရန်အတွက် မြို.ကောင်စီက ဆားရောထားသောသဲ (salt grit) ကို စက်ကြီးများဖြင့် ဖြန်းပေးပါသည်။

နှင်းစကျပြီ ဆိုလျှင် ဈေးဆိုင် (supermarket) တွေမှာ လူတွေ ကြိတ်ကြိတ်တိုး၍ တိုးမပေါက်တော့ပါ။ ပေါင်မုန်.၊ နွားနို့ အသားငါး အစရှိသော အရေးတကြီး လိုအပ်ရာရာတွေကို အလုအယက်ဝယ်တတ်ကြသည်။ နောက်ရက်တွေ အပြင်မထွက်နိင်လျှင် စားစရာ မပြတ်ရအောင် သိုလှောင်ထားတတ်သည့် သူတို.ဓလေ့ ကိုရထားပြီးဖြစ်သော ကျွန်တော်သည်လည်း ဆူပါမားကက်တွင် စားစရာ ၀င်ဝယ်ပါသည်။ ဓါတ်ဆီလည်း တိုင်ကီအပြည့် ဖြည့်ထားရပါသည်။ ကားထဲတွင် အရေးပေါ်ပစ္စည်းများ အဖြစ် သောက်ရေ၊ စားစရာ ၊ဓါတ်မီး ၊နှင်းစီး ဘွတ်ဖိနပ် ၊အ၀တ်အပို၊ စောင် ၊နှင်းကော်စရာ ဂေါ်ပြား ၊ရေခဲ ဖျော်စရာ (de-icer) ၊ သွားတိုက်ဆေး၊ သွားပွတ်တံ စသည်ဖြင့် ပြည့်စုံအောင် ထည့်ထားပါသည်။ အဆင်မသင့်လျှင် တစ်မိုင် နှစ်မိုင် ခရီးလောက်မှာပင် နာရီပေါင်းများစွာ ကားထဲ၌ ပိတ်မိနေနိင်ပါသည်။ မိမိအရပ်မဟုတ်ပါက အောက်သို့လည်း ဆင်း၍မဖြစ်သောကြောင့် ကားထဲမှာဘဲ အပူငွေ.ဖွင့်ပြီး နေကြရပါသည်။ (ဤအခါမျိုးတွင် ဆီးသွားချင်သော ဒုက္ခနှင့်တွေ.ပါက ကားထဲတွင်ပင် ကိစ္စပြီးစီးနိင်အောင် ကျွတ်ကျွတ်အိတ်၊ ပလပ်စတစ်ပုံး စသည်များလည်း ဆောင်ထားသင့်ပါသေးသည်)။ တစ်နှစ်တုန်းက နှင်းတွေကျပြီး လမ်းများလုံးဝ ပိတ်သွားသောကြောင့် အိမ်မပြန်နိင်ဘဲ ဆေးရုံမှာ တစ်ည အိပ်ခဲ့ရဘူးပါသည်။

ကျွန်တော် အလုပ်သွားရာ လမ်း( အေ-၄၆၅) မှာ တောင်ပေါ်လမ်းဖြစ်ပြီး လမ်းဘေးမှာ ကျောက်တောင်တွေ ရေတံခွန်တွေ တောအုပ်တွေ နှင့် နွေဦးကာလမှာ ဆိုလျှင် အင်မတန်သာယာပါသည်။ ယခုတော့ ရေတံခွန်က ကျတဲ့ရေတွေ ခဲသွားပြီး ရေခဲကျောက်စက်တွေ အချောင်းအချောင်း တွဲလွဲခိုနေသည်ကို မြင်ရပါသည်။ အရွက်မရှိတော့သော သစ်ပင်သစ်ကိုင်းတွေပေါ်မှာ နှင်းတွေတင်နေသည်မှာ ၀ါဂွမ်းဖတ်လေးတွေ တင်ထားသည်နှင်း တူလှပါသည်။ ရေကန်ကလေးတွေ ချောင်းကလေးတွေလည်း အပေါ်ယံမှာ ခဲနေပါပြီ။ ရေပြင်မှာ သမန်တလင်း လိုဖြစ်သွားပြီး ကြွေကျလာသော သစ်ကိုင်းခြောက်ကလေးများမှာ အောက်သို. မြုပ်မသွားဘဲ ရေခဲပြင်တွင် တင်နေပါသည်။ အိမ်တံစက်မြတ်မှ တစက်စက် ကျလာသော ရေများလည်း ကျနေရင်းမှာပင် တဖြည်းဖြည်း ခဲသွားပြီး ၁ပေ ၂ပေ ခန်. ရှည်သည့် ရေခဲအချောင်းများ ဖြစ်သွားကြပါသည်။ လမ်းဘေး ကွင်းပြင်တွေ အဆောက်အဦး တွေ အပေါ်မှာလည်း နှင်းတွေဖုံးနေပြီး လောကဓါတ်ကြီး တစ်ခုလုံး ဖြူဖွေးတောက်ပနေပါသည်။ အေးလိုက်သည်မှာလည်း အလွန်ပါဘဲ။ (ဗမာပြည်က ရေခဲသေတ္တာတွေ ဆိုလျှင်တော့ မီးအားမပြည့်လို့ ယခုလောက် အေးနိင်မည် မထင်ပါ)။

