User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

 နမ္မားပို့စ် 

နမ္မားမြို့ကလေးက နေ မြို့ပြင်ထွက် တော်စပ်စပ်လေးမှာ မြေနီလမ်းငယ်လေးက ကွေ့ပတ်ပြီး တောင်ကုန်းတွေပေါ် နှစ်ယောက်သား ဆလံကမ္ဘာ ဆိုတဲ့ လမ်းပြတယောက်နဲ့ အတူ စကားတပြောပြော နဲ့ တက်ကြတာပေါ့။နောက်ပိုင်းတောင်ကုန်းက မြင့်လာပြီး တောက ပိုနက်လာသဗျ။ လမ်းကလေးက ကျဉ်းသထက်ကျဉ်းလာ။ နောက်ဆုံး သုံးနာရီကျော်ကျော် လောက်လျောက်တက်မိတဲ့ အခါ တောနက်က တောင်ကုန်းမြင့် တခု ဘွားကနဲပေါ်လာပြီး တောင်ကုန်းအောက်ခြေ ပတ်ပတ်လည်ကို ၀ါးခြံစည်းရိုးတွေ ပတ်ခတ်ထားတဲ့ နမ္မား ရှေ့တန်းစခန်း ကိုရောက်လာပါတော့တယ်။ စခန်း ခြံစည်းရိုးတွေ အပြင်မှာ ကတုတ်ကျင်း ပတ်လည်တူးထားသလို မြောင်းထဲမှာ ညှောင့်တွေ တွေ့ရပါတယ်။အတူ ပါတဲ့ ၀သုန်က လမ်းဘေးကို လုံးဝမနင်းနဲ့နော် မိုင်းတွေရှိတယ်လို့သတိပေးပါတယ်။ဘုရား ဘုရား မိုင်း ဆိုပါ့လား။

 

 ခြံစည်းရိုး အပြင်ကနေ အသံပေးလိုက်ကတည်းက တောင်ကုန်းပေါ်မှာ ယူနီဖေါင်း အပြည့် လက်နက်ငယ်တွေ ကိုယ်စီနဲ့ ရဲဘော်တွေက လက်တွေဝှေ့ပြီး ၀သုန် ကို အော်ဟစ်ကြိုနေကြပါတယ်။ဝသုန်တက်လာမယ်ဆိုတာ ကြိုသိထားပုံပါပဲ။ ကျွန်တော့်စိတ်ထဲမှာတော့ ငါသည်ကား  ဧကန်စင်စစ် သူပုန်ကြီးလုံးလုံး ဖြစ်ခွင့်ရခဲ့ပြီတကားလို့ ဥဒါန်း ကျူးရင့်နေမိပါတယ်။ တောင်ကုန်းထိပ်ပေါ်တက်သွားတဲ့အခါမှာ တော့ ပြောက်ကျားစစ်ဝတ်စုံတွေနဲ့ ရဲဘော်တွေက ၀သုန်ကို ဖက်ပြီးနုတ်ဆက်ကြပါတယ်။တောင်ကုန်းထိပ်မှာ ရုန်းရွက်တွေနဲ့မိုးကာထားတဲ့ တဲလေးတွေ အမြောက်အမြားတွေ့ ရပြီး တဲ တွေကိုပတ်ပြီး ခါးသာသာနက်တဲ့ မြေကတုတ်မြောင်း ရှည်တခုက ကွေ့ပတ်ထားပါတယ်။ဝသုန်က ကျွန်တော်ကို ဒါရဲဘော်သစ် ကိုထိန်လင်း အိန္ဒိယ ဘက်ကထွက်လာတာလို့ အကျဉ်းမိတ်ဆက်ပေးပါတယ်။ ပြီးတော့မှာ ခင်ဗျားကို အတွင်းရေးမှုးနဲ့ မိတ်ဆက်ပေးမယ်ဆိုပြီး ခေါ်သွားပါတယ်။ ရုန်းရွက်တွေ မိုးထားတဲ့ တဲတွေကို ကွေ့ပတ်ခေါ်သွားပြီး တဲခပ်ကြီးကြီး တလုံးထဲကို ၀င်လိုက်တဲ့ အချိန်မှာ မျက်နှာပြည့်ပြည့်အစ်အစ် ချေဂွေဗားရားဆောင်းတဲ့ ဦးထုပ်မျိုးလေးကို ခပ်စောင်းစောင်း ခေါင်းပေါ်တင်ထားတဲ့ လူတယောက်ကို ဒါက ကိုထိန်လင်း အိန္ဒိယ လေခွန်းစခန်းမှာ ၂ နှစ်လောက်နေပြီး ခုဒီဘက်ထွက်လာတာ ကိုဖိုးလုံး မနက်ကပဲ  ဆိုင်ကယ်နဲ့ လိုက်ပို့တာ သူနဲ့ တတန်းထဲလို့ပြောတာပဲလို့ မိတ်ဆက်ပေးပြီး။ကိုထိန်လင်း ဒါ ကျွန်တော်တို့ အတွင်းရေးမှုး(၁) ကိုမျိုးဝင်း ဆိုပြီး မိတ်ဆက်ပေးပါတယ်။ ဒါဟာ ကိုမျိုးဝင်းနဲ့ပထမဆုံးတွေ့ဘူးတာပါ။ မင်းမြတ်ကို ကိုသိလား။ဟုတ်တခါတော့ ဆုံဘူးပါတယ်။ မင်းတို့အိန္ဒယက ကောင်တွေ တော်တော် စည်းကမ်းပျက်တယ်လို့ကြားတယ် ၊ဒီတပ်မှာတော့ အဲဒီလိုမျိုးမရဘူးကွ။ဒါတော်လှန်ရေးတပ်။ဟုတ်ကဲ့ပေါ့။ ကိုမျိုးဝင်း စကားပြောတဲ့လေသံရော မျက်နှာကျကပါ မြန်မာရုပ်မျိုးမဟုတ်သလို၊ကချင်တွေနဲ့လည်းမတူ တာကိုသတိထားမိတယ်။နောက်မှ သိရတာက ရှမ်းနီလူမျိုးလို့သိရပါတယ်။ 

