ဘဝ အတွေ့အကြုံ
- Details
- Written by ပန်းချီထိန်လင်း
- Category: ဘဝ အတွေ့အကြုံ
- Hits: 3838
နမ္မားပို့စ်
နမ္မားမြို့ကလေးက နေ မြို့ပြင်ထွက် တော်စပ်စပ်လေးမှာ မြေနီလမ်းငယ်လေးက ကွေ့ပတ်ပြီး တောင်ကုန်းတွေပေါ် နှစ်ယောက်သား ဆလံကမ္ဘာ ဆိုတဲ့ လမ်းပြတယောက်နဲ့ အတူ စကားတပြောပြော နဲ့ တက်ကြတာပေါ့။နောက်ပိုင်းတောင်ကုန်းက မြင့်လာပြီး တောက ပိုနက်လာသဗျ။ လမ်းကလေးက ကျဉ်းသထက်ကျဉ်းလာ။ နောက်ဆုံး သုံးနာရီကျော်ကျော် လောက်လျောက်တက်မိတဲ့ အခါ တောနက်က တောင်ကုန်းမြင့် တခု ဘွားကနဲပေါ်လာပြီး တောင်ကုန်းအောက်ခြေ ပတ်ပတ်လည်ကို ၀ါးခြံစည်းရိုးတွေ ပတ်ခတ်ထားတဲ့ နမ္မား ရှေ့တန်းစခန်း ကိုရောက်လာပါတော့တယ်။ စခန်း ခြံစည်းရိုးတွေ အပြင်မှာ ကတုတ်ကျင်း ပတ်လည်တူးထားသလို မြောင်းထဲမှာ ညှောင့်တွေ တွေ့ရပါတယ်။အတူ ပါတဲ့ ၀သုန်က လမ်းဘေးကို လုံးဝမနင်းနဲ့နော် မိုင်းတွေရှိတယ်လို့သတိပေးပါတယ်။ဘုရား ဘုရား မိုင်း ဆိုပါ့လား။
ခြံစည်းရိုး အပြင်ကနေ အသံပေးလိုက်ကတည်းက တောင်ကုန်းပေါ်မှာ ယူနီဖေါင်း အပြည့် လက်နက်ငယ်တွေ ကိုယ်စီနဲ့ ရဲဘော်တွေက လက်တွေဝှေ့ပြီး ၀သုန် ကို အော်ဟစ်ကြိုနေကြပါတယ်။ဝသုန်တက်လာမယ်ဆိုတာ ကြိုသိထားပုံပါပဲ။ ကျွန်တော့်စိတ်ထဲမှာတော့ ငါသည်ကား ဧကန်စင်စစ် သူပုန်ကြီးလုံးလုံး ဖြစ်ခွင့်ရခဲ့ပြီတကားလို့ ဥဒါန်း ကျူးရင့်နေမိပါတယ်။ တောင်ကုန်းထိပ်ပေါ်တက်သွားတဲ့အခါမှာ တော့ ပြောက်ကျားစစ်ဝတ်စုံတွေနဲ့ ရဲဘော်တွေက ၀သုန်ကို ဖက်ပြီးနုတ်ဆက်ကြပါတယ်။တောင်ကုန်းထိပ်မှာ ရုန်းရွက်တွေနဲ့မိုးကာထားတဲ့ တဲလေးတွေ အမြောက်အမြားတွေ့ ရပြီး တဲ တွေကိုပတ်ပြီး ခါးသာသာနက်တဲ့ မြေကတုတ်မြောင်း ရှည်တခုက ကွေ့ပတ်ထားပါတယ်။ဝသုန်က ကျွန်တော်ကို ဒါရဲဘော်သစ် ကိုထိန်လင်း အိန္ဒိယ ဘက်ကထွက်လာတာလို့ အကျဉ်းမိတ်ဆက်ပေးပါတယ်။ ပြီးတော့မှာ ခင်ဗျားကို အတွင်းရေးမှုးနဲ့ မိတ်ဆက်ပေးမယ်ဆိုပြီး ခေါ်သွားပါတယ်။ ရုန်းရွက်တွေ မိုးထားတဲ့ တဲတွေကို ကွေ့ပတ်ခေါ်သွားပြီး