Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 



 မြို့ကြီးထဲကဗျာများအုပ်စုဖွဲ့ပျံသန်းလာပြီ
နေ့ဟာနေ့အတိုင်းနေ့ပီပီသသဖြစ်သွားတဲ့နေ့ဖြစ်သွား
အုပ်စုလိုက်ပျံသန်းလာတဲ့ကဗျာတွေကိုမြင်စက
ဘာမသဲကွဲသေးတော့ မြို့လူထုဟာ
ကြောက်ရွံ့တဲ့မျက်နှာပေး ထားရမှာလား ဒါမှမဟုတ်
ဝမ်းသာကြည်နူးတဲ့မျက်နှာပေး ထားရမှာလား
ဘာမှမသဲကွဲမကွဲဖြစ်နေကြသလိုဖြစ်နေကြ
ကင်းသမားဟာ အချက်ပေးခေါင်းလောင်းကိုသတိတရ
ပြေးထိုးတယ် ဒေါင်ဒေါင်ဒေါင်...
လမ်းမပေါ်မှာယာဉ်တန်းတွေဖြစ်သွား
စက်ရုံတွေမှာမီးခိုးတွေပဲဆက်လက်လှုပ်ရှား
လူတိုင်းဟာ နဖူးပေါ်ကိုညာလက်နဲ့ကာရင်း
ကဗျာတွေကိုအာရုံစူးစိုက်သလိုစူးစိုက်
ဘာသာရေးခေါင်းဆောင်များ
ကျမ်းစာအုပ်ကိုအသဲအသန်လှန်လှောနေကြ
ကဗျာတွေဟာ မြို့ပေါ်ကိုနီးကပ်လာခဲ့ပြီ
လူထုဟာ ကဗျာကိုကဗျာလို့ထင်ထင်ရှားရှားမြင်တွေ့ခဲ့ကြရပြီး
လမ်းမပေါ်မှာယာဉ်တန်းဟာ ဆက်လက်ရွေ့လျား
စက်ရုံတွေလည်းပြန်လည်ပတ်ကုန်ကြပေါ့
လူတွေရဲ့မျက်နှာမှာကြောက်ရွံ့မှုကောကြည်နူးမှုနဲ့ပါ
မသက်ဆိုင်တဲ့ပုံစံတစ်မျိုးဖြစ်နေသလိုဖြစ်နေကြ
ကဗျာတွေဟာ ဘယ်သူ့ကိုမှမကြည့်ဘူး
ကဗျာတွေက ကဗျာစကားကိုဘယ်သူမှနားမလည်မှန်း
သိနေတဲ့အနေအထားနဲ့နေထား
မြက်ခင်းအတုပေါ်ကနေဖြတ်သွားပြီး
ငါးမွေးကန်နံဘေးကဖြတ်လျောက်သွား
သူ့ကိုကြည့်နေတဲ့
သူတောင်းစားလေးတစ်ယောက်ကိုတော့
ကဗျာတွေကလှည့်သလိုလိုလှည့်ကြည့်သွား
ကဗျာတွေဟာတစ်စုံတစ်ခုကိုရှာနေကြသလိုရှာနေကြ
တစ်နေရာပြီးလှည့်ပတ်နေသလို လှည့်ပတ်နေကြ
ရုံးခန်းတွေ၊ကုမ္ပဏီတွေ၊ဘဏ်တွေ၊ဆေးရုံတွေ၊
ရဲစခန်းတွေ၊အရက်ဆိုင်တွေ၊မုန့်တိုက်တွေ၊ပြတိုက်တွေ၊
ဇိမ်ခန်းတွေ ... မနေမနားခြေဆန့်ကြ
မြို့ကလူကြီးတွေအရေးပေါ်အစည်းအဝေးထိုင်ကြပြီ
ကဗျာတွေဘာလဲ၊ဘယ်လဲ...
ထင်မြင်ချက်တွေအမျိုးမျိုးနဲ့စကားသံတွေဆူညံကြ
မြို့တော်ဝန်ဟာ နက်ကတိုင်ကို
သေသပ်အောင်ပြုလုပ်ရင်း အစည်းအဝေးခန်းမထဲ
ဝင်လာပြီး သူ့စားပွဲမှာဝင်ထိုင်ပြီး
ဘောလ်ပင်ကိုလှည့်ပြီးကစားသလိုကစားနေ
ခန်းမထဲကလူတွေကတစ်စုံတစ်ခုကိုပြောဖို့
တစ်ပြိုင်တည်းပါးစပ်တွေဟလိုက်တဲ့အချိန်မှာပဲ
မြို့တော်ဝန်က အားလုံးကိုလက်ကာပြပြီး
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကိုအသင့်ပြင်ထားဖို့
အမိန့်ပေးတယ် မြို့လုံခြုံရေးတပ်သားတွေကို
လက်နက်တွေပြင်ဆင်ဖို့အမိန့်ပေးတယ်
မြို့လူထုကို လျှို့ဝှက်မြေအောက်ခန်းမကြီးထဲ
အမြန်ဆုံးဝင်ရောက်ပုန်းခိုနေကြဖို့ အမိန့်ပေးတယ်
အမိန့်တွေကိုချမှတ်ပြီးသွားတဲ့မြို့တော်ဝန်ဟာ
မောသွားတဲ့ပုံစံမျိုးလိုမောသွား
ကဗျာတွေတစ်စုံတရာကိုလိုက်ရှာနေတဲ့အချိန်မှာ
မြို့ဟာ အမြန်ဆုံးအုတ်အော်သောင်းတင်းဖြစ်ပြီး