 

 ဒီနောက်ကျွန်တော်လည်း  ခဏလှဲနေလို့ရတဲ့ တဲလေးဆီပြန်လာပြီးနားပါတယ်။ အထဲမှာ မြေစိုက်ဝါးကုတင်လေးနှစ်လုံးရှိပါတယ်။ နေ့လည်စာစားဘို့လာခေါ်တော့ ထမင်းပန်းကန်ပြား ရှာကြည့်ပါသေးတယ်။တချပ်မှ မတွေ့တော့ ဘယ်လိုလုပ်စားကြမှာလဲလို့ ခေါင်းစားနေတုန်း တဲအပြင်မှာ မြေစိုက် ၀ါး စာပွဲပုလေးတခုကိုသတိပြုမိပါတယ်။ အပေါ်ကနေ အစိမ်းရောင် မိုးကာစ နဲ့ အသေရိုက်ခင်းထားသဗျ။ တယောက်က ထမင်းအိုးကို ယူလာပြီး အဲဒီမိုးကာပေါ် အိုးထဲက ထမင်းတွေကို အကုန်သွန်ပြီးပုံလိုက်ပါတယ်။ ပြီတော့မှ ဘေးက တယောက်စီထိုင်ပြီး သူ့ဘို့ ကိုယ့်ဘို့ အပုံလေးတွေ ခွဲပြီးပုံလိုက်တာကိုး နောက်မှ ပိန်းဥ တာတပေါဟင်းရည်လိုက်ဆန်းပြီး ငြုပ်သီးထောင်းနဲ့ ပေါ့ဗျာ။ဒါပေါ့ တော်လှန်ရေးထဲမှာ ဘယ်လိုလုပ် ပန်းကန်ပြားမျော်လင့်လို့ရမှာလဲ ။နောက် အားလုံးပြောင်အောင် စားပြီးတဲ့နောက် စားပွဲကို ရေနဲ့ ဆေးချ လိုက်ရပါတယ်။ အမယ်ရေက မပေါဘူးဗျ။ ဟိုးတောင်အောက်ကို ဆင်းပြီး ၀ါးကျဉ်ထောက်တွေနဲ့ သယ်ရသဗျ။ ကာဘိုင်ကိုင်ထားတဲ့ တယောက်က ရေသယ်မယ့်ကျွန်တော်တို့ ၂ယောက်ကို ရံပြီးလိုက်ပေးရတယ်။ ရှေ့တန်းစခန်းကိုး။

