User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

၂၀၁၁ နှစ်ကုန်ကနီး လောက်မှာ ကျွန်တော်ဟာ ကချင်ပြည်နယ် မြောက်ပိုင်းက ABSDFတပ်ဖွဲ့ တွင်းမှာ ကိုယ်တွေ့ကြုံခဲ့တဲ့ အချင်းချင်း သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး သန်းကြွယ်သူဌေး နဲ့ လူကက်ဆက် ဆိုတဲ့ ဆောင်းပါး ၂ပုဒ် စရေးဖြစ်ခဲ့ပါတယ်။ အဓိကတော့ ကျဆုံးခဲ့တဲ့ ကိုထွန်းအောင်ကျော် ကျဆုံးခဲ့ရတာ နှစ်ပေါင်း ၂၀ ပြည့်ဖြစ်တာမို့ သူတို့ကို ပေးခဲ့တဲ့ကတိစကားအတိုင်း သူတို့ရဲ့ သမိုင်းကြောင်း ကို ပြန်လည်ဖေါ်ထုတ်ချိန်တန်ပြီလို့ယူဆခဲ့တဲ့ အတွက် ဖြစ်ပါတယ်။မိသားစု နဲ့ အနုပညာ အလုပ် တာဝန်တွေကြားမှာ လည်နေတဲ့ သူတယောက်အနေနဲ့ အဲဒီ နှစ်ပုဒ်ကို ရေးနိုင်ဘို့ အတော်ကိုရုန်းကန်ပြီးရေးလိုက်ရတာပါ။ ဒါပေမယ့် အဲဒီနောက်မှာ FB စာမျက်နှာပေါ်ကနေ ကိုအောင်မိုးဝင်း သူငယ်ချင်းမောင်မောင်ဝမ်း တို့ ကိုသားဆွေတို့က တဆင့် မငယ် (နန်းအောင်ထွေးကြည်)ရဲ့ မှတ်တမ်းများကျော်ခိုင်ဝင်း ၊ ဖိုးစန်းတို့ကိုယ်တွေ့ ခံစားမှုတွေ အသီးသီး တက်ရေးလာပြီးတဲ့နောက်ပိုင်းမှာ မပ အရေး အပြန်အလှန် ဆွေးနွေးကြငြင်းခုံကြ တညံညံ ရှိခဲ့ကြပါတယ်။ နောက်ပိုင်း ကိုမောင်မောင်(ရွှေကရ၀ိတ်)ရဲ့ ဟင်္သာကိုးသောင်း ပုံပြင်စာအုပ်ကို ပုံနှိပ်ထုတ်ဝေ လိုက်ပြီးတဲ့နောက် အင်တာနက် မသုံးနိုင်တဲ့ ပြည်သူလူထုကြားကိုပါ ပြန့်နှံ့သွားခဲ့ပါတယ်။ ကျွန်တော်က တော့ ကိစ္စများမြှောင် လူတို့ဘောင်ကြား ဗျာများ ပြီး သိပ်များများလည်းမရေးနိုင် နောက်ပိုင်း ပြန်လှန်ရေးသားကြတဲ့  စာတွေကိုတောင် နပ်မှန်အောင်မဖတ်နိုင် တာမို့ တချို့က လည်း ကျွန်တော့် တယောက် ဒေါက်တာနိုင်အောင်တို့ လက်ခုပ်ထဲ ရောက်ပြီး ကြောက်လို့ အသံ တိတ်သွားပြီလို့ ဝေဖန်တဲ့သူလည်းရှိပေါ့ဗျာ။