တဲခပ်ကြီးကြီး တလုံးထဲကို ၀င်လိုက်တဲ့ အချိန်မှာ မျက်နှာပြည့်ပြည့်အစ်အစ် ချေဂွေဗားရားဆောင်းတဲ့ ဦးထုပ်မျိုးလေးကို ခပ်စောင်းစောင်း ခေါင်းပေါ်တင်ထားတဲ့ လူတယောက်ကို ဒါက ကိုထိန်လင်း အိန္ဒိယ လေခွန်းစခန်းမှာ ၂ နှစ်လောက်နေပြီး ခုဒီဘက်ထွက်လာတာ ကိုဖိုးလုံး မနက်ကပဲ ဆိုင်ကယ်နဲ့ လိုက်ပို့တာ သူနဲ့ တတန်းထဲလို့ပြောတာပဲလို့ မိတ်ဆက်ပေးပြီး။ကိုထိန်လင်း ဒါ ကျွန်တော်တို့ အတွင်းရေးမှုး(၁) ကိုမျိုးဝင်း ဆိုပြီး မိတ်ဆက်ပေးပါတယ်။ ဒါဟာ ကိုမျိုးဝင်းနဲ့ပထမဆုံးတွေ့ဘူးတာပါ။ မင်းမြတ်ကို ကိုသိလား။ဟုတ်တခါတော့ ဆုံဘူးပါတယ်။ မင်းတို့အိန္ဒယက ကောင်တွေ တော်တော် စည်းကမ်းပျက်တယ်လို့ကြားတယ် ၊ဒီတပ်မှာတော့ အဲဒီလိုမျိုးမရဘူးကွ။ဒါတော်လှန်ရေးတပ်။ဟုတ်ကဲ့ပေါ့။ ကိုမျိုးဝင်း စကားပြောတဲ့လေသံရော မျက်နှာကျကပါ မြန်မာရုပ်မျိုးမဟုတ်သလို၊ကချင်တွေနဲ့လည်းမတူ တာကိုသတိထားမိတယ်။နောက်မှ သိရတာက ရှမ်းနီလူမျိုးလို့သိရပါတယ်။
ဒီနောက်ကျွန်တော်လည်း ခဏလှဲနေလို့ရတဲ့ တဲလေးဆီပြန်လာပြီးနားပါတယ်။ အထဲမှာ မြေစိုက်ဝါးကုတင်လေးနှစ်လုံးရှိပါတယ်။ နေ့လည်စာစားဘို့လာခေါ်တော့ ထမင်းပန်းကန်ပြား ရှာကြည့်ပါသေးတယ်။တချပ်မှ မတွေ့တော့ ဘယ်လိုလုပ်စားကြမှာလဲလို့ ခေါင်းစားနေတုန်း တဲအပြင်မှာ မြေစိုက် ၀ါး စာပွဲပုလေးတခုကိုသတိပြုမိပါတယ်။ အပေါ်ကနေ အစိမ်းရောင် မိုးကာစ နဲ့ အသေရိုက်ခင်းထားသဗျ။ တယောက်က ထမင်းအိုးကို ယူလာပြီး အဲဒီမိုးကာပေါ် အိုးထဲက ထမင်းတွေကို အကုန်သွန်ပြီးပုံလိုက်ပါတယ်။ ပြီတော့မှ ဘေးက တယောက်စီထိုင်ပြီး သူ့ဘို့ ကိုယ့်ဘို့ အပုံလေးတွေ ခွဲပြီးပုံလိုက်တာကိုး နောက်မှ ပိန်းဥ တာတပေါဟင်းရည်လိုက်ဆန်းပြီး ငြုပ်သီးထောင်းနဲ့ ပေါ့ဗျာ။ဒါပေါ့ တော်လှန်ရေးထဲမှာ ဘယ်လိုလုပ် ပန်းကန်ပြားမျော်လင့်လို့ရမှာလဲ ။နောက် အားလုံးပြောင်အောင် စားပြီးတဲ့နောက် စားပွဲကို ရေနဲ့ ဆေးချ လိုက်ရပါတယ်။ အမယ်ရေက မပေါဘူးဗျ။ ဟိုးတောင်အောက်ကို ဆင်းပြီး ၀ါးကျဉ်ထောက်တွေနဲ့ သယ်ရသဗျ။ ကာဘိုင်ကိုင်ထားတဲ့ တယောက်က ရေသယ်မယ့်ကျွန်တော်တို့ ၂ယောက်ကို ရံပြီးလိုက်ပေးရတယ်။ ရှေ့တန်းစခန်းကိုး။