 

နမ္မား ပို့စ် မှာ ခဏနားပြီးတာနဲ့ ၀သုန် နဲ့ ကျွန်တော်  တို့ကို ကေအိုင်အေ က  ဆလံကမ္ဘာက ဦးဆောင်ပြီး  တပ်ရင်းငါး တပ်စွဲထားရာ တောတွင်းထဲဆီ အားလုံးကို နုတ်ဆက်ပြီးထွက်ခဲ့ကြပါတယ်။ညနေမှောင်တဲ့ အချိန်မှာ ရွှေတွင်းတခုကို ရောက်ကြပြီး စခန်းချကြသဗျ။ ရွှေတွင်းက လူတွေက ဆလံကမ္ဘာ နဲ့ ၀သုန်တို့ကို ကချင် အရက်တို့ အသားခြောက် ကင်တို့နဲ့ အသာကုန်ပြုစုကြသဗျ။ ဆလံကမ္ဘာထက် သူရှေ့ချထားတဲ့ ပစ္စတိုကို ပိုလေးစားကြဟန်ရှိသဗျ။ နောက်တနေ့ မှာ ရွှေတွင်းတွေ ကို ဗဟုသုတ အဖြစ် နည်းနည်းကြည့်ပြီး ဦးဆောင်သူ ဆလံကမ္ဘာနောက်ကို ကောက်ကောက် ပါအောင်လိုက်ခဲ့ပါတော့တယ်။ မလိုက်လို့ကလည်း မရဘူးလေဗျာ တောနက်ကြီးထဲမှာ ကိုယ်က ဘယ်သွားရမှန်းမှ မသိတာကိုး။

   တပ်ရင်း ငါး နယ်မြေ

 