ဒီလိုနဲ့ပြီးခဲ့တဲ့ သင်္ကြန်ရက် ဇာတိရွာကို အလည်တခေါက်ရောက်ဖြစ်ခဲ့သဗျ။ထုံးစံအတိုင်း ညဘက် ဟင်းချက်စားကြတဲ့ ၀ိုင်းမှာ လူကစုံပြီး နည်းနည်း အရှိန်လေးရလာတော့ ကျွန်တော့်ကိုအကြောင်းစပ်ပြီး မြောက်ပိုင်းကိစ္စ သအကြောင်းကို အားတက်သရော တယောက်တပေါက် ငြင်းကြခုံကြလုပ်နေတာကြည့်ပြီး တော်တော်ကို အံ့အားသင့်ခဲ့ရသဗျ။ အရင် ၂၀၀၅ ထောင်က လွတ်ပြီး ရွာသွားလည်တုန်းကတော့ ရွာက လူတွေအားလုံး လိုလို ဘောလုံးပွဲကိုညနက်ခံကြည့်ပြီး ဒေးဗစ်ဘက်ခ်ကမ်း တို့ ရိုနယ်ဒို တို့ ဇီဒိန်း တို့ အကြောင်း ငယ်ပေါင်းကြီးဖေါ်တွေအလား လက်ဘက်ရည်ဝိုင်းတိုင်းမှာ ပြောဆိုငြင်းခုံကြလို့ ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရဘူးတဲ့ ကျွန်တော့်ဟာ အခုအခေါက်ရွာ အရောက်မှာတော့ ရွာက လူတွေနဲ့ လက်ဘက်ရည်ဆိုင်ထိုင် အလှူသွားသွား မပကိစ္စ ကို အပြန်အလှန် ဆွေးနွေးပြောဆို ငြင်းခုံနေကြတာ ကြည့်ပြီး ပါးစပ် အဟောင်းသား ဖြစ်ခဲ့ပါတယ်။ ဟင်္သာကိုးသောင်းမှာ က ဘယ်လို မြောက်ပိုင်းက အရိုးတွန်သံမှာက ဘယ်ပုံ ထွန်းအောင်ကျော် နဲ့ချိုကြီးက ဘယ်လိုတော်တာ၊သန်းဇော်က ဘယ်အပတ်စဉ်ဆင်း။ ခင်ရွှေလှိုင် ဆောင်းပါးမှာက ဘယ်လို နဲ့ ဆွေးနွေးနေလိုက်ကြတာဗျာ။ ပွင့်ပွင်လင်းလင်း ပြောရရင် တချို့သူတို့ ပြောနေတဲ့ ဆောင်းပါး တချို့ကို ကိုယ်တောင် မဖတ်ဖူးသေးဘူးဗျ။ အမယ် ဆွမ်းခံကြွလာတဲ့ ကိုယ်တော်ကပါဝင်ပြီး သိုက်ထွန်းဦး အဖြစ်က မှ တော်တော်ဆိုးတာ ၀င်လုပ်နေလို့ ကိုယ်တော် ဆွမ်းစားချိန်တွေ လွန်နေဦးမယ် ဆွမ်းခံဆက်ကြွဘို့ သတိပေးရသဗျ။ ဒီဖြစ်စဉ်ဟာ ကျွန်တော်ကို ဒီအတွေ့အကြုံနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ရေးသား ဖေါ်ပြဘို့ တွန်းအားတခုပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။ တကယ်တမ်း ၁၉၈၈ ခု အာဏာသိမ်းပြီးနောက် ရွာရဲစခန်းမှာ တည အချူပ်ခံရပြီး နောက်တနေ့ ဇာတိမြေ မဲဇလီကုန်းရွာလေးက နေခြေရာဖျောက်ပြီး တော်တွင်းတော်လှန်ရေး လမ်းကြောင်းထဲ မျှောပါခဲ့တဲ့ ကျွန်တော် ၁၉၉၂ မှာ ပါဂျောင်က ထွက်ပြေး လွတ်မြောက်လာပြီးနောက်ရွာကို အခေါက်ခါက်ရောက်ခဲ့ပေမယ့် ဘယ်တုန်းကမှ ဒီအကြောင်း တိတိပပ မပြောခဲ့တာပါဘူး။ ဒီတခေါက်ရွာက ငယ်ပေါင်းဘော်ဒါတွေရဲ့ မပ စကားဝိုင်းဘေးနား ထိုင်နားထောင်ရင်း ဘာပဲဖြစ်ဖြစ် ငါ့ရွာသူရွာသားတွေ သူငယ်ချင်းတွေ ဒီလောက်စိတ်ဝင်စားနေမှဖြင့် ကြိုးစားတော့ရေးသင့်တယ်လို့ အတွေးမှာ ဖြစ်ခဲ့ပါတယ်။  နောက်ပြီး လူကက်ဆက် ရေး အပြီးမှာ အွန်လိုင်းမှာတွေ့ ကြတဲ့ မိတ်ဆွေတွေ ကိုလည်း  လွယ်လွယ်ပဲ ဟုတ်ကဲ့ဆက်ရေးပေးပါ့မယ် လို့ အကြောင်းပြန်ခဲ့ပြီး တကယ်လက်တွေ့ မရေးဖြစ်ခဲ့တာမို့ သူတို့ကို ကတိပေးခဲ့စကားတည်ဘို့ရာ အခုရေး လိုက်ပါတယ်။ ပါဂျောင် လူသတ်မှုကြီးမှာ ဘယ်သူတွေတာဝန်ရှိမရှိ ဆိုတာထက် လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော်က ဒီမိုကရေစီတော်လှန်ရေး အိပ်မက်ကို ရင်မှာပိုက်ပြီး ထွက်လာခဲ့တဲ့ လူငယ်တယောက်ရဲ့ မြန်မာပြည်မြောက်ပိုင်း နေ့ရက်များအကြောင်းပဲ ဖြစ်ပါတယ်။

