Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 


  ခေတ်ကြီးကို သမီးစာလုံးမပေါင်းတတ်တာ
သမီး အမှားကြီးမှားသွားပြီလား ဖေဖေ
သမီးသိသလောက်တော့ ခေတ်ကြီးက သိပ်စကားပေါပြီး
ငါးစိမ်းသည်မလက်ထဲက အရေခွံနွှာပြီးသား ရေနည်းငါးနဲ့ 
သိပ်တူတာပဲ ဖေဖေ။
မိတ်ဆွေအတုနဲ့ ယဉ်ကျေးမှုဝတ်စုံ အစစ်တို့ 
အတူတကွ ပေါင်းသင်းနေထိုင်ခြင်းဆိုတာ
ဘာကိုရည်ရွယ်ပြီး ဘယ်သူ့ ကိုဆိုလိုတာလဲ ဖေဖေ။
ဓါတ်ခွဲခန်းထဲက ထွက်လာပြီး ပန်းတစ်ပွင့်လိုမရှင်သန်နိုင်တဲ့ 
အဖြူရောင်လက်ချောင်းနုနုလေးတွေက ဘာတဲ့လဲဖေဖေ။
လမ်းတွေထွေပြားလာရအောင် လမ်းတွေမှာအရောင်မှမရှိတာ
သမီးနားမလည်နိုင်လောက်အောင် ခေတ်ကြီးက
ပလီပလာ သိပ်အဖြစ်သည်းတာပဲ ဖေဖေ။
အဖေ့အိတ်ကပ်ထဲက ကတုံးကေနဲ့ လူကြီးဟာ ဘယ်သူလဲ ဖေဖေ
ဟန်ဆောင်မျက်နှာဖုံးတွေ ပေါလာခြင်းဆိုတာ ဘာကိုပြောတာလဲဖေဖေ။
ဖေဖေ...သမီးကို ဟိုကောင်လေးကပြောတယ်
ခရိုနီတွေ မှာတောင် အမျိုးစားအမျိုးမျိုးရှိတယ်တဲ့ 
ဟိုဘက်အိမ်က တိုက်တို့ ကားတို့ ကို ခရိုနီလို့ ခေါ်တာလား ဖေဖေ
သမီးတို့ အိမ်ကကော ခရိုနီတဲ့ လားဖေဖေ
ဖေဖေကကော ခရိုနီလား ဖေဖေ ခရိုနီဆိုတာ ဘာလဲရှင်းပြပေးပါဖေဖေ။
အလင်းရောင်ထဲမှာ အစွယ်တွေတလက်လက်နဲ့ 
သမီးဖြင့်သိပ်ကြောက်တာပဲ ဖေဖေ။
ဖေဖေ...ဆိုက်ကားသမားက ဘာဖြစ်လို့ လေယာဉ်မောင်းနေရတာလဲဖေဖေ
ဒီမိုကရေစီဆိုတာ မိုးပေါ်ကကျလာတဲ့ သတ္တ၀ါလားဖေဖေ
သမီးတို့ ရပ်ကွက်မှာ မီးမလာတော့တာ ဒီမိုကရေစီလားဖေဖေ
သမိုင်းတုများသင်ကြားခြင်း ဆိုတာ ဒီမိုကရေစီလားဖေဖေ
ဒါမှမဟုတ် ဒီမိုကရေစီဆိုတာ သမီးဆော့နေကျ ရုပ်သေးရုပ်လေးတွေလား ဖေဖေ။
ဖေဖေဆိုနေကျ ရာဇ၀င်များရဲ့ သတို့ သမီး ကို
ပေါက်ဖော်ကြီးက အော်ဆိုနေလိုက်တာ သိပ်ရယ်ဖို့ ကောင်းတာပဲ ဖေဖေ။
ဖေဖေ...ရွှေကိုယူပြီး ပလတ်စတိတ်ပြန်ပေးတယ်ဆိုတာ ဘာလဲဖေဖေ..
သမီးမေးခွန်းတွေများ နေပြီလား ဖေဖေ
ခေတ်ကြီးကို စာလုံးပေါင်းမှန်အောင် မပေါင်းပြတတ်တာ
သမီးကိုခွင့်လွှတ်ပါ ဖေဖေ.....။

ဆလိုင်းမြတ်နိုးသူ(တောင်ဇလပ်မြေ)