ကဗျာ

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

နိုင်လိုစိတ်အပြည့်နဲ့ တိုက်ယူခဲ့တဲ့

ကျည်ဆံက စာနာမှုရဲ့ရင်ဘတ်တည့်တည့်ကိုမိသွားတယ်။

လက်မှတ်တချက် သေနတ်သံတစ်ချက်နဲ့

အရာရာတိုင်းအတွက် ကောင်းကျိုးဖြစ်ထွန်းပါစေ

အံကြိတ်ပီးပြောတဲ့ မုဆိုးမတို့အသံတွေ

ငေးရီနေတဲ့ မျက်ဝန်းနဲ့ 

အဖေပြန်လာတဲ့လမ်းမျှော်နေတဲ့ ကလေးငယ်တွေ

ယမ်းတွေကြား မီးစွဲနေတဲ့ အိမ်တိုင်ငုတ်တွေကြား

ငြိမ်းချမ်းရေးဟာ အသက်ဝင်ခဲ့တယ်။

အာမန်

ဘုရားသခင်ကောင်းချီပေးစေသော်ဝ်။  ။


                  မောင်နောင်မွန်

Painting by Maung Di

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

  နောက်ကျောကိုဓားနဲ့အထိုးခံလိုက်ရတဲ့ဓားသမားလဲ
အသည်းနင့်ကြေကွဲ
အိပ်မက်ကိုအဆုံးစီရင်လိုက်ရတဲ့အလွမ်းဇယားလဲ
ပုလဲခ ငိုပွဲပြီးတဲ့နောက် ၊
တေးသွားက အသက်ငင်လာတော့တယ် ။
နိုင်ငံတော်သီချင်းကြီးတွေမှာလဲ တေးသွားသံစဉ်စုံလင်ကြတယ်
ဝမ်းနည်းမှတ်တမ်း ဈာ ပနအခမ်းအနားတွေမှာလဲ
တိတ်ဆိတ်ကြေကွဲ တေးတစ်စ နဲ့ ၊
လမ်းဘေးထိုင်ပြီး တောင်းရမ်းနေသူမှာလဲတေးသွားနဲ့
ရန်သူမျိုးငါးပါးဘေးသင့်သူတွေမှာလဲတေးသွားနဲ့
အလှည့်ကျပြစ်ဒဏ်ခံဖို့စောင့်စားနေသူမှာလဲတေးသွားနဲ့
ငရဲမှာလဲတေးသွားနဲ့ နတ်ပြည်မှာလဲတေးသွားနဲ့
သုံးဆယ့်တစ်ဘုံတစ်ခုလုံးဟာ တေးသွားတွေနဲ့ပါပဲ ။
အခုလူ့ပြည်ကဒီတေးသွားကို ငါသီဆိုတော့မယ်
တစ်ကိုယ်တော်တေးသွားဖွဲ့သီမှု ကနေ
ကမ္ဘာလုံးဆိုင်ရာစကြာဝဠာတေးသွားကပ်ကမ္ဘာဆုံးသည်အထိ
ငါ့တေးသွားကိုငါကိုယ်တိုင်ကြားတယ်
ငါ့တေးသွားမှာချစ်ခြင်းမရှိ ငါ့တေးသွားမှာ မုန်းခြင်းမရှိ
ငါ့တေးသွားမှာ စစ်မက်မရှိ ငါတေးသွားမှာ ဒုက္ခမရှိ
ငါ့တေးသွားဟာ သာယာနာပျော်ဖွယ်
ငါ့တေးသွားဟာ ကြည်နူးနှစ်ခြို က်ဖွယ်
ငါ့တေးသွားဟာ ရွှင်လန်းဝမ်းမြောက်ဖွယ်
ငါ့တေးသွားဟာ ကြောင့်ကျကင်းမဲ့ဇုန်နယ် ။
ငါ့တေးသွားက စိမ်းလန်းရေး
ငါ့တေးသွားက ငြိမ်းချမ်းရေး ။  ။

မိုးသက်ငြိမ်ဦး
1.10.2016

User Rating: 5 / 5

Star ActiveStar ActiveStar ActiveStar ActiveStar Active

 