                              မိုက်တွင်း နက်နက် နှစ်ခါပြန် တူးခဲ့သူ

  ကျွန်တော်နှင့် အတူ  ၁၉၉၂ မေလ ၂၂ ရက်နေ့ မှာ အတူ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ထဲက ကိုသိန်းနိုင်ချို က တို့ က မိုက်တွင်းနက်နက် တခါပဲတူးတာ ဗိုလ်ထိန်ကတော့ အိန္ဒိယ ဘက်သွားပြီး မိုက်တွင်းတူးပြီး ဒုက္ခခံတာအားမရ လို့ မြောက်ပိုင်းကိုတက်လာပြီး နက်နက် နှစ်ခါပြန်ထပ်တူးတာဗျ လို့ မှတ်ချက်ချပါတယ်။ သူပြောမယ်ဆိုလဲ ပြောစရာပါ။ ၁၉၈၈ အာဏာ သိမ်းပြီးကာစ စာအုပ်တွေဖတ်မိ တော့လည်း ဆရာလင်းယုန်မောင်မောင်ဘာသာပြန်တဲ့ ကတ်စ်ထရိုတို့ ဟိုချီမင်းတို့ ချေတို့ တော်လှန်ရေး စာအုပ်တွေဖတ်ပြီးတော့ လူကလည်း အတော်လေး သွေးကကြွနေသဗျ။အသက်ကလည်း ၂၀ ကျော်။ပါတီနိုင်ငံရေး ဆိုတာ ရန်ငါစည်း မပြတ်တဲ့ အကောင်တွေလုပ်တာ ။ ဖက်ဆစ်တပ်မတော် ကို ဒီမိုကရက်တစ်တပ်မတော် နဲ့ တိုက်ထုတ်ပြီးမှ ဒီမိုကရေစီနိုင်ငံသစ်ကြီး ထူထောင်နိုင်မယ်။ အဲဒါကြီး ပြီးတော့ မှ တက္ကသိုလ်ကျောင်းတော်ကြီးရင်ခွင် ကို ပြန်ခုံလှုံမယ်။ အဲဒီ အိမ်မက်တွေနဲ့ အာရှတိုက်ရဲ့ ဒီမိုကရေစီဖခင် အိန္ဒိယနိုင်ငံကြီး ကို ယုံစား အားကိုးပြီး တော်လှန်ရေးစဘို့ စိတ်တူကိုယ်တူ သူငယ်ချင်း စစ်နိုင်ဦး (အင်းစိန်မြို့နယ်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်)နဲ့ ထွက်သွားလိုက်တာ။ ဟိုရောက်တော့ တော်လှန်ရေးစနိုင်ဘို့နေနေသာသာ မဏိပူရပြည်နယ် က တောင်ကုန်းလေးပေါ်မှာ မ၀ရေစာသော ရိတ္ခာနဲ့ ဒုက္ခ မျိုးစုံကို ခါးစည်းခံကြရသဗျ။ အတူထွက်လာတဲ့ ကိုစစ်နိုင်ဦး ကတော့ ကျွန်တော် အိန္ဒိယက ထွက်လာပြီး နောက်ပိုင်း နယ်စပ်မှာ တိုက်ဖွိုက်ရောဂါ နဲ့ ကျဆုံးခဲ့ပါတယ်။ကျွန်တော်တို့နဲ့ အတူ မန်းလေး သပိတ်က ပန်းချီစစ်ငြိမ်းအေး တို့ ဒေါက်တာအောင်ကျော်ဦးတို့ အခု အာအက်ဖ်အေ သတင်းထောက်ဟောင်း ကိုညို တို့ အရှေ့ဘက်ရွေ့သွားတဲ့ ရဲဘော်သံခဲ ရဲဘော်သံဒုတ်တို့ ညီအကိုတွေရောပေါ့။နောက်မှာ အဲဒီ အကြောင်းရေး ပါဦးမယ်ဗျာ။ အိန္ဒိယ မှာ ၂ နှစ်ကြာ ဆိုတာမျိုးပေါ့။

