ကဗျာရှေ့က စကား
ဒီနေ့ဟာ ၈ ရက် ၈လ ၈၈ ကိုအလေးအနက်ဖြတ်ခဲ့ကြဘူးတဲ့မျိုးဆက်တွေအတွက်တော့ ဒီနေ့ ၁၂။ ၁၂။ ၁၂ ရက်ဟာလည်း တခုခုတော့ အခြားနေ့တွေထက် ထူးနေသလိုလိုပါဘဲ။ဒီနေ့ ဟာကမ္ဘာပေါ် က ဘယ်နိုင်ငံသားတွေအတွက် မထူးခြားလှပေမယ့်။ အိန္ဒိယနိုင်ငံသားတွေနဲ့ ကမ္ဘာပေါ်က ကွန်တန်ပိုရာရီ အနုပညာကိုစိတ်ဝင်စားတဲ့ပရိတ်သတ်တွေအတွက်လည်းထူးခြားပါတယ်။ဒီနေ့မှာ အန္ဒိယ နိုင်ငံ မှာ တောင်ပိုင်းအစိန်းက ကိုချင့်ဆိုတဲ့ မြို့လေးမှာ ကိုချင့် ဘီယင်နာလဲ အပြည်ပြည်ဆိုင်ရာအနုပညာပွဲတော် စတင်ဖွင့်လှစ်တဲ့နေ့ဖြစ်နေလို့ပါပဲ။ဒါဟာ ကမ္ဘာပေါ်က အနုပညာစိတ်ဝင်စားသူတွေ အတွက်တော့ ဗင်းနစ်ဗီယင်နာလဲ၊ စက်ာပူ ဗီယင်နာလဲ၊ လီဗာပူးဗီယင်နာလဲတို့လို အရေးပါတဲ့ နောက်ထပ် အရေးပါတဲ့ နှစ်နှစ် တကြိမ်ကျင်းပမယ့် နိုင်ငံတကာ အနုပညာပွဲတော် တခုတိုးလာတဲ့နေ့တနေ့ပါပဲ။ ဒီပွဲတော်အတွက် ကိုချင့်ကိုရောက်နေတာရယ် ပွဲတော်ပြင်ပမှာ မန္တလေးခမ်းမလို့ အမည်ရတဲ့ နှစ်လေးရာကျော်သက်တမ်းရှိတဲ့ အိမ်ကြိးတလုံးမှာ ကျွန်တော်နဲ့ ကိုစစ်ငြိမ်းအေး တို့ နှစ်ယောက် အိန္ဒိယတောတွင်း တနေရာကစတင်ခဲ့ကြပြီး ကျွန်တော်ပန်းချီဆရာဖြစ်လာပုံနဲ့ဆက်စပ်ပြီး ပြသတဲ့ ပွဲရှိနေတဲ့ အတွက် ရက်မှန်မှန် အင်တာနက်မတက်နိုင်ဖြစ်နေရာက ဒီနေ့တော့ ဖွင့်ပွဲ အပြီး တည်ခိုနေရာပြန်ရောက်ချိန်မှာ ရက်တော်တော်ကြာကြာက ပို့ထားတဲ့ ကဗျာဆရာ( ကို)လူဆန်းရဲ့အလွန်အားကောင်းတဲ့ကဗျာရှည် တပုဒ် ရှိနေတာကို တွေ့ရပါတယ်။ တကယ်တော့ ဒီကဗျာကို စောစောကတည်းက စာဖတ်သူတွေထံ တင်ဆက်ရမှာပါ။ ဒီအတွက် ကဗျာဆရာကိုလူဆန်းကိုရော ကောင်းကင်ကဗျာဖတ်ပရိတ်သတ် ကိုတောင်းပန်ပါတယ်။ ဒါကြောင့် နောက်တနေ့ မကူးတော့ဘဲ ဘာပဲဖြစ်ဖြစ် ထူးထူးခြားခြားမှတ်မှတ်ရရလေးဖြစ်မဖြစ်တော့ မသိပေမယ့် ၁၂ ရက် ၁၂လ ၁၂ ခုနှစ် မှာ ကိုလူဆန်းကဗျာကို ၁၂ ၁၂ ၁၂ အိန္ဒိယ အနုပညာပွဲ တော်မှာဒီန့စတင်ပြီး ၃လတိတိ ပြထားမယ့် ပြသထားတဲ့ ကျွန်တော့် အင်စတော်လေးရှင်းတွေနဲ့ ဆရာပန်းချီဆရာ စစ်ငြိမ်းအေးရဲ့ ပန်းချီကားလေးတွေကို ကဗျာသရုပ်ဖေါ်ပုံအဖြစ်သုံးပြီး ဖေါ်ပြပေးလိုက်ပါတယ်။
ပန်းချီထိန်လင်း (အယ်ဒီတာအဖွဲ့ကိုယ်စား)
မြို့ပြကျူးကျော်၊
တောင်ပေါ်၊
ပင်လယ်အော်တေး
သရုပ်ဖေါ်ပန်းချီပုံ ပန်းချီစစ်ငြိမ်းအေး
ငါတို့ကို နိုင်ငံရေး မစည်းရုံးပါနဲ့။
ငါတို့ကို စစ်ရေး မဆွေးနွေးပါနဲ့။
ငါတို့ကို လူမှုရေး မစေ့စပ်ပါနဲ့။
ငါတို့ကို အွန်လိုင်း ‘အ’ သုံးလုံး မသင်ကြားပါနဲ့။
ငါတို့ကို ပရဟိတ၊ ဓမ္မကထိက မဆွဲဆောင်ပါနဲ့။
မလုပ်ပါနဲ့။ မလုပ်ပါနဲ့။ ဘယ်တော့မှဘယ်သောအခါမှ မလုပ်လိုက်ပါနဲ့။
ငါတို့ဟာ ဘူတာရုံတွေရဲ့ အစွန်းအဖျားအနားတွေမှာ
ငါတို့ဟာ ဗောတံတားတွေ၊ ဂုံးကျော်တံတားတွေအောက်မှာ
ငါတို့ဟာ မြစ်ဘေး၊ ချောင်းဘေး၊ မြောင်းဘေး ကျူးကျော်တဲတွေမှာ
ငါတို့ဟာ တောကြိုအုံကြား တောင်စောင်းလျှိုမြောင်ငှက်ပျောတောတွေမှာ
ငါတို့ဟာ ရေးတော့တတ်၊ ဖတ်တော့မှတ်ခဲ့ရပါတယ်။ ခန္ဓာကိုယ်ပေါ်က အရှိုးရာ အမာရွတ် အတွေ့အကြုံတွေနဲ့။
ငါတို့ဟာ ငါတို့လိုပဲ ငါတို့နေချင်သလိုကို ငါတို့နေချင်တယ်။
ငါတို့ဟာ အရင်ခေတ်ကကောင်တွေ “ပထုတ်” ခဲ့တဲ့ မတတ်တတတ်
မဖတ်မမှတ် “လန်ပန်” တွေပါ။ ငါတို့နဲ့ တော်လှန်ရေး ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ အားမထားထိုက်ဖူးရယ်လို့
ကားလမတ်ဆိုတဲ့ပုဂ္ဂိုလ်ငနဲ
တစ်ချိန်က တွေးခဲ့ခေါ်ခဲ့ဖူးတယ်။ ရေးခဲ့သားခဲ့ဖူးတယ်။
ငါတို့ကို စိတ်ရောဂါအထူးကုဆေးရုံက လူနာတွေလို “အားသား (others)” လုပ်ခဲ့ကြတယ်။ အခြား အခြား၊ အခြားဆိုပြီး
ခြားနားပစ်ခဲ့ကြတယ်။