ဦးထောင်လို့ ပဲ့နင်းနေတာလား

ပဲ့နင်းလို့ ဦးထောင်နေတာလား မသိ

ဖားတွေကလဲအော်တယ်

မိုးတွေကလဲရွာတယ်

မြွေတွေကလဲကိုက်တယ်

လေတွေကလဲတိုက်တယ်

ပင်လယ်ပြင်လဲ လှိုင်းထန်နေဆဲ

ဟိုးရှေ့ကရောင်နီပြေးလာတယ်

နောက်တော့လဲ မှိတ်တုတ်မှိတ်တုတ်

အပျံသင်ပီး အတောင်စုံမှ

ကောင်းကင် လိုင်စင်မရတဲ့

ဂျိုဖြူက သံလွင်ခက်ကိုလွှတ်ချ

သေနတ်သံတွေကြား 

ကမ္ဘာမကြေ ကိုဟစ်အော်နေဆဲ။  ။

                    မောင်နောင်မွန်

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


ငါမရေးလဲ ကဗျာဟာ ကဗျာ
ငါမတွေးခင် ကဗျာဟာ ဘာမဆိုင်ညာမဆိုင်လုလုအောင်ကိုမျက်စပစ်တယ်
ဘကြီးသာလှ တောက်ခေါက်သံထဲ ကဗျာဟာမှောက်ရက်လဲလို့
ရွာထိပ်ကနတ်ကွန်းမှာ အုန်းပွဲငှက်ပျောပွဲလေးပိုက်ပြီ
ဆိုရှယ်လစ် ဒီမိုကရေစီ အာဏာရှင် ပူဇော်ပသ
လှပတဲ့ မက်လုံးတွေ တောင်စောင်းက လိမ့်ဆင်းလာတော့
နွားပြာကြီးအောက်သွားမရှိ ကဗျာဟာ ရိုးစောင်းမှာ
အလွတ်ရနေတဲ့အလွမ်းကိုတွင်တွင်ရွတ်လို့
အောက်ခြေလူတန်းစားတွေအတွက်တိုက်ပွဲဝင်ဖို့
ကဗျာဟာဘယ်သူ့ကိုအဖော်ညှိရမလဲတွေးနေတုန်း
Without ဆိုင်ကယ်တစ်စီးက ဒယိမ်းဒယိုင်နဲ့အရက်ဆိုင်ထဲကခုန်ထွက်လာ
ကဗျာဟာထိတ်ထိတ်လန့်လန့် ထန်းလျက်တစ်ခဲကိုမြုံ့ထားရင်း
နေညိုညိုလေပြိုပလပ်ကျွတ်နေတဲ့ ထန်းတောလေးဆီခြေဦးလှည့်ချိန်
ကလေးကအစ ခွေးကအဆုံး တစ်ရွာလုံးလိုက်ပြီးနှုတ်ဆက်တယ်
ကဗျာဟာ ပြုံးစိစိနဲ့ နှုတ်ခမ်းမွှေးလေးကိုပွတ်
အမဲခြောက်ဖုတ်လေးကောက်ဝါးလိုက်တော့
ကဗျာဟာ ကွန်ဆာဗေးတစ်လေသံနဲ့ 
ခေါင်းမာသင့်မာရမယ်လို့ တစ်ကိုယ်တည်းရေရွတ်
နှမ်းဖတ်ချဉ်လေးကို နှုတ်ခမ်းသပ်ရင်း
အော်တိုကရေစီအကြောင်းအဓိပ္ပာယ်ဖွင့်ဖို့
ရေလိုက်ငါးလိုက် ဖဲနှစ်ချပ်ကိုဆွဲထုတ်
အရေးထဲ လက်ကြားကဆေးပေါ့လိပ်မီးသေနေတော့
ကဗျာဟာ ကဗျာဖြစ်မဖြစ် ရပ်ကျေးဥက္ကဌကိုအကြောင်းကြားခိုက်
ကဗျာဟာစိတ်အိုက်စွာနဲ့အိမ်ပြန်လာတယ်
ဤ ကဗျာသည် ထော်လော်ကန့်လန့်နိုင်သောအတွေးအခေါ်များရောပြွမ်းနေပါသဖြင့် 
သံပုန်းတီးနှင်ထုတ်သင့်ကြောင်း
ဆယ်အိမ်ခေါင်း ယာအိမ်မှူးတို့မှ အဆိုတင်သွင်းလိုက်သောကြောင့်။   ။