နမ္မား ပို့စ် မှာ ခဏနားပြီးတာနဲ့ ၀သုန် နဲ့ ကျွန်တော် တို့ကို ကေအိုင်အေ က ဆလံကမ္ဘာက ဦးဆောင်ပြီး တပ်ရင်းငါး တပ်စွဲထားရာ တောတွင်းထဲဆီ အားလုံးကို နုတ်ဆက်ပြီးထွက်ခဲ့ကြပါတယ်။ညနေမှောင်တဲ့ အချိန်မှာ ရွှေတွင်းတခုကို ရောက်ကြပြီး စခန်းချကြသဗျ။ ရွှေတွင်းက လူတွေက ဆလံကမ္ဘာ နဲ့ ၀သုန်တို့ကို ကချင် အရက်တို့ အသားခြောက် ကင်တို့နဲ့ အသာကုန်ပြုစုကြသဗျ။ ဆလံကမ္ဘာထက် သူရှေ့ချထားတဲ့ ပစ္စတိုကို ပိုလေးစားကြဟန်ရှိသဗျ။ နောက်တနေ့ မှာ ရွှေတွင်းတွေ ကို ဗဟုသုတ အဖြစ် နည်းနည်းကြည့်ပြီး ဦးဆောင်သူ ဆလံကမ္ဘာနောက်ကို ကောက်ကောက် ပါအောင်လိုက်ခဲ့ပါတော့တယ်။ မလိုက်လို့ကလည်း မရဘူးလေဗျာ တောနက်ကြီးထဲမှာ ကိုယ်က ဘယ်သွားရမှန်းမှ မသိတာကိုး။
တပ်ရင်း ငါး နယ်မြေ
တပ်ရင်းငါး ဟာ တကယ်တော့ ကေအိုင်အေ ရဲ့ တော်လှန်ရေးနယ်မြေ ဖြစ်ပါတယ်။ မိုးညှင်း မိုးကောင်း ဒေသ မန္တလေး မြစ်ကြီးနားမီးရထား လမ်းနဲ့ ဧရာဝတီ မြစ်ကြားမှာရှိပါတယ်။ အထူးသဖြင့် ရွှေတွင်း ကျောက်စိမ်းတွင်းများ ရှိတာမို့ ကေအိုင်အေ အတွက် စီးပွါးရေး အတွက် အလွန် အရေးပါတဲ့နေရာဗျ။ ကေအိုင်အေ တပ်ရင်း ၅ မှာ မဟာမိတ်တပ်အဖြစ် တွဲထိုင်တဲ့တပ်ကိုတော့ တပ်ရင်း (၇၀၁)လို့ခေါ်သဗျ။ ဒီနယ်မြေထဲမှာ တပ်ရင်း (ရ၀၁) ကောင်းသတင်းတွေက စစ်ကိုင်းတိုင်းကသာ အထိမွှေးသဗျ။ အထူးသဖြင့် ကျွန်တော်မရောက်ခင် လေးငါးလလောက်က မိုးညှင်းမြို့ကို ကေအိုင်အေ တပ်ဖွဲ့နဲ့ အတူ ၀င်စီးပြီး လက်နက်တွေ ငွေတွေ နဲ့ ဆန္ဒပြတဲ့ကိစ္စ နဲ့ ဖမ်းထားတဲ့ အကျဉ်းသူ အကျဉ်းသားတွေ ကို ပါ ကယ်ထုတ်သွားတဲ့ စစ်ဆင်ရေး အပြီးမှာ ကျောင်းသားတပ် ဂုဏ်သတင်း မွေးပျံ့ခဲ့ပါတယ်။ ၇၀၁ ကနေ နမ္မားရှေ့တန်းစခန်းလိုပဲ မိုးညှင်း နားမှာ ရှေ့တန်းကုန်းတခု ကို တပ်စွဲထားနိုင်တဲ့ အထိ အခြေအနေက ကောင်းခဲ့သဗျ။ ရ၀၁ ရင်းကို ရောက်သွားတော့ ကျွန်တော်မျော်လင့်ထားသလို ကတုတ်ကျင်းတွေ ခြံစည်းရိုးတွေနဲ့ ကာရံပတ်ထားတဲ့ စခန်းမျိုးကြီး မဟုတ်ပဲ တောနက်ကြီးထဲမှာ တည်ထားတဲ့ ရွာကြီးတရွာနဲ့ ပိုတူသဗျ။ သစ်ပင်ကြီးတွေအောက်မှာ ဆင်ကြီး ၂ကောင် လောက်ကိုလည်း တွေ့ရသဗျ။ ကျွန်တော်တို့ ကျောင်းသားတွေ အတွက် နေရာမှာတော့ တဲကြီးတွေ တဲလေးတွေ အစီအရီတွေ့ရ သလို ဆောက်လက်စ တဲကြီးတွေလည်းတွေ့ရသဗျ။လောလောလတ်လတ် ရောက်လာတဲ့လူသစ်မို့ ရဲဘော်ဟောင်း တယောက် အောက်မှာ တခြား ကျွန်တော့်လို ရဲဘော်သစ် ၃ ယောက်နဲ့ တပ်စိတ်တခု အဖြစ် လောလောဆယ် အတူနေမယ်တဲ့ဗျ။ အဲဒီထဲက ကိုမျိုးနဲ့ ရဲလင်းအောင် ဆိုတဲ့ ကောင်လေး ၂ယောက်က မိုးညှင်း နမ္မား လက်က ကျောင်းတက် နေဆဲ ကျောင်းသားလေးတွေပါ။နေ၀င်းအောင် ဆို အလယ်တန်းကျောင်းသားလေးပါ။ စုဆောင်းရေး ဆွဲလာတာတော့ မဟုတ်ပါဘူး။ သူ့ ဦးလေးတွေ ရွာက လူတွေ အများကြီးရှိတယ်ဆိုပြီး တက်လာတာပါ။ နောက်တယောက်က စိုးမင်းအောင် ။မန်းလေးကလို့ ပြောပါတယ်။သူ့အပြောအရ အိမ်က စက်ဘီးကို ဖဲရိုက်ပေါင်ရိုက်မိတာလား ဂျင်ထိုးလိုက်မိတာလား တခုခုကြောင့် အိမ်ကနေ ထွက်ပြေးလာပြီး ၀န်းသို၊ ကောလင်း တ၀ိုက်မှာ ကြုံသလို လှည့်ပတ်စွေနေရာက ကျောင်းသားတပ်မတော် အကြောင်း ကြားပြီး မိုးညှင်း ဘက်ကနေတက်လာတာလို့ဆိုပါတယ်။ တပ်ရင်းငါး ကို ကျွန်တော်တို့ အရင်ရောက်ပြီး သင်တန်း ယူနေဆဲ မုံရွာကတက်လာတဲ့ အထက်တန်းကျောင်းသား အုပ်စုတွေကိုလည်းတွေ့ရတယ်ဗျ။ကျွန်တော်ရောက်တဲ့ရက်မှာတော့ သင်တန်းနားထားသဗျ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ရောက်ချင်လွန်းတဲ့ တော်လှန်ရေးနယ်မြေ စစ်စစ် တခုကိုတော့ ခြေချမိပြီဟဲ့ ဆိုပြီး ကျေနပ်ရင်း မောမောနဲ့ အိပ်ချလိုက်မိပါတော့တယ်။
- Details
- Written by ပန်းချီထိန်လင်း
- Category: ဘဝ အတွေ့အကြုံ
- Hits: 4320