လမ်းပေါ်တွင် တစ်ချို.ကားများမှာ ရှေ.မှန်နောက်မှန် တို.ကိုသာ ခြစ်ချပြီး ခေါင်မိုးပေါ်က နှင်းတွေကို မခြစ်နိင်ဘဲ မောင်းလာပါသည်။ လေးဘက်လေးတန်က ဓါးနှင့် ဖြတ်ထားသလို ရှိသော လေးထောင့် နှင်းလွှာထူထူကို ကားအမိုးပေါ်မှာ မြင်ရသည်မှာ ၊ထွာဆိုင် မျှလောက်ထူသော နှင်းမွေ.ရာကြီးကို ကားအမိုးပေါ် တင်လာသည်နှင့် တူလှပါသည်။

 


နှင်းကျခါစ တစ်ရက်နှစ်ရက်မှာ ဖြူဖွေးပြီး ကြည့်၍ကောင်းသော်လည်း ၃-၄ ရက်လောက် ရှိလာသောအခါ အောက်ခံကတ္တရာစေး၊ ရွှံ.နှင့်ရောပြီး ဗွက်ပေါက်လာကာ အရုပ်ဆိုး လာပါသည်။ နှင်းပေါ်မှာ ကားဘီးရာ လူခြေရာများနှင့် နယ်ထားသကဲ့သို့ဖြစ်ပြီး ညစ်ပတ် မဲပုတ်သော ရေခဲ ရွှံ.ဗွက် တွေ ဖြစ်လာပါသည်။ တရားသဘောနှင့် ဆင်ခြင်ပါက ဖြူဖွေးလှပသော နှင်းပွင့်များ အဆင့်ဆင့်ရွေ.လျှော ပျက်စီးသွားသည့် နှင်း၏အနိစ္စ အခြင်းအရာကို ကောင်းစွာ တွေ.နိင်ပါသည်။

ဆေးရုံရောက်ခါနီးမှာတော့ (အေ -၄၆၅) လမ်းမကြီးမှ (အေ-၄၀၄၈) လမ်းသေးထဲသို. ချိုးဝင်ရပါသည်။ လမ်းမကြီးပေါ်မှာ နှင်းတွေ ဖယ်ပေးထားသဖြင့် ပြသာနာမရှိလှသော်လည်း လမ်းသေးထဲမှာကျတော့ မချော်အောင် အတော်ဂရုစိုက်ပြီး မောင်းရပါသည်။

ကားအချို.မှာ နှင်းထဲမှာ ဆက်မသွားနိင်တော့သဖြင့် ကားကို လမ်းဘေးတွင် ထားပစ်ခဲ့ပြီး လူတွေက အိမ်အရောက် လမ်းလျှောက်သွားကြပါသည်။ တချို. ကတော့ ကားထွက်မည့်နေရာတွင် ရှိသည့်နှင်းတွေကို ဂေါ်ပြားများနှင့်ကော်၍ လမ်းရှင်းနေကြပါသည်။

