User Rating: 5 / 5

Star ActiveStar ActiveStar ActiveStar ActiveStar Active
 



နောင်နှစ်ပေါင်းကြာတဲ့အခါ ငါ့အရိုးကို လူတွေ့ ပြန်တွေ့ လိမ့်မယ်
စက်ကြီးတွေ တစ်ခုပြီးတစ်ခုနဲ့ တူးဖော်ရှင်းလင်းတာပဲဖြစ်ဖြစ်
ဘုရားကျောင်းတွေ စာသင်ကျောင်းကြီးတွေ ဆောက်လုပ်ကြတာပဲဖြစ်ဖြစ်
တစ်နည်းနည်းနဲ့ လူတွေဟာ ငါ့အရိုးကိုတွေ့ သွားကြမယ်
စက်မောင်းသမားတစ်ယောက်ကလည်း ငါ့အရိုးကို တွေ့ သွားနိုင်တာပဲ
ခွေးတစ်ကောင်ကလည်း ငါ့အရိုးကို ကိုက်နေနိုင်တာပဲ
စည်းကမ်းမရှိတဲ့ တာဝန်မသိတဲ့ စက်မောင်းသမားတော့မရှိဘူးလို့ ငါယုံတယ်
လမ်းပေါ်မှာ ခွေးလေခွေးလွင့် တစ်ကောင်မှ ရှာမတွေ့ ရအောင်
ငါ့မြေးမြစ်တွေဟာ စည်းကမ်းရှိကြလိမ့်မယ်
ငါ့နိုင်ငံတော်အပေါ် ငါ့မျှော်လင့်ချက်ဟာ ကြီးမားတုန်းပဲ
ငါ့အရိုးကို ဘယ်လောက်ရိုက်ရိုက် ဘယ်လောက်ချိုးချိုး ငါ့နိုင်ငံတော်အပေါ် ငါ့အရိုးဟာ သစ္စာရှိနေမှာပဲ
ငါ့လက်သူကြွယ်မှာ လက်စွပ်ရှိနေရင် ငါ့ကိုတွေ့ ရှိသူဟာ ပျော်နေလိမ့်မယ်
သူ့ မျက်လုံးတွေဟာ တလက်လက်တောက်ပနေလိမ့်မယ်
သူဟာ ငါ့အရိုးစုကို ကျေးဇူးတင်ကြောင်းပြောပြီး ပျော်နေလိမ့်မယ်
သူ့ မှာ ကျောင်းထားပေးရမယ့်ကလေးတွေရှိနေနိုင်တယ်
သူဟာ ဆာလောင်မွတ်သိပ်နေတဲ့ လူလည်း ဖြစ်နေနိုင်တယ်
ငါကတော့ ငါ့အရိုးကိုသူမတွေ့ ဖို့ သူ့ လိုလူလည်းမရှိဖို့ ဆုတောင်းတာပဲ
ခက်တာက အခုထိ ငါ့မှာ ဘာလက်ဝတ်လက်စားမှ ရှိမနေဘူး
ငါ့အရိုးကို မြင်တဲ့လူတွေဟာ လူရိုးမှန်းသိကြရင်တော့
ကြောက်လန့် ရွံရှာနေကြမှာပဲ
ငါ့အရိုးကို သယ်ဆောင်လာတဲ့ သတ္တဝါကို မေတ္တာပို့ နေကြလိမ့်မယ်
လူရိုးမှန်းမသိကြရင်တော့ ကောင်းတာပဲပေါ့
ကဗျာဆရာတစ်ယောက် ငါ့အရိုးကို တွေ့ ရင်တော့
ခေတ်ပြိုင်ကဗျာကောင်းတစ်ပုဒ် ရနိုင်တာပဲ
သုတေသီတစ်ယောက် ငါ့အရိုးကိုတွေ့ မိရင်တော့
စဉ်းစားခန်းဝင်နေတော့မှာပဲ
ငါ့အရိုးကိုကြည့်ပြီး သူဟာ အမျိုးမျိုး မှတ်ချက်ချနေလိမ့်မယ်
ငါဟာ ဘယ်လိုသေခဲ့တယ်ဆိုတာတွေ
ငါဟာ ဘောလုံးသမား ငါဟာအဆိုတော် ငါဟာ စိတ္တဇ
ငါဟာ ရောဂါသည် ငါဟာ သူဆင်းရဲ သူပုန်
ငါဟာ အာဏာရှင်စသည်ဖြင့် သူဟာ တွေးနေမှာပဲ
ငါ့အရိုးမှာ အဓိပ္ပါယ်တွေ အများကြီးရှိနေနိုင်ပါတယ်
ငါ့အရိုးမှာ ဘာတစ်ခုမှ မရှိသလို
ငါ့အရိုးနဲ့ ငါဟာ ဘာမှမပတ်သက်တော့ကြောင်းလည်း 
သူ့ ကိုသိစေချင်တာပါပဲ
ဖွင့်မဖတ်ရသေးတဲ့ စာအိတ်လေးလို
ငါမသေခင် ငါ့အရိုးနဲ့ ဒီကဗျာကို ရေးဖြစ်ခဲ့ပါတယ်...။

              ဆလိုင်းမြတ်နိုးသူ
            မေ ၅ ၂၀၁၅ 
            ခေတ္တ-ကွတ်ခိုင်(ရှမ်းမြောက်)