၂၀၁၁ နှစ်ကုန်ကနီး လောက်မှာ ကျွန်တော်ဟာ ကချင်ပြည်နယ် မြောက်ပိုင်းက ABSDFတပ်ဖွဲ့ တွင်းမှာ ကိုယ်တွေ့ကြုံခဲ့တဲ့ အချင်းချင်း သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး သန်းကြွယ်သူဌေး နဲ့ လူကက်ဆက် ဆိုတဲ့ ဆောင်းပါး ၂ပုဒ် စရေးဖြစ်ခဲ့ပါတယ်။ အဓိကတော့ ကျဆုံးခဲ့တဲ့ ကိုထွန်းအောင်ကျော် ကျဆုံးခဲ့ရတာ နှစ်ပေါင်း ၂၀ ပြည့်ဖြစ်တာမို့ သူတို့ကို ပေးခဲ့တဲ့ကတိစကားအတိုင်း သူတို့ရဲ့ သမိုင်းကြောင်း ကို ပြန်လည်ဖေါ်ထုတ်ချိန်တန်ပြီလို့ယူဆခဲ့တဲ့ အတွက် ဖြစ်ပါတယ်။မိသားစု နဲ့ အနုပညာ အလုပ် တာဝန်တွေကြားမှာ လည်နေတဲ့ သူတယောက်အနေနဲ့ အဲဒီ နှစ်ပုဒ်ကို ရေးနိုင်ဘို့ အတော်ကိုရုန်းကန်ပြီးရေးလိုက်ရတာပါ။ ဒါပေမယ့် အဲဒီနောက်မှာ FB စာမျက်နှာပေါ်ကနေ ကိုအောင်မိုးဝင်း သူငယ်ချင်းမောင်မောင်ဝမ်း တို့ ကိုသားဆွေတို့က တဆင့် မငယ် (နန်းအောင်ထွေးကြည်)ရဲ့ မှတ်တမ်းများ ၊ကျော်ခိုင်ဝင်း ၊ ဖိုးစန်းတို့ကိုယ်တွေ့ ခံစားမှုတွေ အသီးသီး တက်ရေးလာပြီးတဲ့နောက်ပိုင်းမှာ မပ အရေး အပြန်အလှန် ဆွေးနွေးကြငြင်းခုံကြ တညံညံ ရှိခဲ့ကြပါတယ်။ နောက်ပိုင်း ကိုမောင်မောင်(ရွှေကရ၀ိတ်)ရဲ့ ဟင်္သာကိုးသောင်း ပုံပြင်စာအုပ်ကို ပုံနှိပ်ထုတ်ဝေ လိုက်ပြီးတဲ့နောက် အင်တာနက် မသုံးနိုင်တဲ့ ပြည်သူလူထုကြားကိုပါ ပြန့်နှံ့သွားခဲ့ပါတယ်။ ကျွန်တော်က တော့ ကိစ္စများမြှောင် လူတို့ဘောင်ကြား ဗျာများ ပြီး သိပ်များများလည်းမရေးနိုင် နောက်ပိုင်း ပြန်လှန်ရေးသားကြတဲ့ စာတွေကိုတောင် နပ်မှန်အောင်မဖတ်နိုင် တာမို့ တချို့က လည်း ကျွန်တော့် တယောက် ဒေါက်တာနိုင်အောင်တို့ လက်ခုပ်ထဲ ရောက်ပြီး ကြောက်လို့ အသံ တိတ်သွားပြီလို့ ဝေဖန်တဲ့သူလည်းရှိပေါ့ဗျာ။
ဒီလိုနဲ့ပြီးခဲ့တဲ့ သင်္ကြန်ရက် ဇာတိရွာကို အလည်တခေါက်ရောက်ဖြစ်ခဲ့သဗျ။ထုံးစံအတိုင်း ညဘက် ဟင်းချက်စားကြတဲ့ ၀ိုင်းမှာ လူကစုံပြီး နည်းနည်း အရှိန်လေးရလာတော့ ကျွန်တော့်ကိုအကြောင်းစပ်ပြီး မြောက်ပိုင်းကိစ္စ သအကြောင်းကို အားတက်သရော တယောက်တပေါက် ငြင်းကြခုံကြလုပ်နေတာကြည့်ပြီး တော်တော်ကို အံ့အားသင့်ခဲ့ရသဗျ။ အရင် ၂၀၀၅ ထောင်က လွတ်ပြီး ရွာသွားလည်တုန်းကတော့ ရွာက