ဆေးရုံမရောက်ခင် လမ်းပေါ်မှာ ရှေ.မှာ ကားများ လမ်းချော်နေသဖြင့် ဆက်မသွားနိင်ဘဲ ရပ်စောင့်နေရပြန်ပါသည်။ ကျွန်တော်သည် ကားကို နှင်းထဲမှာ တရွေ.ရွေ.မောင်းရင်း ကားထဲမှာ ပါသည့် စီဒီကို ဖွင့်လိုက်ရာ မွေးဌာနီ အညာရပ်ဆီသို. ရော်ရည်မျှော်မှန်း စိတ်ဝယ်တမ်းတ လွမ်းရပါသည် ဆိုသော သန်းထွန်းလေး ၏ မမေ့သော အညာ သီချင်းသံထွက်လာပါသည်။ သုညအောက် (-၃ံ) မှ (-၈ံ) လောက်အေးသော နှင်းတွေထဲမှာ ဗမာပြည်က အညာအကြောင်း သီချင်းသံကို ကြားလိုက်ရတော့ အညာနေ ပူပူအောက်မှာ လှည်းလမ်းကြောင်း တလျှောက် ဖုံလုံးကြီးတွေ တလိမ့်လိမ့် တက်တာ မြင်ယောင်ပြီး ဗမာပြည်ကို ချက်ခြင်း ပြန်ပြေးချင်စိတ် ပေါ်ပေါက်လာပါသည်။ နေရောင်တောက်တောက်မှာ အင်္ကျင်္ီ ပါးပါး လုံခြည်ပါးပါး ဖိနပ်ပါးပါးနှင့် သွားလာနေကြမည့် ဗမာလူမျိုးများကို မြင်ယောင်၍ အားကျမိသည်။ သို.သော်လည်း ပျော်ရာမှာ မနေရ တော်ရာမှာ နေရ သည်ဘ၀ သည် အဖြစ်မျိုး လူတိုင်းကြုံဘူးကြလိမ့်မည် ဆိုသော ကျွန်တော့် မွေးဌာနီ သီချင်းထဲကလိုပင် ဘ၀ပေး ကံစီမံရာ နေကြရသော ကျွန်တော်တို. ဘ၀မှာ ဘာမှ မတတ်နိင်ပါ။အို- အခုအေးပေမယ်လို့ နွေကျရင် အင်မတန်သာယာပြီးနေကောင်းအုန်းမှာဘဲလေ ဟုသာ စိတ်ကိုဖြေပြီး နှင်းထဲမှာ ပျော်ပျော်ကြီး သီးချင်းဆိုပြီးကားကို ဆက်မောင်းလာခဲ့ပါသည်။

တစ်ခါက ဆေးရုံက ဧည့်ကြို အမျိုးသမီးက မေးဘူးပါသည်။ ဒေါက်တာ က အင်မတန် ရာသီ ဥတု ကောင်းပြီး ပူနွေးတဲ့ ဗမာပြည်က ဖြစ်ရက်နဲ့ အခုလို ရေခဲသေတ္တာထဲက ဘ၀ကို ဘာလို. လာနေတာလဲ ဟု မေးပါသည်။ သူ.မေးခွန်းကို ကျွန်တော် မဖြေနိင်ပါ။ ဘာကြောင့် ဒီလောက်တောင် အေးတဲ့အရပ်မှာ လာနေရသည်ကို မိမိကိုယ်တိုင်လည်း မသိတော့ပါ။ သူ.မေးခွန်းကို ကျွန်တော် မဖြေနိင်ပါ။ ဘာကြောင့် ဒီလောက်တောင်အေးတဲ့ အရပ်မှာ လာနေရသည်ကို မိမိကိုယ်တိုင်လည်း မသိတော့ပါ။ ရှေးဘ၀များက သူများတွေကို ချမ်းတုန်နေအောင် တနည်းနည်းနဲ. ပြုမိခဲ့တဲ့ ကံအကျိုးပေးပေါ့ဟု အောက်မေ့မိပါသည်။

ခရစ်မတ် ရက်မှစ၍ ကျသောနှင်းမှာ ယခုစာရေးနေသော ဇန္န၀ါရီ ၇ ရက် အထိ မရပ်သေးပါ။ အင်္ဂလန် တစ်နိင်ငံလုံး အနှံ.အပြားကျပါသည်။ နှင်းထုမှာ နေရာ အနိမ့်အမြင့် လိုက်၍ ၂ လက္မ မှ ၁၀ လက္မ တစ်ပေကျော် အထိ ထူပါသည်။ နှင်း ဆက်တိုက် ကျသဖြင့် လမ်းပန်း အဆက်အသွယ်များ အတော်ပင် ပိတ်ဆို.လျှက် ရှိနေပါပြီ။ ရထားများ ကားများလည်း အချိန်အတိုင်း မပြေးနိင်တော့ပါ။ လေယဉ်ပြေးလမ်းများ နှင်းဖုံးသဖြင့် လေယာဉ်များလည်း ခရီးစဉ် ဖျက်ကြရပါသည်။ ယခုရက်ပိုင်းများ ခရီးစဉ် ဖျက်ရသော လေယဉ်ပေါင်း အစီး ၄၀၀ ကျော်ပြီးဟု သိရပါသည်။ ကျောင်းများလည်း အားလုံးလိုလို ပိတ်ထားရသဖြင့် ကလေးများမှာ ပွဲကြီးပွဲကောင်းတွေ.၍ ပျော်နေကြပါသည်။ ကလေးမိဘများမှာမူ ကလေးထိန်းပေးမည့်သူ အိမ်မှာ မရှိ၍ သူတို.ပါ အလုပ်မသွားဘဲ ကလေးထိန်းနေကြရပါသည်။ကျွန်တော်တို. ကဲ့သို. အလုပ်သွားနေရသူများ မှာတော့ နှင်းတွေ မြန်မြန်အရည်ပျော်ပါစေ၊ မိုးရွာပါစေ ဟုသာ ဆုတောင်းမိပါသည်။

