Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 


အိပ်တန်းတက်မယ့်ငှက်တွေ ဆူညံနေတာပဲ

င့ါပထွေးဖြစ်လာမယ့်သူက သူ့နှစ်လုံးပူးသေနတ်

ဂျမ်းဖြစ်နေတာကို ကညင်ပင်ကြီးဆီ ချိန်ပြီး ဆောင့်ချလိုက်တယ်

ရမ်းဗြဲကျွန်းကနေ ၃ နာရီ ခြေလျင်ခရီး နဂါးပွက်တောင်က အပြန်

 

လှေကားတွေကို ချစ်လိုက် မုန်းလိုက် မဆက်ဆံပဲနေလိုက်

ခြေထောက်တွေ ကြွစရာ ချစရာမလိုပဲ အလိုအလျောက်လူဟာ

အပေါ်ကိုရောက်သွားတော့ ၀င့်ကြွားမှုဟာ သစ်ခွပန်းတစ်ခိုင်လို

အရေးပေါ်အပေါက်ကနေ ပြေးဆင်းဖို့ သံချေးတက်နေတဲ့ အထစ်များ

 

ခန္ဓာကိုယ် အပေါ်ပိုင်း ပလာကျင်းထားပြီး သူ့တန်ဆာ လုံရုံ ဖုံးထားတဲ့

အ၀တ်ပိုင်းလေးပေါ်မှာ ကဗျာစာသားအချို့ လှိုင်းရဲ့ နှုတ်ခမ်းသပ်ကအမြှုပ်

ခရုခွံ မီးကျွမ်းသစ်ငုတ်စ ပုလင်းခွံ အုန်းလက်အဆွေး နီကျင်ကျင်ဆံပင်ရှည်

ရှုပ်ထွေး ထိမ်းသိမ်းခက်တဲ့ ယဉ်ကျေးမှုရော်ဘာပြားနဲ့အသက်ကယ်ဘော

 

အုတ်ရိုးနီနီ စိန်ပန်းနီနီ မျက်နှာအစ်အစ်(နီနီ) အရိုးများသော ချေးခါးသော ရာသီဥတု

နှင်းတွေနဲ့စပ်လျဉ်းပြီး ယခုအမှု၌ စီရင်ချက်ချရမည်မှာ အအိပ်အနေနည်းသော ‘ဆွဲချ’

ပြီးနောက် နဂါးနီတိုက်ထုတ် သီချင်းများ ဆရာမောင်ဆေးနီမှုန့် အလံနီပါတီဝင်ဆိုသူ

လေတပ်က ဗုံးကြဲလို့ စက်သေနတ်နဲ့ပစ်လို့ရတယ်တဲ့ အလကား.. ဒီ အင်္ဂလိပ်တွေ

 

မျက်နှာကို ဘယ်အရပ်ဖက်သို့လှည့်ရမည်နည်း ၀ါရမိတ္တု ကောင်းမှ မူရင်းကောင်းမည်

အကောင်းကိုရှာ၏၊ အကောင်းကားမရှိတော့။ ခွေခေါက်နေတဲ့ အူကြောင်ကြောင်ပု စ္ဆာ

မျောက်မှ ဆင်းသက်လာသည့်လူပီပီ လူပီသ ပုံကို သီအိုရီတွေနဲ့တကွ ခင်းကျင်းပြသ

ဘယ်မှမရောက်ဘူး ဘာပန်းမှ မခူးဘူး ဘာရနံ့မျှမရဘူး တော်လှန်ရေးအောင်ရမည်

 

လူထုကြီးမှာ ကျောကော့ပြီး ခံကြရသည် အတွေးအခေါ်အယူအဆမှအစ အားလုံး

ပြည်သူပိုင်အသိမ်းခံရသည် အရေးအခင်းများဖြင့် သွေးကြောဆက်ခဲ့ကြသည် အနှစ်

ငါးဆယ်ဟာ ဘာမှမဟုတ်ခဏလေးဖြင့် ကြက်သေသေပြီး မင်သက်မိသွားစေနိုင်တဲ့

ပြာလဲ့သော မိုးကောင်ကင် အတု တိုက်တိုက်ဆိုင်ဆိုင် ‘ဘိနပ်သူခိုး၊ အကျီ င်္သူခိုး’ တဲ့

 

မုယောစပါးဖြင့် အထူးစီရင်ထားသော ငှက်၏နှုတ်သီးသည် အဖျား၌ ထင်းထင်းကြီး

ကောက်ချိတ်လျက် ဝေးရမှာ ကြောက်တယ် သီချင်းသာ စကြာဝဠာအလုံးမှာ လွင့်ပျံ

အပုံလိုက် ချထားတဲ့ ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှု အကျိုးအကြေများ ရွှံ့များပေါ်၌ ခြစ်၍

မာအောင် မီးဖုတ်ရသည် ပျော်ပွဲစားရုံထဲ စားပွဲစေ့ ထိုင်ခုံစေ့ ပုလင်းစေ့ ဖန်ခွက်စေ့

 

အဲ့ဒီနောက် -

ကျည်ဆံများ သွေးများ ဖြာကနဲ နံရံနှင့် မျက်နှာကျက်များပေါ် ပက်စင်လျက် ဦးချို

ကျည်ဆံများ သွေးများ ဖြာကနဲ နံရံနှင့် မျက်နှာကျက်များပေါ် ပက်စင်လျက် ဦးချို

ကျည်ဆံများ သွေးများ ဖြာကနဲ နံရံနှင့် မျက်နှာကျက်များပေါ် ပက်စင်လျက် ဦးချို

ခက်ထန်လွန်းသော အစိမ်းရောင်ပင်လယ်နဲ့သူ့ရဲ့ကဗျာဆန်ဆန် မိုက်ရူးရဲတေး။  ။

 

ခငိအောင်အေး 

 

၉ ဇန္န၀ါရီ ၂၀၁၅  ဖရာ့ပရာဒင်န်၊ ဘန်ကောက် ၂၁း၁၃ နာရီ

သရုပ်ဖေါ် ပါဖေါင်းမင့် ပုံ ထိန်လင်း