 

ဒုက္ခမျိုးစုံ ပြသနာ မျိုးစုံ ကို ဖြတ်သန်းပြီးတဲ့နောက် ကိုရွှေ အိန္ဒိယ နိုင်ငံကြီး ဆီက လက်နက် အကူ အညီ ထားဦး ကိုယ်တွေ အတော်ကြီး အားကိုးမျော်လင့်ထားတဲ့ ၀န်ကြီးချူပ်မစ္စတာရာဂျစ်ဂန္ဓီက လည်း လုပ်ကြံခံရပါလေရော။ အဲဒီအချိန် NLD ပါတီကြီး အောင်ပွဲရတော့ အားလုံးပဲ အိမ်ပြန်ရတော့မလိုလို ဆိုတော့ စိတ်ထဲတောင် သိပ်မကြေနပ်ချင်ဘူးဗျ။ ကိုယ်တွေ တော်လှန်ရေးကြီး မနွဲလိုက်ရ ဘဲနဲ့ ဒီမိုကရေစီ ဆိုတာကြီး က ရသွားတော့မယ့် ပုံလိုဖြစ်နေတာကိုး။ နောက်တော့မှ လိမ်ဆင်ကြီး ဖြစ်နေတဲ့ အပြင် ဇာတ်က မျောတော့မယ်ဆိုတာပါ ကြိုမြင်လိုက်ရတော့ ဒီအိန္ဒိ ဒုက္ခသည်စခန်းမှာ ပဲနဲ့အာလူးစားပြီး နေ့စဉ် ဘယ်ညာ ဘယ်ညာ လုပ်နေမယ့် အစား အဓိပါယ်ရှိပြီး ရေရာတဲ့ တနေရာရာတော့သွားမှလို့ အတွေးက ဖြစ်လာသဗျ။အဲဒီအချိန် အိန္ဒိယက နေ ပြန်သွားတဲ့ ဆရာဦးရွှေထူးဆီ က မန္တလေး သံဃာထု နဲ့ တွဲပြီး ကံဆောင်ပွဲ ကိစ္စ မှာ မြောက်အောက် စာစောင် တွေ လုပ်ဘို့ ခဏလာလှုပ်ရှားနိုင်တဲ့လူရှိရင်လာဘို့ သတင်းစကားလေးတခု ရောက်ပါတယ်။ ဘယ်ရမလဲဗျာ မဏိပူရ ဒုက္ခသည်စခန်းရောက်မှ ကိုစစ်ငြိမ်းအေးရဲ့ ဆီ သင်းတန်းတက်ထားတဲ့ ပန်းချီလက်စွမ်းကလေး ကလည်း ပြချင်နေတာမို့ ။ အိန္ဒိယ စခန်းက နေ ပြည်တွင်းကို  ခိုးပြီးပြန်ဝင်ဖြစ်ခဲ့ပါတော့တယ်။ မပေါ့နဲ့ဗျ  အ၀င်လမ်းမှာ ကိုရွှေထောက်လှမ်းရေးများမရိပ်မိအောင် တမူးကနေ ကလေးမြို့ ထိ မိုင်ကိုးဆယ်ခရီးကို သုံးညအိပ် လေးရက်ခရီး နဲ့လမ်းလျောက်ပြီး ပြန်ဝင်လာတာ။ညဘက် တွေ့တဲ့ ထမင်းဆိုင် ၀င်စားပြီး ကြုံသလိုအိပ် နောက်တနေ့ ဆက်ထွက်။ဒီလိုခရီးဆက်ခဲ့ရသဗျ။ နောက်ဆုံးတော့ မန်းလေး ဘုရားကြီးဝင်းထဲရောက်။ ချိန်းထားတဲ့ အာသောကာရာမတိုက်ဘက် အထွက်မှာ လားလား ကံကဆိုးချင်တော့ ဘုရားကြီးထဲမှာလည်းစစ်သားချည်းပဲဗျာ။ တောင်ဘက်မုခ်ကနေ အာသောကာရာမတိုက်ဝင်းဘက်ကို သေနတ်နဲ့ ချိန်ထားတာတွေတွေ့တော့တာကိုး။ လမ်းပေါ်မှာက စစ်ကားကြီးတွေဗျ။ အာသောကာရာမတိုက်ထဲက နေ ဦးပဇင်းတွေကို လက်တွေခေါင်းပေါ်တင်ခိုင်းပြီး ဖမ်းခေါ်လာကြတာတွေတွေ့တော့ ဘာပြောကောင်းမလဲဗျာ တချိုးတည်း လစ်တော့တာပေါ့။

