Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 



ဤနေရာတွင် ဖိနပ်ချွတ်ပါရန်
ခေါင်းပေါင်းစ တလူလူဟာ ပြည်သူ့ဥယျာဉ်ထဲမှာ
မြေပဲ ဆားလှော် ၀ါးနေခဲ့တာ နှစ်တွေ ကြာခဲ့ပေါ့

ခုရောက်ခဲ့တဲ့ နေရာအထိ
ဘာကိုမှ မပြဌာန်းပေးနိုင်ဘူးတဲ့

မိုးပြေးများ
အိမ်ပြေးများ
နိုင်ငံပြေးများ
ဝရမ်းပြေးတံဆိပ်အကပ်ခံရသူများ

ခုလို ဆောင်းထဲ ၀င်စ
မိုးတွေ မတရားရွာတဲ့အခါ
မတရား ခံရတာတွေအတွက်
မတရားဘူး ဆိုတဲ့ စကားလုံးကိုတောင်
ဆုံးရှုံးခဲ့ကြရတာကို အမှတ်ရစရာပဲ

အဓိပ္ပါယ်တွေဟာ
တကယ်ကော တရားမျှတမှုရှိရဲ့လား

ရေများ ရေ နိုင်
မီးများ မီး နိုင်
စကားလုံးများ စကားလုံး နိုင်
စောက်စကားတွေများပြီး
စောက်စေတနာမရှိတဲ့ သူတွေချုပ်လုပ်တဲ့ မိုးကောင်းကင်အောက်မှာ
ကိုယ်ဟာ တကယ့်ကို အဆင်မပြေဘူး

အဲလို အဆင်မပြေတဲ့
အင်္ကျီက တစ်ထည်ထဲလား
ဆယ်ထည်လား အထည်တစ်ရာလား
အထည် တစ်သောင်း တစ်သိန်းလား
အထည်ပေါင်း သန်းခြောက်ဆယ်ခန့်လား။ ။

ခင်အောင်အေး
၆ နိုဝင်ဘာ ၂၀၁၄ ဗဟိုလမ်း၊ ကျောက်မြောင်း ၂၀း၅၄ နာရီ