မိုးလေ၀သ ဌာနကလည်း ရှေ.လျှောက် အအေးပေါ့စရာ မမြင်၊ ပို၍သာ အေးလာဦးမည်၊ နှင်းပိုကျဦးမည်ဟု ဆိုပြန်ပါသည်။ ဤသို.သာ ဆက်၍အေးနေမည်ဆိုလျှင် အပူငွေ.ပေးစရာ လောင်စာ ဓါတ်ငွေ. (Gas) မကြာခင် ကုန်သွားနိင်ဘွယ်ရာ ရှိသည်၊ အစိုးရ အနေနှင့် ဓါတ်ငွေ.ကို အခြားနိင်ငံများမှ အရေးပေါ်ဝယ်ဖို. လိုလိမ့်မည် စသည်ဖြင့် သတင်းစာများတွင် သတိပေရေးကြပါသည်။ အင်္ဂလန်နိင်ငံတွင် ပြင်သစ်၊ဂျာမနီ၊နော်ဝေး၊ရုရှား စသော အခြားသော ဥရောပ နိင်ငံတွေလောက် နှင်းထူထူကျလေ့မရှိသဖြင့် ယခုလို အရေးပေါ်အအေးလွန်အခြေအနေပေါ်လာသောအခါ ကောင်းစွာမကိုင်တွယ်နိင်ပါ။ ကိုင်တွယ်ဖြေရှင်းရန် စီမံကိန်း၊ ကိရိယာတန်ဆာပလာလည်း လုံလောက်အောင် မရှိပါ။လမ်းပေါ်မှာ ဖြူးပေးစရာ သဲဆား( salt grit) များလည်း ၁ ရက် ၂ ရက် အတွင်းပြတ်ထွက် သွားပါတော့သည်။ ၎င်း ဆားရောပြီးသား သဲမှာ ချက်ရှိုင်းယား( Cheshire) နယ် (Winsford) အရပ်နှင့် ( Cleveland) အရပ်တွင် ရှိသည့် ဆားတွင်းများမှ ထွက်ပါသည်။ နှစ်တိုင်း ဆောင်းဝင်ချိန်တွင် တစ်ပြည်လုံးရှိ လမ်းများပေါ်တွင်ဖြူးရန် ဤနေရာများမှ လုံလောက်စွာ ပေးနိင်သော်လည်း ယခုနှစ်တွင်တော့ လောက်ငလိမ့်မည် မဟုတ်ဟု သတင်းစာများက ဆိုပါသည်။

ဗြိတိသျှ ၀န်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက ကမ္ဘာကြီး ပူနွေးလာမှု (Global warming) ကို တားမြစ်အောင် သူကြိုးစားပါ့မည် ဟု တလောက ကတိစကား ပြောထားတာ ရှိပါသည်။ ယခုဗြုံးကနဲ အအေးလှိုင်းဓါတ်ကြီး ၀င်လာသောအခါ မစ္စတာ ဘရောင်း တယ်စွမ်းပါလား ၊သူပြော လိုက်တာနဲ. ကမ္ဘာကြီး ချက်ချင်းအေးသွားပြီ ဟု တီဗီ သတင်းကြေငြာသူ တစ်ဦးက ပျက်ရယ် ပြုတာ ကြားလိုက်ရပါသေးသည်။

နှင်းကျခါစမှာတော့ နှင်းပွင့်ကလေးတွေ တကယ် ကျတာလားလို.ကြည့်ရင်း  တက္ကသိုလ်မှာ ဝေတဲ့နှင်းရယ် ၊နှင်းကလေးတွေမှ ဟုတ်ရဲ.လား ဆိုသော တက္ကသိုလ်မှာ ဝေတဲ့နှင်း သီချင်းကို ဆိုမိသည်။ ဖြူဖွေးသော နှင်းပွင့်ကလေးတွေ လှပသာယာနေချိန်မှာ မာမာအေး၏ နှင်းတွေဝေမှဖြင့်ကွယ် သီချင်းကို သတိရ သီကျုးမိပြန်သော်လည်း နှစ်ပတ်လောက် ဆက်တိုက်အေးပြီး ရေခဲများ နှင်းခဲများ မပျော်နိင်သောအခါမှာတော့ ရာသီဥတုနွေးနွေး လေးရောက်ပါစေတော့ ဟု ဆုတောင်းရင်း နှင်းပျောက်တဲ့နွေ သီချင်းကို ဆိုညည်းကာ နွေဦးပေါက်ရာသီ (spring) ကို တမ်းတမိပါတော့သည်။

 

                                                                          လှဘူး (ဇန္န၀ါရီ-၂၀၁၀)