လူတွေအားလုံး လိုလို ဘောလုံးပွဲကိုညနက်ခံကြည့်ပြီး ဒေးဗစ်ဘက်ခ်ကမ်း တို့ ရိုနယ်ဒို တို့ ဇီဒိန်း တို့ အကြောင်း ငယ်ပေါင်းကြီးဖေါ်တွေအလား လက်ဘက်ရည်ဝိုင်းတိုင်းမှာ ပြောဆိုငြင်းခုံကြလို့ ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရဘူးတဲ့ ကျွန်တော့်ဟာ အခုအခေါက်ရွာ အရောက်မှာတော့ ရွာက လူတွေနဲ့ လက်ဘက်ရည်ဆိုင်ထိုင် အလှူသွားသွား မပကိစ္စ ကို အပြန်အလှန် ဆွေးနွေးပြောဆို ငြင်းခုံနေကြတာ ကြည့်ပြီး ပါးစပ် အဟောင်းသား ဖြစ်ခဲ့ပါတယ်။ ဟင်္သာကိုးသောင်းမှာ က ဘယ်လို မြောက်ပိုင်းက အရိုးတွန်သံမှာက ဘယ်ပုံ ထွန်းအောင်ကျော် နဲ့ချိုကြီးက ဘယ်လိုတော်တာ၊သန်းဇော်က ဘယ်အပတ်စဉ်ဆင်း။ ခင်ရွှေလှိုင် ဆောင်းပါးမှာက ဘယ်လို နဲ့ ဆွေးနွေးနေလိုက်ကြတာဗျာ။ ပွင့်ပွင်လင်းလင်း ပြောရရင် တချို့သူတို့ ပြောနေတဲ့ ဆောင်းပါး တချို့ကို ကိုယ်တောင် မဖတ်ဖူးသေးဘူးဗျ။ အမယ် ဆွမ်းခံကြွလာတဲ့ ကိုယ်တော်ကပါဝင်ပြီး သိုက်ထွန်းဦး အဖြစ်က မှ တော်တော်ဆိုးတာ ၀င်လုပ်နေလို့ ကိုယ်တော် ဆွမ်းစားချိန်တွေ လွန်နေဦးမယ် ဆွမ်းခံဆက်ကြွဘို့ သတိပေးရသဗျ။ ဒီဖြစ်စဉ်ဟာ ကျွန်တော်ကို ဒီအတွေ့အကြုံနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ရေးသား ဖေါ်ပြဘို့ တွန်းအားတခုပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။ တကယ်တမ်း ၁၉၈၈ ခု အာဏာသိမ်းပြီးနောက် ရွာရဲစခန်းမှာ တည အချူပ်ခံရပြီး နောက်တနေ့ ဇာတိမြေ မဲဇလီကုန်းရွာလေးက နေခြေရာဖျောက်ပြီး တော်တွင်းတော်လှန်ရေး လမ်းကြောင်းထဲ မျှောပါခဲ့တဲ့ ကျွန်တော် ၁၉၉၂ မှာ ပါဂျောင်က ထွက်ပြေး လွတ်မြောက်လာပြီးနောက်ရွာကို အခေါက်ခါက်ရောက်ခဲ့ပေမယ့် ဘယ်တုန်းကမှ ဒီအကြောင်း တိတိပပ မပြောခဲ့တာပါဘူး။ ဒီတခေါက်ရွာက ငယ်ပေါင်းဘော်ဒါတွေရဲ့ မပ စကားဝိုင်းဘေးနား ထိုင်နားထောင်ရင်း ဘာပဲဖြစ်ဖြစ် ငါ့ရွာသူရွာသားတွေ သူငယ်ချင်းတွေ ဒီလောက်စိတ်ဝင်စားနေမှဖြင့် ကြိုးစားတော့ရေးသင့်တယ်လို့ အတွေးမှာ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး လူကက်ဆက် ရေး အပြီးမှာ အွန်လိုင်းမှာတွေ့ ကြတဲ့ မိတ်ဆွေတွေ ကိုလည်း လွယ်လွယ်ပဲ ဟုတ်ကဲ့ဆက်ရေးပေးပါ့မယ် လို့ အကြောင်းပြန်ခဲ့ပြီး တကယ်လက်တွေ့ မရေးဖြစ်ခဲ့တာမို့ သူတို့ကို ကတိပေးခဲ့စကားတည်ဘို့ရာ အခုရေး လိုက်ပါတယ်။ ပါဂျောင် လူသတ်မှုကြီးမှာ ဘယ်သူတွေတာဝန်ရှိမရှိ ဆိုတာထက် လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော်က ဒီမိုကရေစီတော်လှန်ရေး အိပ်မက်ကို ရင်မှာပိုက်ပြီး ထွက်လာခဲ့တဲ့ လူငယ်တယောက်ရဲ့ မြန်မာပြည်မြောက်ပိုင်း နေ့ရက်များအကြောင်းပဲ ဖြစ်ပါတယ်။
- Details
- Written by မင်းညွန့်လှိုင်
- Category: ဘဝ အတွေ့အကြုံ
- Hits: 3859

ခွာအစုံတမြောက်မြောက်
ဇက်သတ်ထားတဲ့တိုက်မြင်း ။
အသစ်စက်စက်
ဂျင်းဘောင်းဘီ ဒူးခေါင်းအပြဲ ။
တိတိကျကျ
ဒရမ်ရိုက်ချက်များနဲ့
ရော့ခ်သီချင်းများ ။
မပစ်ဖောက်ရသေးတဲ့သေနတ်များ
မခူးဆွတ်ရသေးတဲ့နှင်းဆီပန်း ။
ဓားအိမ်ကိုထိုးခွဲမယ့်
မြိနေတဲ့ဓား ။
ခွဲစိတ်စားသုံးရန်အသင့်
နီနီရွဲရွဲပန်းသီး ။
အိပ်မက်ကြီးမဆန့်မပြဲနဲ့
ခရီးဆောင်ကျောပိုးအိတ် ။
လေအပြည့်အသိပ်ရွက်ဖောင်းဖောင်းနဲ့
ပင်လယ်ငတ်နေတဲ့ သင်္ဘော ။
အချက်ပေးခရာသံစုပ်ယူဖို့
ကောင်းကင်မျှော်နားရွက်များ ။
အဖိတ်အစင်မရှိ
အမိန့်ပြန်တမ်းမရှိ
ရွှေသားအတိနာရီများ ။ ။
မင်းညွန့်လှိုင်
- Details
- Written by ရန်လင်းအောင်
- Category: ဘဝ အတွေ့အကြုံ
- Hits: 4150
________________________
ငြီးငွေ့ဖွယ်
ဥသြသံရှည်ကြီးထဲ
ကွမ်းယာ ရမယ်၊ ဆေးလိပ် ရမယ် ၊
ရေသန့်ဗူး၊ စနိုးတာဝါ၊ စမူဆာ . . .ရမယ်
ထမင်းဗူး ရမယ်၊ လ္ဘက်ရည် ရမယ်၊
အအေးပုလင်း ရမယ် ၊
ရမယ် . . .ရမယ် …...ရမယ်
ခေတ်လား၊ စနစ်လား
ဘုရားသခင်လား ၊ကံတရားလား
ရမယ်ရှာ ပြီးပြောလိုတာပြောရရင်
ဥသြဆွဲသံ ဒီထက်မကပိုရှည်သွားနိုင်တယ် ။
ဥမမယ်စာမမြောက်
ဈေးတောင်းခါးစောင်းတင်
အက်ကြောင်းသံစုံမြည်
ဝမ်းရေးယန္တယားခွေးသွားစိပ်လေးတွေ . . . .