အမြန်ဆုံးငြိမ်သက်တိတ်ဆိတ်သွား
အသင့်အနေအထားဟာ
ခလုတ်တွေပေါ်လက်ညိုးတွေတင်လို့
အသင့်အနေအထားဟာ
အသက်ရူသံပြင်းနေသလိုပြင်းေ
လှုပ်ရှားနေတဲ့ကဗျာတွေရဲ့အသံတွေဟာ
သူတို့ဆီကိုဘာလို့လာလဲမတွေးတတ်သလို
ကဗျာဆိုတာ စာကြည့်တိုက်ထဲကစင်ပေါ်မှာ
သူ့အထပ်အတိုင်း
အေးအေးဆေးဆေးနေရမယ်မဟုတ်လား
ဒီအချိန်မှာပဲနိုင်ငံအနှံ့ကကြေးနန်းသတင်းတွေဝင်လာ
ပြည်နယ်တိုင်းမြို့နယ်တိုင်းမှာ
ကဗျာတွေရောက်ရှိလာနေကြတယ်တ့
ဖြစ်စဉ်တိုင်းကလည်း ဖြစ်စဉ်တိုင်းနဲ့အတူတူပဲတဲ့
ဘာဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်ပြီး
အခြေအနေမဆိုးတာနဲ့တပြိုက်နက်တည်း
လက်နက်တွေနဲ့ဖြိုခွင်းတိုက်ခိုက်ဖို့နိုင်ငံတော်သမ္မတက
ကာကွယ်ရေးဝန်ကြီးကိုအမိန်ပေးလိုက်တဲ့အချိန်မှာ
ကောင်းကင်ဟာ
ရုတ်တရက်မည်းမှောင်သွားသလိုမည်းမှောင်
နေ့ဟာညလိုလိုညကြီးဖြစ်သွား
လျှပ်စစ်မီးတွေပါပြတ်တောက်ကုန်ကြတယ်
ငါးမိနစ်ခန့်အကြာမှာ အမှောင်ဟာပျောက်သွား
အလင်းရလာတော့ ကဗျာတွေကိုလိုက်ရှာကြ
ကဗျာတွေဟာဘယ်လိုမှရှာဖွေလို့မရကြပဲ
ပျောက်ခြင်းမလှပျောက်သွားတဲ့အဖြစ်ဟာ
ထူးဆန်းတဲ့ကိစ္စအဖြစ်သတင်းထူးဖြစ်သွားတယ်
နောက်နေ့မှာအဲ့ဒီထက်ထူးတဲ့သတင်းတွေထပ်ပြီးတော့
ထွက်ပေါ်လာတယ်
နိုင်ငံကြီးထဲကလူတွေဟာ ရယ်မောလို့မရတော့ဘူးဆိုတာနဲ့ငိုကြွေးလို့လဲမရကြတော့ဘူးဆိုတဲ့
သတင်းတွေပဲ...
သတင်းတွေကြားတာနဲ့လူတိုင်းမှန်ရှေ့ကို
အပြေးအလွှားသွားပြီးရယ်ကြည့်ငိုကြည့်ကြ
သူတို့မျက်နှာဟာရယ်မရငိုမရဖြစ်နေတာ
တွေ့ရသလိုလိုတွေ့ရ...
ရုတ်တရက်သတိရသွားလူတစ်ချို့ဟာ
စာကြည့်တိုက်တွေထဲပြေးဝင်သွားပြီး
ကဗျာစာအုပ်ကိုလှန်လှောကြ...
စာအုပ်တွေပဲရှိပြီး ကဗျာတွေပျောက်နေတာကို
ထပ်ပြီးတွေ့ကြရ...
အဲ့ဒီပြဿနာတွေရဲ့နောက်ပိုင်းမှာ
နိုင်ငံတော်သမ္မကြီးက
ကဗျာရှာဖွေရေးပရော့ဂျက်တွေရေးဆွဲပြီး
ပြည်သူတွေကိုကဗျာနဲ့ပြန်လည်နေထိုင်စေရမယ်လို့
ရယ်မရငိုမရတဲ့နိုင်ငံသားတွေကိုကတိပြုခဲ့တယ်
နိုင်ငံသားတွေရဲ့ဆုတောင်းတွေမှာလည်း
ကဗျာဟာ မပါမပြီးတဲ့ဆုတောင်းဖြစ်ခဲ့ကြပေါ့
လူဟာအခွင့်အရေးကိုအသုံးချတတ်ကြတယ်
မိမိနေအိမ်သို့ရောက်မှစမ်းသပ်ကြည့်ပါရန်ဆိုတဲ့
သတိပေးစာသားတွေပါတဲ့
ကဗျာအတုတွေကိုဈေးကွက်မှာချပြတော့
အားလုံးပြိုက်ခနဲကုန်သွားသလိုကုန်သွား
အိမ်ရောက်မှစမ်းကြည့်တဲ့အခါအတုမှန်းသိပေမယ့်
ကဗျာဆိုတဲ့စာလုံးနှစ်လုံးပါတာပဲလေဆိုပြီး
အားလုံးရောင့်ရဲကြရတော့
ကဗျာအတုကိုစက်ရုံတွေပါထောင်ပြီး
သွင်သွင်ကြီးထုတ်လုပ်ကုန်ကြ
ပညာရှိတစ်ချို့နဲ့ ရှာဖွေသူတစ်ချို့ဟာ
သူတို့ဆီကနေပျောက်သွားတဲ့ကဗျာတွေကို
တစ်နေ့ပြန်တွေ့ရမယ်လို့
ယုံယုံကြည်ကြည်နဲ့ရှာဖွေနေသလို
ရှာဖွေနေကြဆဲဖြစ်ကြောင်း ။


လင်းသက်ငြိမ်