ငါတို့ဟာ ဒီနေ့ထမင်းဝရင် ဘာမှသိပ်ထွေတထူး မစဉ်းစားတဲ့လူမျိုးတွေလို ရှုမြင်ခံခဲ့ရတယ်။ ငါတို့ဟာ ထာဝရပျော်ရွှင်
ခရီးသွားတောင်ပေါ်မော်ကင်းတွေပါ။ ပင်လယ်လီဆူးတွေပါ။ လိုကယ်ဂျစ်ပဆီလို့ ခေါ်ချင်ခေါ်နိုင်ပါတယ်။ ဒိုမက်စတစ်
နောမက်လို့လည်း ခေါ်ချင်ခေါ်နိုင်ပါတယ်။
ငါတို့ပိုင်ဆိုင်တာတွေဟာ ဈေးလည်းပေါအကြမ်းလည်းသုံး တရုတ်လုပ်စစ်ကျောပိုးအိတ်ထဲမှာပါ။
ခေါက်ထားတဲ့ပလတ်စတစ်အကြည်အကာနဲ့ အမိုး။ တောတွင်းဝါးလုံးစိမ်းတိုင်ခုတ်တဲ့တောခုတ်ဓား။ ဖင်မဲနေတဲ့ထမင်း၊
ဟင်းအိုးတွေကို ကျွတ်ကျွတ်အိတ်နဲ့တစ်ထပ်ထုပ်ထားတယ်။ ဆားနဲ့အချိုမှုန့်တစ်ခါတည်းရောထားတဲ့ ပလတ်စတစ်ဗူးက
သပ်သပ်။ တွေ့ရာစားကောင်းတဲ့အရွက်နုတွေ၊ တောတွင်းအနှံမှိုတွေနဲ့၊ မျှစ်တွေဟာ ညနေစာ ဟင်းချိုခွက်တွေပဲ။
အဖုံးလုံအောင်ပိတ်ထားတဲ့ မုန်ညင်းဆီလီတာဗူး၊ မယိုမဖိတ်အောင် ဆီလိုအပေါက်မရှာနိုင်အောင် ကျောပေါ်မှာအတူတူ။
တစ်အိတ်ထဲ။ တစ်စိတ်ထဲ။ ခြေသလုံးအိမ်တိုင်ရှိရာ အိမ်တိုင်ရာရောက် လှည့်လည်သွားလာလုပ်ကိုင်စားသောက်နေသူတွေပါ။
ငါတို့မှာ ကလေးတွေရှိကြပါတယ်။
ငါတို့မှာ ကောင်းမွန်တဲ့ အတိတ်ရှိခဲ့ပါတယ်။ ငါတို့ဟာ အခုမကောင်းသေးတဲ့
ပစ္စုပ္ပန်ကို ပြေးလွှားဖြတ်သန်းနေရလည်း ကိစ္စကတော့ မရှိပါဘူး။ ငါတို့ခံနိုင်ရည်ရှိပါတယ်။ ငါတို့မှာ ပိုမိုကောင်းမွန်တဲ့
အနာဂတ်ဆိုတာကြီးရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ရှိချင်မှလည်းရှိလိမ့်မယ်။ အဲဒါလည်းကိစ္စမရှိပါ။
ငါတို့ဟာ လှည့်လည်သွားလာ၊ ပုန်းရှောင်ကွယ်လျှိုးနေရသူတွေဖြစ်လို့ ငါတို့ရဲ့ဆန္ဒပါမဲပြားတွေ သင်တို့ဆီတိုက်ရိုက်
မရောက်နိုင်ပါ။ ဘယ်လိုနည်းနဲ့မှ သွယ်ဝိုက်ပြီးလည်းမရောက်နိုင်ပါ။ ငါတို့ဟာ ကချင်တကြော ရွှေကျင်တယ်။
