Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 


ပိုင်စိုးဝေ -

ကိုယ်တို့က နေမင်းပိုင်စိုး အဖြစ် စ, သိခဲ့တဲ့ -
ဗမာပြည်ကဗျာဆိုင်ရာ သမိုင်းကို ပြောမယ်ဆိုရင်
ဘယ်လိုနည်းနဲ့မှ ချန်ထားခဲ့လို့မရတဲ့ ကဗျာဆရာ။
ကိုယ်ကတော့ ကိုယ့်ရင်းနှီးမှုနဲ့ကိုယ် 'နေကြီး.. ' လို့
သူ့ကို ခေါ်တယ် (ထားပါတော့)

သူ့မွေးနေ့မှာ
ကိုယ်က တစ်ခုခု ထိထိရောက်ရောက်ပြောချင်တယ်
ကဗျာနဲ့ပတ်သက်လို့ပေါ့လေ ထိထိရှရှဆိုလဲ ရှရှလေးပေါ့နော်

ကိုယ်ကြိုက်တဲ့ ကိုယ်မကြိုက်တဲ့ ကဗျာဆရာ List ကို ထုတ်ပြန်မလို့
ဒါပေမယ့် ကိုယ် မကြိုက်တဲ့ စာရင်းကို စ လိုက်တာနဲ့ ဒဂုန်တာရာလဲပါ
မောင်သင်းခိုင်လည်း ပါ ဆိုတော့ ပြသနာက မသေးဘူးလေ..
လှပတဲ့ မွေးနေ့လက်ဆောင်မဖြစ်ပဲ ခဲမလောက် မွေးနေ့လက်ဆောင်
ဖြစ်သွားမှာ တွေးမိတာနဲ့ ဒီ မွေးနေ့လက်ဆောင်ကို မပေးတော့ပါဘူး။

နေကြီးရေ..
ပန်တျာကျောင်းဘေးက ရေမြောင်းလေးပေါ်
အရက်အတူ သောက်ခွင့် မရှိတော့မှလည်း
ဘာပဲ ပြောပြော ဘာမှလည်း မထူးတော့ပါဘူးလေ

လေးနက်မှုနဲ့ ချစ်ခြင်းတွေကို
ဟိုး ၁၉၇၇ တုန်းက သင်္ဘောဆေး အနီရောင်သုတ်ထားတဲ့
စက်ဘီးလေးနဲ့ မန္တလေးတောင်ဆီထိ ကိုယ့်ကို တင်နင်းသွားပြီး
တစ်ယောက်လက် တစ်ယောက်တွဲကာ တောင်ပေါ်ကို ခြေလျင်တက်ခဲ့ကြ
တဲ့ ကာလတွေဆီပဲ ပုံအောလိုက်တော့မယ် အဲဒီ ကာလ မနီးမဝေး ကတော့
ကိုသန်းဌေး (ယနေ့ဥတ္တရလွင်ပြင်) ရဲ့ သုံးရောင်ခြယ် စာပေ ဆိုတဲ့ စာအုပ်
အဟောင်းဆိုင်ကလေးလဲ ပါသပေါ့ နန်းရှေ့က လက်ဖက်ရည်ဆိုင်လည်း
ပါသပေါ့ စစ်အင်္ကျီ အနွမ်းကလေးနဲ့ ချမ်းအေးလည်း ပါသပေါ့ ဂျွန်းတစ်စ်
ရောဂါရှင် ပန်းပု ကိုသန်းအောင်လည်း ပါသပေါ့လေ ပြီးတော့ ဆန်းထွန်းသောင်
လည်း ပါသပေါ့ဗျာ ကျနော့်ညံ့ဖျင်းမှုတွေကိုတော့ ကဗျာဆရာအဖြစ် ယနေ့တိုင်
ဖက်တွယ်နေမှုအပေါ်မှာပဲ ကတ္တာကို ကမ္မခဲ့ပါပြီ ချစ်ကြီး (ကိုချစ်ဆွေ-လူမာန်)
ကိုတော့ ဘယ်စာတိုက်ကြေးနန်းရုံးကနေ တဲလက်စ် ပို့ကြရပါ့မလဲ လူတစ်လုံး
သူတစ်လုံး ဖြစ်မလာခဲ့ပေမယ့် ကဗျာတစ်လုံး စာတစ်လုံးအတွက်တော့ တကယ့်
ကို ပင်ပမ်းခဲ့ကြပါတယ်ဗျာ ပန်တျာကျောင်းဝင်းထဲက ခင်ဗျာ့ သီရိဂေဟာလေးမှာ
(ကိုယ်လာရင် 'အေး ပြောတယ်..' ဆိုပြီး မအေးကို တခုခုခိုင်းဖို့ အမြဲစကားစလေ့
ရှိတဲ့ အသံလေး ကြားယောင်နေတယ်) အိုကွယ်.. မိန်းကလေးရဲ့ နာကျင်မှုတွေနဲ့
နှစ်ပေါင်းများစွာ.. ပန်းချီဆရာ ဝေချစ်ကိုရဲ့ ကောက်ကွေးသောဆံပင်များသာဖြစ်
တော့တယ်လဲ ပါ ဒီဇင်ဘာနှင်းရည်စက်တွေနဲ့ ဖြန်းပက်ဖို့ ဘယ်လောက်မှမဝေး
တော့ပါဘူး ရန်ကုန်ကနေ မန္တလေးကို ဒီ လေးနက်မှုနဲ့ ချစ်ခြင်းလှိုင်းတွေ ပို့လွှတ်
လိုက်ပါတယ် မိုးရွာတာကို မက်ကွန်ဒိုမှာ စောင့်နေတဲ့ အဇ္ဇဘဲလား လို မငိုညည်း
တော့ပါဘူးဗျာ နေကြီး အမေရှိတုန်းက ထမင်းချက်ဆောင်ပေါ်က ဇီးဖြူ ပင်ကလေး
ကိုသာ အထူးလွမ်းမိကြောင်း (ဟိုကောင် ခင်အောင်ဝင့် မသိစေနဲ့) ပါဗျာ။ ။

၁၂ သြဂတ်စ် ၂၀၁၄ ကျောက်မြောင်း၊ ရန်ကုန် ၂၀း၅၇ နာရီ