Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
  

ငါဟာကဗျာတပုဒ်ပါ
ဓာတ်ခွဲခန်းမှာဖော်ထုတ်လို့မရတဲ့ကဗျာတပုဒ်
ဘယ်ကဘယ်လိုရောက်လာမှန်း
သေသေချာချာမှန်းဆလို့မရတဲ့ကဗျာတပုဒ်
သေသေချာချာရောက်ရှိလာခဲ့ပြီ ။

ငါ့ကိုရေးတဲ့ခေတ်ကြီးက
သံသယနှစ်ကာလများလား
အချည်းနှီးသက္ကရာဇ်များလား
ဆယ်စုနှစ်များစွာပဲ
မရေရာတဲ့နိုင်ငံတော်မှာ
မရေရာတဲ့နိုင်ငံသားအဖြစ်
ငါပီပီပြင်ပြင်သရုပ်ဆောင်ခဲ့ပါတယ် ။

ငါဟာကဗျာတပုဒ်ပါ
ဓာတ်ခွဲခန်းမှာဖော်ထုတ်လို့မရတဲ့ကဗျာတပုဒ်
ဘယ်ကဘယ်လိုရောက်လာမှန်း
သေသေချာချာမှန်းဆလို့မရတဲ့ကဗျာတပုဒ်
သေသေချာချာရောက်ရှိလာခဲ့ပြီ ။

ငါ့ကိုရေးတဲ့ခေတ်ကြီးက
သံသယနှစ်ကာလများလား
အချည်းနှီးသက္ကရာဇ်များလား
ဆယ်စုနှစ်များစွာပဲ
မရေရာတဲ့နိုင်ငံတော်မှာ
မရေရာတဲ့နိုင်ငံသားအဖြစ်
ငါပီပီပြင်ပြင်သရုပ်ဆောင်ခဲ့ပါတယ် ။

 

ငါ့ရဲ့
အရေးပါအရာရောက်ပုံက
ငါကိုယ်တိုင်ရေးတဲ့ကဗျာမှာတောင်
(တကယ်တော့
ငါက ကဗျာကိုရေးတာမဟုတ်
ကဗျာကငါ့ကိုရေးသွားတာ)
ငါဟာဖြတ်လျှောက်တယောက်ဖြစ်တယ်
ငါဟာဧည့်သည်သရုပ်ဆောင်ဖြစ်တယ်
ငါဟာဇာတ်ပို့ဇာတ်ရံဖြစ်တယ်
ငါဟာမှန်ထောင်မီးထိုးတယောက်ဖြစ်တယ် ။

ငါ့အုတ်တွင်းမှာ ငါက
ဒေသထွက်ဆေးပေါ့လိပ်ဖင်စီခံတတိုပေါ့ ။

မေမေဆောက်တဲ့အိမ်မှာ ငါဟာ
စာကြည့်စားပွဲကိုဝိုင်းရံနေတဲ့
စက်ဝန်းပုံဖော်အစက်တစက်ဖြစ်တယ် ။

သားစဉ်မြေးဆက်ဗာဒံရိပ်မှာ
ဗာဒံပင်ကိုမမြှင့်တင်နိုင်သူ
သူလိုကိုယ်လိုဗာဒံရွက်တရွက်ဟာငါပါပဲ ။

ခြေရာဖျောက်မြကြိုးကြာမှာ
မြရောင်နဲ့ရေချိုး
ရိုးမထမ်းပိုးတန်းက
ပန်းရိုင်းပွင့်သစ်တပွင့်ဟာငါပေါ့ ။

နှင်းနီတဲ့ဆောင်းမှာ
ရင်ခုန်နွေးဖို့ မြို့ ပြခွာပြီး
ပြိုင်ဘီးစီးသူ လမ်းလျှောက်သူ
ရော့ခ်တစ္ဆေကိုခေါ်လာသူ
မင်းကြီးညိုရဲ့သားမြေးမြစ်ဟာငါပဲလေ ။

မြစ်ဝှမ်းလွင်ပြင်တောအုပ်မှာ
အမှန်အကန်ရိုးတဲ့ကျေးရွာလေးရဲ့
လေးကျော်တင်ခြေတော်ရင်းက
စုဆုံစီးဆင်းခွင့်ရရေတစက်ဟာငါဖြစ်တယ် ။

