User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

 

 

အရူးနှယ်

ဒီတေးသီမှုကို

မဆံ့ရင်ကာ..ဘ၀တစ်ခုရဲ့

အချည်းနှီး အာခေါင်ခြစ်အော်သံတစ်ခုလို့သာ

 

a

ပျဉ်ပြားတစ်ချပ်ဟာ သူ့အသုံးဝင်မှုကို မာန်ဝင့်

သည့်နှယ် အပိုစကားမပြောပဲ တည်ကြည်ငြိမ်သက်

နေပုံမျိုး ပြီးတော့ ဂမုန်းပွင့်က သူ ဂမုန်းမျိုးဖြစ်ရတာ

ကို ဂုဏ်တက်နေသလိုမျိုး ခုနှစ်သက္ကရာဇ်တွေဟာ

လူတကာရဲ့ သေနေ့ မွေးနေ့တွေကို သူ့ဇယားထဲ

ထည့်သွင်းရေတွက်နေလေရဲ့ ဥပမာ လူတစ်ယောက်

ရဲ့ အိုင်ဒင်တတီကို သူ့မွေးသက္ကရာဇ်နဲ့အခြေပြုပြီး

ဖော်ပြတိုင်းတာမျိုး အရူးက တမူးသာတဲ့အကွက်တွေ

လဲ ဒီလူ့အသိုင်းအ၀ိုင်းမှာသာ ထွန်းကားခဲ့တယ် မင်း

လက်ဝါးဖြန့်စမ်း မင့်လက္ခဏာမှာ ဒီလိုပြတယ် ဒါဆို

ဒီလိုဖြစ်မယ် ချွေးသီးချွေးပေါက်များ ပုံရိပ်ယောင်အား

ဖြင့် မိုးသီးမိုးပေါက်များ စကားတစ်ခွန်းထဲမှာပင်လျင်

ကမ္ဘာကြီးကို ပုံပြောင်းစေလောက်သည့် စွမ်းအင်မျိုး

မယုံသူရဲ့ ဒူးထောက်မှုက တောမီးများ တဟုန်းဟုန်း

ထ လောင်သလို ကျွန်ပ်တို့၏ နေသာသောနေ့များမှာ

သင်၏ မိုးရွာသောနေ့များ နှင်နှင် မြန်မာ့ဆိုရှယ်လစ်

လမ်းစဉ်ပါတီ ပြီးတော့ ပါတီစုံဒီမိုကရေစီဟု ကြားဖူး

နားဝမျှ သွေးထွက်သံယိုနှင့် မျက်ရည်ပေါက်ကြီးငယ်

ဘ၀များ ပြတ်ထွက်လွင့်စင်ရမှုအချို့ အသုံးမ၀င်တဲ့

လက်သီးလက်မောင်းတန်းမှုများရဲ့ ပြာယာခတ်မှုဟာ

အဆုံးသတ် စာတမ်းရဲ့ နောက်ဆုံးဝါကျဖြစ်ခဲ့တယ်။

 

b

နောက်ထပ်နှစ်တွေ ခပ်များများဟာ

သူ့အလိုလိုမှားနေတဲ့ နာရီဒိုင်ခွက်တွေပေါ့

               (စိတ်ကြေကွဲရမှုရာဇ၀င်အခင်းအကျင်းမှ)