ချွေးစော် အရမ်းနံတယ်
သွေးထွက်သံယိုလည်း ရှိကောင်းရှိနိုင်တယ်
ဒီပန်းချီကား ခင်ဗျားလည်း
အလွယ်တကူခံစားနိုင်ရဲ့  မဟုတ်လား ။
ရထားထွက်သွားလည်း
အရွယ်နဲ့မလိုက်အောင် မနားရ
ရထားရပ်ထားလည်း
အရွယ်နဲ့မတန်အောင် မအားရ
ရထားက အချိန်နဲ့ရပ် အချိန်နဲ့သွား
ဒီသံသရာဟောင်းကတော့ ဘူတာမတွေ့နိုင်သေး
လက်ထဲက
အအေးပုလင်း၊ မပူခင်
အသော့နှင်မော့ချလိုက်ရတယ်၊
မူရင်းသံစဉ်မမီနိုင်ပေမယ့်
စာနာခြင်းတရား
ဘ၀တခြမ်းစာမက ဖဲ့စားသွား
ရထားထွက်သွားပေမယ့်
ကဗျာဟာ တရစပ်ရွာကောင်းနေတုန်းပဲ . . . ။
ရန်လင်းအောင်
- Details
- Written by ဆလိုင်းမြတ်နိုးသူ(တောင်ဇလပ်မြေ)
- Category: ဘဝ အတွေ့အကြုံ
- Hits: 5277

ငါ့လက်ထဲက သောင်တင်နေတဲ့ 
စပျစ်ရည်တစ်ခွက်ဟာ
တစ်ဘ၀လုံးမှာမှ တစ်ကြိမ်တစ်ခါပဲ
သောက်သုံးခွင့်ရှိမယ်ဆိုရင် အဲဒီစပျစ်ရည်ခွက်ကို
ငါ.........မှောက်သွန်ပစ်လိုက်
ဒီနေရာမှာ မင်းစဉ်းစားနေလိမ့်မယ်
ဒီကိစ္စမှာ ဘယ်လိုကောင်ပါလိမ့်လို့ မင်းတွေဝေနေလိမ့်မယ်
ဒါမှမဟုတ်လည်း မင်းပြောချင်ရာပြောလိုက်နိုင်တယ်။
(တကယ်တော့ ....ငါဆိုလိုချင်တာ)
မှော်ဆရာကြီးတစ်ယောက်က
ဓါးတစ်လက်ကို ပန်းတစ်ပွင့်အဖြစ် ပြောင်းလဲလိုက်သလိုမျိုး
ကမ္ဘာမှာ စစ်ပွဲတွေ ချုပ်ငြိမ်းသွားနိုင်ဖို့ မျှော်လင့်မှုမျိုးပါ။
ချောင်းကြည့်ပေါက်တွေကနေ လွတ်မြောက်လိုတဲ့ 
ငှက်တစ်ကောင်ရဲ့ ပျံသန်းမှုမျိုးပါ။
ဟုတ်ပါတယ်..
ငါမှောက်ပစ်လိုက်တဲ့ စပျစ်ရည်တစ်ခွက်ရဲ့  အဓိပ္ပါယ်ဟာ
မြင့်မြတ်တဲ့ ပေးဆပ်ခြင်းတစ်မျိုးပါ
ဟိမ၀န္တာတောအတွင်းက
ဘုရားလောင်းမျောက်မင်းရဲ့ အနစ်နာခံမှုမျိုးပါ....။
ဆလိုင်းမြတ်နိုးသူ(တောင်ဇလပ်မြေ)