တပ်ရင်းငါး ဟာ တကယ်တော့ ကေအိုင်အေ ရဲ့ တော်လှန်ရေးနယ်မြေ ဖြစ်ပါတယ်။ မိုးညှင်း မိုးကောင်း ဒေသ မန္တလေး မြစ်ကြီးနားမီးရထား လမ်းနဲ့ ဧရာဝတီ မြစ်ကြားမှာရှိပါတယ်။ အထူးသဖြင့် ရွှေတွင်း ကျောက်စိမ်းတွင်းများ ရှိတာမို့ ကေအိုင်အေ အတွက် စီးပွါးရေး အတွက် အလွန် အရေးပါတဲ့နေရာဗျ။ ကေအိုင်အေ တပ်ရင်း ၅ မှာ မဟာမိတ်တပ်အဖြစ် တွဲထိုင်တဲ့တပ်ကိုတော့ တပ်ရင်း (၇၀၁)လို့ခေါ်သဗျ။ ဒီနယ်မြေထဲမှာ တပ်ရင်း (ရ၀၁) ကောင်းသတင်းတွေက စစ်ကိုင်းတိုင်းကသာ အထိမွှေးသဗျ။ အထူးသဖြင့် ကျွန်တော်မရောက်ခင် လေးငါးလလောက်က မိုးညှင်းမြို့ကို ကေအိုင်အေ တပ်ဖွဲ့နဲ့ အတူ  ၀င်စီးပြီး လက်နက်တွေ ငွေတွေ နဲ့ ဆန္ဒပြတဲ့ကိစ္စ နဲ့ ဖမ်းထားတဲ့ အကျဉ်းသူ အကျဉ်းသားတွေ ကို ပါ ကယ်ထုတ်သွားတဲ့ စစ်ဆင်ရေး အပြီးမှာ ကျောင်းသားတပ် ဂုဏ်သတင်း မွေးပျံ့ခဲ့ပါတယ်။ ၇၀၁ ကနေ နမ္မားရှေ့တန်းစခန်းလိုပဲ မိုးညှင်း နားမှာ ရှေ့တန်းကုန်းတခု ကို တပ်စွဲထားနိုင်တဲ့ အထိ အခြေအနေက ကောင်းခဲ့သဗျ။ ရ၀၁ ရင်းကို ရောက်သွားတော့ ကျွန်တော်မျော်လင့်ထားသလို ကတုတ်ကျင်းတွေ ခြံစည်းရိုးတွေနဲ့  ကာရံပတ်ထားတဲ့ စခန်းမျိုးကြီး မဟုတ်ပဲ တောနက်ကြီးထဲမှာ တည်ထားတဲ့ ရွာကြီးတရွာနဲ့ ပိုတူသဗျ။ သစ်ပင်ကြီးတွေအောက်မှာ ဆင်ကြီး ၂ကောင် လောက်ကိုလည်း တွေ့ရသဗျ။ ကျွန်တော်တို့ ကျောင်းသားတွေ အတွက် နေရာမှာတော့  တဲကြီးတွေ တဲလေးတွေ အစီအရီတွေ့ရ သလို ဆောက်လက်စ တဲကြီးတွေလည်းတွေ့ရသဗျ။လောလောလတ်လတ် ရောက်လာတဲ့လူသစ်မို့ ရဲဘော်ဟောင်း တယောက် အောက်မှာ တခြား ကျွန်တော့်လို ရဲဘော်သစ် ၃ ယောက်နဲ့ တပ်စိတ်တခု အဖြစ် လောလောဆယ် အတူနေမယ်တဲ့ဗျ။ အဲဒီထဲက ကိုမျိုးနဲ့ ရဲလင်းအောင် ဆိုတဲ့ ကောင်လေး ၂ယောက်က မိုးညှင်း နမ္မား လက်က ကျောင်းတက် နေဆဲ ကျောင်းသားလေးတွေပါ။နေ၀င်းအောင် ဆို အလယ်တန်းကျောင်းသားလေးပါ။ စုဆောင်းရေး ဆွဲလာတာတော့ မဟုတ်ပါဘူး။ သူ့ ဦးလေးတွေ ရွာက လူတွေ  အများကြီးရှိတယ်ဆိုပြီး တက်လာတာပါ။ နောက်တယောက်က စိုးမင်းအောင် ။မန်းလေးကလို့ ပြောပါတယ်။သူ့အပြောအရ  အိမ်က စက်ဘီးကို ဖဲရိုက်ပေါင်ရိုက်မိတာလား ဂျင်ထိုးလိုက်မိတာလား တခုခုကြောင့် အိမ်ကနေ ထွက်ပြေးလာပြီး ၀န်းသို၊ ကောလင်း တ၀ိုက်မှာ ကြုံသလို လှည့်ပတ်စွေနေရာက ကျောင်းသားတပ်မတော် အကြောင်း ကြားပြီး မိုးညှင်း ဘက်ကနေတက်လာတာလို့ဆိုပါတယ်။ တပ်ရင်းငါး ကို ကျွန်တော်တို့ အရင်ရောက်ပြီး သင်တန်း ယူနေဆဲ မုံရွာကတက်လာတဲ့ အထက်တန်းကျောင်းသား အုပ်စုတွေကိုလည်းတွေ့ရတယ်ဗျ။ကျွန်တော်ရောက်တဲ့ရက်မှာတော့ သင်တန်းနားထားသဗျ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ရောက်ချင်လွန်းတဲ့ တော်လှန်ရေးနယ်မြေ စစ်စစ် တခုကိုတော့ ခြေချမိပြီဟဲ့ ဆိုပြီး ကျေနပ်ရင်း မောမောနဲ့ အိပ်ချလိုက်မိပါတော့တယ်။