ပျဉ်ခွံစက်လှေကြီးဖြင့် ထားဝယ်မှရန်ကုန် ပြည်တော်ပြန်

ခဏ်း ၁၉၉၀ အရိုးကျနေတဲ့ အလောင်းနံဘေး ဘုမသိ

ဘမသိ အိပ်ခဲ့ရတဲ့ ညက အစ နောက်ထပ်ဖွဲ့နွဲ့ရမယ့်

ဖြစ်စဉ်တွေ သမိုင်းလို့ မပြောသာပေမယ့် သမိုင်းအစစ်

တွေ မျက်စေ့ရှေ့ကနေ ကလေးတွေ ထွက်သွားကြတယ်

နတ်အိမ်တောင်ဖက်က သတင်းကို သတင်းပတ်အတန်ကြာ

နားစွင့်ခဲ့ရတယ် သား မောင်မင်းဇော် ဂရုစိုက်နော် တူငယ်

လေးကို ဒါပဲ ပြောလိုက်ရတယ် ဦးအင်စွမ်ရဲ့ ပေါင်မှာထိတဲ့

သေနတ်ဒဏ်ရာကို ကြိတ်ပြီးကုတယ် ကလေးတွေကို

ဖြောင့်ဖျပေးပါ့မယ် ၁၀ မိနစ်အချိန်ပေးပါ ပညာရေးမှူး

ဟောင်း ကျောင်းအုပ်ဆရာကြီးရဲ့ရင်ပတ်ဟာ ပစ္စတိုကျည်

နဲ့ပွင့်သွားရဲ့ အဲဒါတွေကို ဗျောတောဝမှာ ထားခဲ့ရတယ်

လောင်းလုံတံတားမှာ ထားခဲ့တယ် မောင်းမကန်ကမ်းခြေ

မှာထားခဲ့တယ် ရှမ်းကမ်းမှာလုပ်စားခဲ့ဖူးပြီ ‘ဟတ်ယိုင်ကနေ

အောက်ဖက်ဆင်း မလေးထဲကို အောက်လမ်းက ၀င်သွားပုံ

တောလမ်းက အသာပြန်ထွက်လာခဲ့ပုံ ဒီ့နောက် နှစ်တွေ

အတော်များများကြာသွားကာ ကေအယ်လ်ကို လေယာဉ်

နဲ့ဝင်ခဲ့တယ် စင်္ကာပူက အိမ်ဦးနဲ့ကြမ်းပြင်ဖြစ်ပြီ ဘ၀ဟာ

ပြောင်းသွားခဲ့ ခေတ်အခြေအနေတွေလည်းပြောင်းသွားခဲ့

မျက်စေ့ရှေ့တင် လူပါးဝလာတဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ

လက်ဖြန့်တောင်းမစားရုံတမည် မာန်ကိုတော့ တင်းထား

ရတာပေါ့ ကေအယ်လ်တမြို့လုံး အကြောင်းမည်မည်ရရ

မရှိပဲ ပတ်သွားမယ် ဗမာသံရုံးဆို မလိုရင်ရှောင်မယ် အဲ့ဒီ

စိတ်မျိုး ခိုအောင်းလျက် နောက်ထပ်သက္ကရာဇ်များ။

 

c

၂၀၁၂ မှာ ကေအယ်လ်ကို အလည်အပါတ်ဝင်တော့ အဲ့ဒီ

ကောင် ‘ဒင်းနဲ့ ဆုံရတယ်။ ညီလေးအရွယ်ပါ။ သူငယ်ချင်း

ရဲ့ သူငယ်ချင်းရဲ့ သူငယ်ချင်း။ ငပွေး။ ဘာမှ မဟုတ်ပါဘူး

ချစ်စနိုးပြောတာပါ။ ပေါက်တီးပေါက်ရှာနဲ့ သူ့ဘ၀သူ နိုင်နင်း

အောင် ပဲ့ထိန်းလို့။ ကိုယ်လည်း အညှာမလွယ်ပါဘူး သူလည်း

တွေ့ကရာ အိုးနဲ့ထည့်စိုက်တတ်သူ မဟုတ်ပါဘူး။ ကံစီမံတဲ့

အတိုင်းပဲပေါ့လေ။ သံယောဇဉ်ဖြစ်ရတယ်။ ကြီးကြီးကျယ်ကျယ်

ပြောစရာလည်း ဘာမှမရှိပါဘူး။ ဒီတော့ ဘာမှ မပြောတော့ဘူး။

 

အရူးနှယ်

ဒီတေးသီမှုကို

မဆံ့ရင်ကာ..ဘ၀တစ်ခုရဲ့

အချည်းနှီး အာခေါင်ခြစ်အော်သံတစ်ခုလို့သာ။  ။

 

ခင်အောင်အေး

၂ သြဂတ်စ် ၂၀၁၄  ကျောက်မြောင်း၊ ရန်ကုန် ၂၁း၄၄ နာရီ

 သရုပ်ဖေါ်ပုံ ထလ