 

သွေးရူးသွေးတန်းနဲ့ ဘယ်ပြေးရင်ကောင်းမလဲ စဉ်းစားလိုက်တော့ မြင်းခြံ မှာ တက္ကသိုလ်တုန်းက အဆောင်မှာ အတူနေတဲ့ ဇော်လင်းဆိုတဲ့ သူငယ်ချင်းကိုသတိယပြီး လစ်တော့တာပေါ့။ ဟိုရောက်တော့ သူငယ်ချင်းက မိန်းမရပြီး ကလေးတောင်ရနေသဗျ။ဒီလိုနဲ့သူဆီမှာ ခဏခိုကပ် ပုန်းအောင်းနေရင်းက ကြာလာတော့ မြို့ခံ ဇော်လင်းရဲ့အသိထဲက လူတယောက်က ဒီလိုမေးလာသဗျ အကိုက ယူနိုက်တက်ဂျာမဏီက လာတာလားတဲ့ ။ကိုယ်က လည်းတော်တော်ပိန်းတာ။ ဘာကိုမေးတာလည်းဗျ လို့ ပြန်မေးမိသေးတယ်။ အကိုကလည်းအ လိုက်တာ ယူဂျီလား လို့မေးတာ မနေ့က တည်းခိုခန်းတွေမှာ လိုက်ပြီး ထင်လင်း ဆိုတဲ့လူ လာတည်းမတည်း မေးနေတာကြားလို့ အကို့နာမည် မျိုးနိုင်ဆိုတာတော့ မေးတဲ့ထဲ မပါပါဘူးတဲ့။ မနည်းရုပ်မပျက်အောင်ထိန်းလိုက်ရသဗျ။ ရွာက သူငယ်ချင်းမျိုးနိုင်ရဲ့ မှတ်ပုံတင်ကြီး နဲ့လျောက်ဒိုးနေတာကိုး။ နောက်ဆုံးတော့ ရေနံချောင်းကို လစ်သွားမိတာပေါ့။ ရေနံချောင်းမှာက အင်းဝဆောင်မှာ တခန်းတည်းနေခဲ့တဲ့ မောင်မောင်ဝမ်းတယောက်ရှိတယ်လေ။ ဒင်း က လည်း ရှစ်လေးလုံး ကာလမှာ အတော်လက်သံပြောင်ပြီး နာမည် ထွက်ခဲ့တာသိပေမယ့် တခြားလည်း စိတ်ချလက်ချ ပြေးပုန်းစရာနေရာ မရှိတာမို့ သူ့ဆီပဲပြေးရတော့တာပေါ့။သူကလည်း ၀မ်းပန်းတသာနဲ့ ကြိုရှာပါတယ်။ရောက်တဲ့နေ့ပဲ  ၂ယောက်သား မားမား မားမားနဲ့ လက်ဘက်ရည်ဆိုင်ရှိတဲ့ ဘက်ထွက်လာခဲ့ကြသဗျ။ မှတ်မှတ်ရရ လေကန်ပြီး အားရလို့ အပြန် ရဲစခန်းရှေ့ရောက်ပြီးနောက်မှာ စခန်းထဲက လူတယောက် ကိုမောင်မောင်ဝမ်း ခဏဆိုတာနဲ့ သူက ၀င်သွားပြီး ကျွန်တော်လည်းအူကြောင်ကြောင်နဲ့ သူ့အိမ် ပြန်လာခဲ့တယ်ဗျ။ညနေဘက် သူပြန်လာပြီး စိတ်မပူဘို့ပြောပေမယ့် ကျွန်တော်က သူ့ညီအိမ်မှာသွားအိပ် မယ်ဆုံးဖြတ်ပြီး ညီလုပ်တဲ့ေ မာင်မောင်တူး အိမ်မှာ နေလိုက်တယ်။(နောက်ညီတယောက်က မောင်မောင်သရီး တဲ့ဗျ)။ည လည်းရောက်ရော မောင်မောင်ဝမ်း အမေ ရောက်လာပြီး ပြောတယ် မောင်မောင်ဝမ်းကို စခန်းက တခေါက်လာခေါ်သွားပြန် တယ်တဲ့။ ဘာပြောကောင်းမလဲဗျာ နောက်တနေ့ ဝေလီဝေလင်းမှာတင် ဆိတ်တွေတင်တဲ့ကားကြီးတားပြီး ရေနံချောင်းကနေ သုတ်ခြေတင်ခဲ့တော့တာပေါ့။

