Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

ပွတ်ဆွဲဆွဲနေတဲ့ဖဲသမားလက်ထဲကဖဲချပ်ဟာ ငါမဟုတ်ဘူး
တော်လှန်သောမတော်လှန်သောဟာ ငါမဟုတ်ဘူး
အမျိုးသားရေးအမျိုးသမီးရေးဟာ ငါမဟုတ်ဘူးအာရပ်နွေဦးခေတ်ပြောင်းဟာ ငါမဟုတ်ဘူး ငါ့မျက်လုံး ငါ့ပါးစပ် ငါ့လိင်တံ
ငါ့ခြေလက် များဟာလဲ ငါမဟုတ်ဘူး  ငါ့ကိုယ်ထဲက 
ငါ့အသွေး ငါ့အသားဟာ ငါမဟုတ်ဘူး ရေးခဲ့သမျှစာတိုပေစများဟာ ငါမဟုတ်ဘူး ပြောခဲ့သမျှ သံတူကြောင်းကွဲများဟာ
ငါမဟုတ်ဘူး လုပ်ခဲ့သမျှ အရာမထင်ခြင်းများဟာ ငါမဟုတ်ဘူး ထင်ပေါ်ကျော်ကြားလူကြိုက်များလာရင် ဘာညာသာရကာ မိတ်ဆက်တွေ့ဆုံနေရင် သေချာတယ် အဲ့ဒါ ငါမဟုတ်ဘူး
ညောင်သီးစားချင်တဲ့အကျိုးလိုချင်လို့ညောင်ရေလောင်းနေရင်
ငါမဟုတ်ဘူး  ကျွန်တော့်ကဗျာလေး ဘယ်ကဲ့သို့ ညာကဲ့သို့ဟာ
ငါမဟုတ်ဘူး ခင်ဗျားကဗျာကြီးက ဗျာ ဟိုဟာ ဒီဟာ  ဟာ ငါမဟုတ်ဘူး အမိန့်နာခံတတ်တဲ့စစ်သားကလေးတစ်ယောက် အဲ့ဒါ ငါမဟုတ်ဘူး ဂုဏ်ရည်ပြောင်မြောက်သော 
သူရဲကောင်းကြီးတစ်ယောက် ငါမဟုတ်ဘူး  ကြောင်သူတော်ကြွက်သူခိုး ငါမဟုတ်ဘူး အရိယာသူတော်စင် ငါမဟုတ်ဘူး
ယဉ်ကျေးပျူ ငှါသာယာညှင်းပျောင်းပြန့်ပြူးညင်သာ ငါမဟုတ်ဘူး
တန်းစီချရေးလိုက်တော့မပြီးနိုင်မစီးနိုင်
နောက်မှာလဲတန်းစီစောင့်စားနေတဲ့
မကုန်နိုင်မခမ်းနိုင် ငါမဟုတ်ခြင်းများ ။  ။

မိုးသက်ငြိမ်ဦး
13.7.2016