လိပ်ပြာလှတဲ့မြို့မှာ
လိပ်ပြာမဖြစ်သေးတဲ့
မလှမပ
ပိုးတုံးလုံးတကောင်ဟာငါဖြစ်တယ် ။

ဥယျာဉ်မြို့တော်မှာ
သွေးရူးသွေးတန်း ပြေးပြေးလွှားလွှား
ပေါင်မုန့်တုံးထဲအဆာဖြည့်ထားတဲ့
ငန်ကျိကျိဒုက္ခတဖတ်ဟာငါဖြစ်တယ် ။

တနင်္ဂနွေအက်ဆေးမှာ
မြို့ပတ်ရထားပေါ်က
အချိုဓာတ်ခမ်းခြောက်သူ
အချိုရည်စက်ရုံအလုပ်သမားဟာငါဖြစ်ရဲ့ ။

ကမ္ဘာဦးညမှာ
မိမိကိုယ်ကိုကျွမ်းလောင်သူ
ဖယောင်းတိုင်တတိုင်ဟာငါပါပဲ ။

ဒီဆောင်း
အောက်မေ့ဘွယ်ည
ကြယ်ကြည့်သူ ငါဟာ
တိုင်ထိပ်မရောက်သေးတဲ့အလံတလက် ။

အပ်နှစ်စင်း
ဖျတ်ခနဲထိမိသလိုနေ့ကဆို
ငါဟာ
ကွန်ကရစ်တောအုပ်ထဲကအပ်တစင်းပေါ့ ။

တောင်ပေါ်လမ်းမှာ
တဝက်ချမ်းအေး တခြမ်းနွေးပူ
ဆောင်းမီးဖိုနံဘေးက
လက်ဖဝါးတစုံဟာငါဖြစ်တယ် ။

ရာနှုန်းပြည့်မိုးမှာ
မတိတ်စတမ်းရွာစွေဆဲ
အဆွေးမိုးစက်လေးတစက်ဟာငါဖြစ်တယ် ။

အိုမင်းခြင်းအနုပညာပွဲတော်မှာ
သိမ်ငယ်သူ ဦးခေါင်းမည်းတလုံးဟာငါပါလေ ။

ရန်ကုန်မနက်ခင်းမှာ
ချောက်ကမ်းပါးထဲက
ပုရွက်ဆိတ်တကောင်ဟာငါပါပဲ ။

ဆောင်းမယ်လိုဒီမှာ ငါဟာ
မီးကိုစားပြီးနှင်းတောတိုးသူ ။

ညရထားထဲမှာ
ငါဟာ ခရီးသွားငါးတကောင်ပေါ့ ။

ငါဟာ
ပန်းနုရောင်အို ကြယ်ကြွေကောက်တယ်
ငွေလမင်းနဲ့ကောက်ရိတ်တယ် ။

ငါဟာ
ချစ်တယ်ချစ်တယ်ပြောပြာပြီးတော့
သီဟကထာ
မပြောရမနေနိုင်လို့
စကားတွေပြောခဲ့ ။

ငါဟာ
မြို့ကိုခေါ်လာသူ
ရှာမှရှားတဲ့နိုင်ငံသား
တခါတခါ တံတားဖြစ်လိုက်
တခါတခါ မြစ်ဖြစ်လိုက်
တခါတခါ နတ်ဖြစ်လိုက်
တခါတခါ တိမ်စွန်လေဖြစ်လိုက်နဲ့
အဲ့ဒါကိုက
ငါ့ရဲ့ ကိုယ်ရေးအကျဉ်း
ငါ့ရဲ့ စက်ရပ်သတင်းပဲလေ ။

ငါဟာ
နာရီဒိုင်ခွက်ထဲကလက်တံတွေလို
ငါ့ကဗျာထဲငါ ပိတ်မိနေပြီလား
ဒါမှမဟုတ် ငါဟာ
ဘယ်လိုအဆုံးသတ်ရမယ်မသိတဲ့
ကဗျာတပုဒ်များလား
ငါ့ကိုယ်ငါ
ဘာလဲ ဘယ်လဲ ဘယ်လိုလဲ
မရဲတရဲမေးပြီး
ရဲရဲတင်းတင်း လှည့်ဖျားရင်း
တံတားအောက်မှာ
ကဗျာတွေအများကြီးစီးဆင်းသွားခဲ့ပြီ ။            ။

                                                     မ င်း ညွ န့် လှို င်