 

အဲဒီကာလတုန်းက တနိုင်ငံလုံးမှာဥပဒေဘာသာသင်ယူတဲ့ သူမှန်သမျှ ရန်ကုန်တက္ကသိုလ် တခုတည်းမှာပဲ လာတက်ရသဗျ။ရလဒ်ကတော့ ဥပဒေတက်နေတဲ့ ကျောင်းသား သူငယ်ချင်းက မြို့တိုင်းမှာလိုလို ရှိနေတာ မို့ အရေးကြုံလို့ခုလို ပြေးရတော့ အတော်တော့ အဆင်ပြေသားဗျ။ ပြောရရင်တော့ အဲဒီ အချိန်က တော်လှန်ရေးစိတ်က ငယ်ထိပ်တက်နေတာမို့ ခုလို ခိုးကြောင်ခိုးဝှက်သွားလာနေရင်း သူ့ဖါသာ ကောင်းရောင်းကောင်းဝယ်သွားလာနေကြတဲ့ သူ မြင်ရင်ကို လူက အလိုလို ဒေါသက ထွက်နေသဗျ။ စစ်အစိုးရ ကြီးတခုလုံး ထင်သလိုခွစီးပြီး အုပ်ချူပ်နေကို မေ့ပြီး ဆန့်ကျင်ရကောင်းမှန်းမသိဘဲ နေရကောင်းလားပေါ့လေ။

 

