Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

တမနက်လုံးတွေးလာတာ ငါးကန်ထဲက ရွှေငါးတွေမဟုတ်ဘူး။
အဆက်အစပ်မရှိဘဲ ခေါ်နေတာမျိုးမဟုတ်ဘူး။
မနက်စောစော နိုးလာတော့ ကြက်ခြံကို ငါရှင်းခဲ့သားပဲ
ကြက်ပေါက်လေးတွေဟာ ချစ်စရာကောင်းတယ်လို့ ထင်တယ်။
ရန်လိုနေတဲ့ကြောင်ကို ကြက်ခြံထဲဝင်ခွင့်မပြုခဲ့ဘူး။
ငါ့ကြောင်ဟာ ကြက်ကလေးတွေ အကြောင်းတွေးနေလိမ့်မယ်။
ငါ့ကြောင်ဟာ ပူစီပဲ။သူမဟာ made in myanmar 
ပူစီ လေကြောင်လေ။စက်ရုပ်မဟုတ်ဘူး။ထားတော့။
အလုပ်ထဲရောက်ပြီး ကော်ဖီသောက်တော့ ခွက်ထဲ ကြက်ခြံရယ်
ကြက်ပေါက်စကလေးတွေရယ် ရောက်လာပြန်တယ်။
မဟုတ်ဘူး သကြား မထည့်ဘူး။ပြောပြီးသားပဲ။
ပြောင်းလဲကြည့်တော့လည်း မရဘူး။
အဲ ငါမေ့နေတာ ငါ့ကြောင်ဟာ ကြောင်မလေးပဲ
ဟိုဘက်အိမ်က ကြောင်ထီးကြီးဟာငါ့ကြောင်မလေးကို လာကြူနေမလား
ဒါမှမဟုတ် နှစ်ကောင်သား ချစ်တင်းနှောပြီး
ကြက်ခြံကိုဖောက် ကြက်ပေါက်ကလေးတွေကို စားနေကြမလား
မဟုတ်လောက်ဘူး ငါ့ကြောင်ဟာ သစ္စာရှိလောက်ပါတယ်
မဟုတ်လောက်ဘူး ကြောင်ဟာဘာဖြစ်ဖြစ် တိရစ္ဆာန်ပဲ
ကြောင်မလေးကို ငါမွေးထားတာ ကြွက်ရှင်းဖို့ မဟုတ်ဘူး
ကြောင်မလေးကို ငါမွေးတာ ကြက်ပေါက်လေးတွေ စားဖို့ မဟုတ်ဘူး
သောက်လက်စ ခွက်ကို လက်စဖြတ်လိုက်တယ်
အိမ်ပြန်ဖို့ ဖြစ်ဖြစ် အလုပ်ထဲအာရုံနှစ်ဖို့ ဖြစ်ဖြစ် 
အို...ငါမေ့နေတာ ငါဟာ လူတစ်ယောက်ဆိုတာမျိုး
လူတွေးတွေး နေမိတာပါ ရယ်စရာတော့ အကောင်းသား။

ဆလိုင်းမြတ်နိုးသူ
၂၀၁၆/ မေ ၈