   မင်းလုဇော်

ပန်းချီပုံ စစ်ငြိမ်းအေး

User Rating: 5 / 5

Star ActiveStar ActiveStar ActiveStar ActiveStar Active


လောကကြီးကို ကုန်းကောက်ဖို့ ခုံးထနေတဲ့ဆန္ဒတွေနဲ့ အားအင်တွေကို ညစ်ထုတ်ခဲ့ပါပြီ။ သမိုင်းထဲကို ဝင်ကြည့်တော့ မမြဲတဲ့သဘောတရားတွေ လတ်ဆတ်ပျိုမျစ်နေခဲ့တယ်။ “ သင်ကောင်း လျှင် ကျွန်ုပ်မဆိုးပါ” စာသားမျိုးကို နံရံပေါ်မှာ စီခဲ့ပါတယ်။ ကိုယ့်အဘိဓမ္မာကိုထမ်းပြီး ခြေလှမ်းတွေ အတွက် ပထမခြေလှမ်းကို ခွန်အားဖြစ်စေပါ။ ထိန်းသိမ်းခြင်းအမှုမှာ အမြင်ဟောင်း အတွေးဟောင်း တွေနဲ့ အဟောင်းပုံကြားထဲ ခေါင်းစိုက်ခံရဆဲဘဲလား။ စိုးထိတ်စိတ်တစ်ချို့က တွေဝေစေတယ်။ ကြောက်သွေးတွေ ဆူပွတ်မလာစေဖို့ လောဘမီးတွေ ငြိမ်းသတ်ပေးပါ။ ကွဲပြားခွဲခြားခြင်းတွေ သက်ဆိုးရှည်နေကြတုန်းလား။ အနာဂါတ်တစ်ခုက ဆောင်းအိပ်မက်ထက်တောင် ကယောင်ခြောက် ခြားလွန်းနေလား။ ယဉ်ကျေးတဲ့ လေညှင်းတွေ ခဏရပ်တန့်ပေးပါ။ ဘဝကို အားသစ်လောင်းဖို့ ဘဝကို တိုက်ချွတ်ပစ်လိုက်ချင်ပါတယ်။ 


သုံးရာသီစာအလွဲများက ရယ်မောစေခဲ့ပြီ။ မဟာ့မဟာ အမှားဆိုတာ နောင်တ လို့ဆိုတယ်။ ခဏခဏ မရေရာမှုတွေထဲ ခုန်ချပစ်လိုက်ကြတဲ့ သွေးစက်ရဲရဲတွေ နေရောင်ခြည်တစ်စက္ကန့်လောက် ဖြာကျခွင့်ရှိချင်တယ်။ အုံ့အုံ့မှိုင်းမှိုင်းမနက်ဖြန်က အူထွက်နေတဲ့ ဆန္ဒကို လောင်ကျွမ်းစေခဲ့ပြန်ပြီ။ လဘ္ကက်ရည်ဆိုင်ထဲက ခွေးခြေပုလေးတစ်လုံးလောက် အသုံးကျချင်ခဲ့ပါတယ်။ အလိုကြီးခြင်း ခေါင်းစဉ်နဲ့ သံသရာခရီးဆက်လျှောက်နေရဆဲပါဘဲ။ အလုံးအရင်း ဝင်ရောက်လာတဲ့ အရှုံးတွေကို အမြတ်ထုတ် လိုက်ချင်တယ်။ ဘဝက စီးပွါးရေးတစ်ခုလို ယှဉ်ပြိုင်ဘက်ကို အလဲထိုးသတ်နိုင်မှ လှနေခဲ့ပြီလား။ အလဲအထိုးသတ်ခံပြီး ပါရမီဖြည့်ပေးလိုက်ချင်တဲ့ အတွေးလည်း ရှိခဲ့ပြန်တယ်။ အခွင့်အရေးကို ခုန်အုပ်နေရတာ ပင်ပန်းလွန်းပြီလေ။ 


