User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
    

အဖေဆိုတာ
ဆေးသားမှုန်မှုန်
လိုင်စင်ဓာတ်ပုံဟောင်းတပုံ ။

အဖေဆိုတာ
ဒိုင်ယာရီဟောင်းထဲက
ရှေးလက်ရေးစောင်းစောင်းကြီးတွေ ။

အဖေဆိုတာ
အမေ့ရဲ့ နှုတ်ပြောဝတ္ထုတွေထဲက
ဘယ်တော့မှမကျဆုံးတဲ့
ထာဝရဇာတ်လိုက်ကြီး ။

ကျွန်တော်တို့နိုင်ငံတော်ရဲ့
ကံကြမ္မာနှယ်
ကျွန်တော်မြေပြင်ပေါ်
လမ်းလျှောက်တတ်စအရွယ်
အဖေကမြေကြီးထဲ
လဲလျောင်းနေခဲ့ပြီ ။

အဖေ့ဆန္ဒတခုက
ပင်စင်ယူပြီးရင်
စာရေးချင်သတဲ့လေ ။

ဒါပေမယ့်
အဖေ့လက်ထဲက
ဖောင်တိန်ကိုပုတ်ချပြီး
သေမင်းကပင်စင်ပေးခဲ့ပြီ ။

တခါ တခါ တွေးမိရဲ့
ကျွန်တော်ဘာကြောင့်များ
ဒီစာတွေရေးနေရပါလိမ့်ပေါ့
လက်စသတ်တော့
အဖေက
ကျွန်တော့် နှလုံးသားထဲ
မင်နီအပြည့်ဖြည့်ခဲ့လို့ပါလား ။

သိပ္ပံပညာလေ့လာတော့
လရောင်ဆိုတာ
သွယ်ဝိုက်နေရောင်မှန်းသိခဲ့ရတယ် ။

ဟုတ်ပ
ကျွန်တော့်အဖေ ဦးဥာဏ်ဆိုတာ
မမြင်ရတဲ့ကမ္ဘာတခြမ်းမှာ
တောက်လောင်နေဆဲ နေမင်းကြီးပါလား ။           ။

                                                                        မင်းညွန့်လှိုင်