User Rating: 5 / 5

Star ActiveStar ActiveStar ActiveStar ActiveStar Active
 

 

 7July from user 7th July from user2 AungNayPaing

အရေးတော်ပုံတွေ သေမြေကြီး ရှင်ရွှေထီး အော်ဟစ်ရင်း သင်္ချိုင်းမှာ
အလောင်းချင်းထပ်ခဲ့ ဆရာစံ သူပုန် ဦးဝိစာရ အရိုးပြာ ရေနံမြေသပိတ်
ကျောင်းသား သပိတ်နဲ့ အောင်ကျော် ငါတို့ ကို ဆောင့်တွန်းသလို
သိခွင့်ရခဲ့တဲ့ မမီမကမ်း သမိုင်းမှတ်တမ်းများ တကသ ကို ဗုံးခွဲတော့
ငါ အင်္ဂလိပ်ကျောင်းမှာ ၁ တန်းတက်နေချိန်ပေါ့ မော်လမြိုင် အထက
ကျောင်းကနေ ကျောင်းသားတွေ ပြိုဆင်းလာတာကို ကလေးဘ၀နဲ့
မြင်ရတယ် ၇တန်း ၈တန်းမှာ ဆဲဗင်းဂျူ လိုင် မီးရှိန်ဟာ ငါတို့ကိုလှမ်း
ဟပ်ဆဲ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ တက္ကသိုလ်ကို မရောက်
ဖူးသေးဘူး တကသ ကို ကောင်းကောင်းသိနေပြီ အောင်ဆန်း ဆံပင်
ညှပ်တဲ့ ဆိုင်ကို သိနေပြီ ကိုဗဟိန်းသောက်တဲ့ လက်ဖက်ရည်ဆိုင်ကို
သိနေပြီ လက်ဝဲ တစ်ပိုင်း လက်ျာတစ်ပိုင်း နိုင်ငံရေးထဲ ဒိုင်ဗင်ပစ်မ၀င်
ခဲ့ပေမယ့် နေ၀င်းအစိုးရကို မုန်းတဲ့စိတ်က တစ်ပြားသားမှ မလျော့ဘူး
ဘာ မျိုးချစ်စိတ်တို့ နိုင်ငံချစ်စိတ်တို့ကြောင့်မှလဲ မဟုတ်ဘူး ကိုယ်ရေး
ကိုယ်တာပဲ မကြိုက်ဘူး မုန်းတယ် နေ၀င်း ဒါပဲ တကသ ကို ဗုံးခွဲတယ်
ကျောင်းသားတွေကို သတ်တယ် ဒါပဲ အဲ့တုန်းက ကိုယ်ဟာ ကျောင်း
သား၊ ကျောင်းသားဟာ ကျောင်းသားကို ထိရင် မခံချင်ဘူး၊ ကျောင်း
သားပေမယ့် ကျောင်းသားထက်မကတဲ့ အရေးတွေ ကျောင်းသား
ထက်မက တဲ့ တာဝန်ယူမှုတွေ အဲ့လောက်ထိ ကိုယ် မသွားနိုင်ခဲ့ပါ
ဘူး။ ကိုယ်က ရှင်းရှင်းလေး။ တက္ကသိုလ် သမဂ္ဂဆိုတာကို စိတ်ကူး
ယဉ်တယ်၊ လေးစားတယ်၊ အားကိုးတယ်၊ ကိုယ် တက္ကသိုလ်တက်
တဲ့အခါ တကသ ၀င်ချင်တယ် ဆံပင်တိုနဲ့ ပင်နီတိုက်ပုံနဲ့ ခုံဖိနပ်နဲ့
အဲလို ကီးမျိုး ဖမ်းချင်တယ်။ ခု မရှိတော့ဘူး၊ တကသ မရှိတော့ဘူး
တကသ အဆောက်အဦ မရှိတော့ဘူး။ ကျောင်းသားအရေး ဆို
ရှေ့က ပြောပေးမယ့်သူ မရှိတော့ဘူး။ ကိုယ် တက္ကသိုလ်တက်တဲ့
နှစ်တွေမှာ အဲဒီ အငွေ့အသက်တွေကို ရှူ ရှိုက်ခွင့် မရတော့ဘူး။
အနုပညာကျွန်းမှာသာ ကွန်းခိုခဲ့တယ်။ တစ်နေ့ အမေကြည်က
ပြောပြတယ်။ " ကိုနန်းဝေရယ်လေ.. တကသ ဗုံးခွဲခံရပြီး နောက်
တနေ့မှာ လက်ထဲမှာ သူ့ပန်းချီကား မီးကျွမ်းထားတဲ့ အစအန
လေး ကိုင်ပြီး အရူးလိုပဲ တုန်ရင်လို့ မကြည်ရေ.. ဒီမှာ ကြည့်စမ်း
ပါအုန်းဗျာ..တဲ့ မျက်ရည်တွေ ၀ဲလို့" ကိုယ်တိုင်လဲ ဒီစကား ကိုနား
ထောင်ရင်း မျက်ရည်မဆည်နိုင်ခဲ့ပါဘူး။ ဘာမှ လည်း တာဝန်မကျေ
ခဲ့ပါဘူး။ စိတ်ကူးယဉ်သလောက် ပျော့ညံ့သူ တစ်ယောက်အဖြစ်သာ
တောရမ်းမယ်ဘွဲ့ ကဗျာတွေနဲ့ နှစ်တွေ ဆယ်စုလိုက်ချီပြီးတော့ ငမိုက်
သားပေါ့လေ အခုတော့ သေမယ့်စာရင်းထဲ ကိုယ်က စီနီယာဖြစ်လာ
တကသ အဆောက်အဦ ပြန်ဆောက်တာ ကို (ဘယ်မအေရိုးကပဲ
ဒါ အရေးကြီးလို့လားပြောပြော အရေးကြီးတယ်) မီအုန်းမလား
တကသ ကျောင်းသားတွေ လူချင်းတူတူ သူချင်းမျှမျှ ကျောင်းတက်နေ
တာ ပညာသင်နေကြတာ ကျောင်းသားအရေး ဆောင်ရွက်နေကြတာ
မြင်သွားခွင့်ရအုန်းမလား မသေချာတော့ဘူး လွပ်လပ်မှ အမျှဝေပါ
ဆိုတဲ့ စကားကို ဒီဖက်ကို ဆွဲယူပြီး တကသ အဆောက်အဦပြန်ရမှ
အမျှဝေပါလို့ ၁၉၆၂ တုန်းက လူမဆန်ရက်စက်မှုကြောင့် အသက်
ပေးသွားရတဲ့ အစ်ကိုကြီးတွေ အစ်မကြီးတွေကိုယ်စား.....။ ။

ခင်အောင်အေး
၆ ဇူလိုင် ၂၀၁၅ ကျောက်မြောင်း ၂၁း၂၀ နာရီ