ကော့ပျံနေအောင် တွဲချုပ်ထားတဲ့ စကားလုံးလှလှလေးတွေကို ဝတ်ဆင်ပြီး ပြောင်လက်ချင်နေ ခဲ့တာပေါ့။ ထင်သလို ထင်ပစ်လိုက်ချင်တယ်။ မြင်ပစ်လိုက်ချင်တယ်။ စွတ်စွဲလိုက်ချင်တယ် ငါ့ဘဝက လှတယ်လို့။ ကိုးရီးယားဇာတ်လမ်းလေးတွေ ကြည့်ရသလိုမျိုး အလွဲလေးတွေနဲ့ ဇာတ်ကြောဆန့်နေခဲ့ ချင်ပါတယ်။ ခံစားမှုကို ချုပ်တည်းနိုင်ဖို့ ရက်စက်တတ်ချင်တယ်။ ကိုယ့်အသက်ရှုရေးအတွက် လေရှုပေါက်တွေ ပိတ်ပစ်လိုက်ချင်တယ်။ တခါတခါ သမာသမတ်ကျကျ ဝတ်စားချင်ပြန်တယ်။ လက်တွေ့ဆန်ဆန်နေပစ်လိုက်ချင်တယ်။ ဇဝေဇဝါတွေများလာတော့ အရာအားလုံး ဝေဝါးနေခဲ့ ပြန်တယ်။ 
အလွန်ဆုံးဆိုလို့ ပြန်ရချက်တွက်ချက်ထားတတ်ျွှတဲ့ အကျင့်ဆိုးလေးဘဲရှိတာ။ ကိုယ်ကလွဲရင် ကျန်တာ ကိုယ်နဲ့မဆိုင်တဲ့ စိတ်ဓါတ်လေးနဲ့ တလက်လက်တောက်တဲ့ တကိုယ်ကောင်းဆန်ဆန် ရုန်းထလာခဲ့ပါပြီ။ လောကကြီးကို ကုန်းကောက်ဖို့ ခုံးထနေတဲ့ဆန္ဒကို ရုန်းထလာခဲ့ပြီ။ သတင်းစကား ကြားရတာ ပန်းရိုင်းတစ်ပွင့်ရဲ့ မနက်ဖြန်က မသေချာဘူးဆိုတယ်။ မနက်ဖြန်ဆိုတာ ဒီနေ့အတွေးတွေ ကို မျှော်လင့်ချက် ပေးခဲ့သူဘဲဖြစ်တယ်။ မနက်ဖြန်ဆိုတာ ဒီကနေ့အသိ အတွေ့ တွေလောက် လန်းဆန်းနေနိုင်ပါ့မလား။ 
အိပ်မက်က လန့်နိုးသလိုမျိုး၊ အတိတ်တွေကို ရိုက်ချိုး ဖ၀ါးနှင့် တင်ပါးတသားထဲ ခေတ်ဟာ ရှေ့ပြေးနေခဲ့လေပြီ။ ရိုရိုကျိုးကျိုးသင်ယူတတ်မြောက်မှုများဟာ လွတ်လပ်ပေါ့ပါးခြင်းကို ထိန်းမနိုင် သိမ်းမနိုင်၊ တောင်ပေါ်ဘုရားကျောင်းလေးဆီက ခေါင်းလောင်းသံချိုချိုရယ်၊ ဓမ္မတေးတစ်ပုဒ်ရယ်၊ အိ အိ ကျလာတဲ့ တိမ်ညိုမဲမဲတွေရယ်……မနက်ဖြန်ဟာ……။     ။ 

ကိုယ်အမူအရာကိုသာ မရှုမှတ်ဘဲ၊ သူ့အမူအရာကို အချင်းချင်းရှုမှတ်ကြလော့။ 
ဖိလိပ္ပိသြ၀ါဒစာ ၂း၎ 

              ဟ ချဲလင်း

Subcategories

 

 

လုံးဝိုင်း ပျော့ပြောင်းလေတော့ 

သားရေကွင်းဆိုတာ ကြယ်မှ မဟုတ် 

ဘာမဆို ဖြစ်လာနိုင်တယ်

ပထမဆုံး 

သားရေကွင်းကို မင်း ညာ လက်မနဲ့ 

ညာလက်သန်းကြား စွတ်ပြီး ဆွဲ ဆန့်လိုက်

ပြီးတော့ ဘယ်လက်ညိုးကို 

သားရေကွင်း အောက်အနားက လျှိုပြီး အပေါ်နားကို စွဲယူ

ဘယ်လက်ညိုးကို တစ်ချက် လိမ်လိုက်

ဖြစ်လာတဲ့ ကွင်းလေးကို ညာလက်ညိုးပေါ်စွပ်

အဲဒီမှာ ထောင့်သုံးထောင့် အဝိုင်းလေးတွေပါတဲ့  

သားရေကွင်း တြိဂံ ပေါ်လာမယ်

ကြယ်မဖြစ်ခင် 

တြိဂံ အရင်ဖြစ်အောင် ကြိုးစား

ပြီးမှ မင့် ဘယ်လက်ညိုးကို 

တြိဂံရဲ့ အောက်ဆုံး အနားအောက်က လျှိုပြီး

တြိဂံထိပ်က စက်ဝိုင်းလေးထဲ နှိုက်ထည့်

အောက်ကို ဆွဲချ

ဟုတ်ပြီ

လက်ဝါးကပ်တိုင်ပုံပေါ်လာတဲ့ သားရေကွင်းကို

ငါးထောင့်ကြယ်ပုံဖြစ်အောင် ဆွဲဆန့်

ဟော 

မင်းလက်ခုပ်ထဲက ကြယ် 

သေးချင်လည်း ဖြစ်တယ် 

ကြီးချင်လည်း ဖြစ်တယ်

အမျိုးသားစာပေဆုပေးမလား

အမျိုးသား သစ္စာဖောက် စွပ်စွဲမလား 

မှောက်ချင် မှောက် နိုင်တယ် 

လှန်ချင် လှန် နိုင်တယ်