 ဒီလိုနဲ့ အိန္ဒိယ ဘက်မှာနေခဲ့စဉ်က သတင်းသိုးသိုးသန့်သန့်က ရထားတာက မြောက်ပိုင်း ကေအိုင်အေ နယ်ဘက်ကို ထွက်သွားတဲ့ ကျောင်းသားတပ်ဖွဲ့မှာ လက်နက်တွေ ရပြီး တော်လှန်ရေးစနေပြီတဲ့။ အဲဒါနဲ့ ကသာရောက်သွားပါလေရော။ကသာမှာက အင်းဝဆောင်မှာ အတူနေခဲ့တဲ့ ဥပေဒကျောင်းသားပဲ ခင်မောင်လွင် ကရှိနေသဗျ။ ဖြစ်ချင်တော့ ကျွန်တော့်သူငယ်ချင်း ဥပဒေကျောင်းသားမောင်တွေ မှန်သမျှက လည်း အရေးတော်ပုံကြီးကာလမှာ ခေါင်းဆောင်တွေချည်း တက်ဖြစ်လာပုံရပါတယ်။သူက ကျွန်တော်ကို ၀မ်းပန်းတသာကြိုဆိုပြီး သူ့ မုန့်တိုက်မှာထားပြီး မြောက်ပိုင်းကျောင်းသားတပ်မတော် ရဲ့ တော်လှန်ရေး မှာ သူတို့ကသာက ရဲဘော်တွေ တက်ကြွစွာပါနေကြောင်း။သူ့ညီလည်းတောတွင်းမှာ ရှိနေကြောင်း ရွန်းရွန်းဝေအောင် ပြောပါလေရော။ သူ့အိမ်က မုန့်တိုက်ဗျ။ ခုတော့ မန်းလေးမှာ နိုဘယ်ကိတ်မုန့်တိုက်ဆိုပြီး အောင်မြင်နေပေါ့။ သူ့အိမ်မှာ နားနားနေတည်းပြီးတော့ သူ့ညွန်ကြားချက်အတိုင်း မိုးညှင်းမြို့ဆီထွက်လာခဲ့ပါရော။ မိုးညှင်းမှာက လည်း ဥပဒေက တတန်းထဲ မောင်ဖိုးလုံး(ခေါ်) ဇော်ဝင်းလတ် က ကျောင်းသားတပ်မတော်ရဲ့ မြေပေါ် ယူဂျီလုံးလုံး ဖြစ်နေပြန်ပါလေရောဗျာ။ ကုသိုလ်ကံ ဖန်လာပုံပြောပါတယ်။ ဘာမှ မပူနဲ့ဟေ့ကောင် ငါ့ညီ ကျော်ခိုင်လည်း အဲဒီမှာပဲ။ဒီနေ့ နမ္မား ခခန်းကို တက်မယ့်လူကြုံရှိတယ်။ ငါလိုက်ပို့မယ်ဆိုပြီး သူ့ ဆိုင်ကယ်လေးနဲ့ မောင်းပြီး  နမ္မားကိုလိုက်ပို့ လိုက်ပါရော။ အဲဒီမှာတင်ဆုံရတဲ့သူက  ကိုဝသုန်တဲ့ ဇာတိက ပုလိပ်မြို့က။နာမည်အရင်းတော့ ရှိပါလိမ့်မယ်။ ဒါပေမယ့် သူက ၀သုန်ဆိုတော့ အားလုံးကလည်း ၀သုန်ပဲပေါ့။ မပ ရဲ့ ကျောင်းသားတော်လှန်ရေး ရဲဘော်စစ်စစ် နဲ့ ပထမဦးဆုံးတွေ့ဘူးတာပဲဗျာ။ သူက မြေပေါ်ကို(မန်းလေးအထိသွားခဲ့ပုံရတယ်) တာဝန်နဲ့ဆင်းပြီး ပြန်အတက်မှာ ဖျားပြီး သောင်တင်နေပုံရသဗျ။နာလန်ထကာစပုံပဲ။သူ့ဆီက စကားလေးငါးခွန်းပြောရင် အကိုကြီး ဆိုတဲ့ စကားလုံးက တခါ အမြဲပါနေတာမို့။ ဘယ်သူ့ကိုပြောတာလဲမေးတော့ ဇော်လတ်က ဥက္ကဌ ကိုထွန်းအောင်ကျော်ကိုပြောတာလေကွာတဲ့ ။ဒီဝသုန်ဆိုတဲ့ လူက ကိုထွန်းအောင်ကျော်ကိုတော့ တော်တော်လေး လေးစားပုံပေါ် သဗျ။ သူက ကျွန်တော့်ကို နည်းနည်း အကဲခတ်ပြီး ဘယ် နယ်ကလည်း ဘယ်အဖွဲ့တွေကလည်း နည်းနည်းမေးတယ်ဗျ။ဒါပေမယ့် သူတို့ သူပုန်တွေ ရဲ့ မိုးညှင်းဝပ်ကျင်း အိမ်ရှင် ဇော်လတ်ကိုယ်တိုင်က တက္ကသိုလ်က သူ့ သူငယ်ချင်း အရင်းကြီးပါလို့ကိုယ်တိုင် လိုက်ပို့ပြီးရှင်းပြနေမှတော့ သိပ်လည်းစစ်စရာ ဆေးစရာ ဘယ်လိုတော့မှာလည်း ဗျာ။ဒီလိုနဲ့ ဇော်လတ်နဲ့ ဈေးလေးက ရှမ်းခေါက်ဆွဲလေးတပွဲ လွေးပြီး အပြန်မှာ ရှမ်းခေါက်ဆွဲ တပွဲညက်ခန့်အကြာမှာ မောင်ဇော်လတ်ကို ဘိုင့်ဘိုင် (အရေးတော်ပုံအောင်ရမည်) လုပ်အပြီးမှာ မောင်မင်းကြီးသား တော်လှန်ရေးသမားရင့်မကြီး မောင်ဝသုန် ဆိုတဲ့ ပုဂ္ဂိုလ်ကျော် ခေါ်ဆောင်ရာနောက်သို့ ကောက်ကောက် ပါအောင်လိုက်ပါရင်း အော် တောခိုတယ် ဆိုတာ တယ်လွယ်ပါလားလို့ တွေးပြီး ပြုံးခဲ့မိသေးသဗျာ။ ဖြစ်ပုံများ။ ဒါကြောင့်လည်း ကိုသိန်းနိုင်ချိုက ပြောခဲ့တာပေါ့ ။  မိုက်တွင်းကို နှစ်ခါပြန်ပြီး နက်နက်တူးတဲ့သူတဲ့။

                                                                                                                                                          ဆက်လက်၍ ဖေါ်ပြ ပါမည်။

                                                                                                                                                                      ပန်းချီထိန်လင်း