အမဲလိုက်တယ်။ ကျောက်စိမ်းနှိုက်တယ်။ ဘိန်းစိမ်းစားတယ်။
ငါတို့ဟာ ထားဝယ်တကြောလည်းရွှေရှာတယ်။ ခဲမဖြူ၊ အဖြိုက်နက်၊ ဓာတ်သတ္တုတွေတူးတယ်။ သစ်တောတွေခုတ်ပြုန်း
ရတယ်။ ရော်ဘာတွေခြစ်တယ်။ ငါးတွေပင်လယ်ထဲ ကိုယ့်ရေကိုယ့်မြေခိုးဖမ်းရတယ်။ ဘိန်းစာမှုန့်တွေနဲ့ ကျမ္မာသန်စွမ်းခဲ့ရတယ်။
အဲဒီ ပါရာစီတမော၊ အဲဒီ ဒီကိုဂျင်နဲ့ အဲဒီ ကာဖီ၊ လက်ဖက်ရည်အချောမရနိုင်တဲ့ အဲဒီလို၊ အဲဒီလို အရပ်ဒေသတွေမှာ။
ငါတို့ကို ဘယ်သူမှမသိဘူး။ ဂရုဓမ္မလည်းမထားဘူး။ ဘယ်သတင်းဂျာနယ်၊ မီဒီယာချန်နယ်တွေမှ မေးဖော်စမ်းဖော်မရခဲ့သလို။
အဲဒီလိုဟာတွေရှိမှန်းလည်း ငါတို့မသိဘူး။ သိစရာလည်းမလိုဘူး။
ငါတို့ဟာ ဗမာပြည်တွင်း ဘိုးဘေးဘီဘင် တောင်ကြောပင်လယ်လှည့်လည်သွားလာနေခဲ့သူ လီဆူး၊ မော်ကင်း၊ ဂျစ်ပဆီ၊
နောမက်တွေပါ။ ငါတို့ဇာတိဟာ ဥရောပမဟုတ်ပါဘူး။ အမေရိကမဟုတ်သလို အာဖဂန်အရပ်လည်းမဟုတ်ဘူး။ ၾသစေတးလ်
မဟုတ်သလို ဂျာဗားလည်းမဟုတ်ပါဘူး။ အာဖရိကမဟုတ်သလို လက်တင်အမေရိကလည်းမဟုတ်ဘူး။
ငါတို့ဟာ ဟီမားလီးယားအဆက် ကချင်တောင်ကြော၊ ရှမ်းတောင်ကြော၊ ကရင်နီ၊ ကယား၊ ကယန်းတောင်ကြော၊ ဒေါန၊
တနင်္သာရီတောင်ကြောတွေပေါ်လှည့်လည်ပေါက်ဖွားသွားလာနေသူတွေပါ။
တိုက်ပွဲဖြစ်ရင်၊ စစ်သံကြားရင်၊ သေနတ်သံကြားရင်၊ လက်နက်ကြီးသံကြားရင် ကျည်ကွယ်မျက်ကွယ် အထုတ်ဆွဲ
အမြန်ပြေးရလွှားရတာ ငါ့အဖိုးအဖွားငယ်ငယ်ကတည်းက နေနည်းထိုင်နည်းပညာ အခြေခံသင်ခန်းစာတွေပါ။
ဟိုဖက်ကမ်းက ဘာတွေကိုလိုချင်ပြီး၊ ဒီဖက်ကမ်းက ဘာတွေလိုအပ်တယ်ဆိုတာတွေ။
ဒီတော၊ ဒီတောင်၊ ဒီအပင်၊ ဒီစမ်း၊ ဒီလမ်း၊ ဒီဂိတ်တွေဟာ ငါတို့ရဲ့မိတ်ဆွေဖွားဖက်တော်၊ အိမ်နီးချင်းနဲ့ပေါက်ဖော်တွေပါ။
သူတို့တွေဟာ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် လူအများကြီးဖွဲ့စည်းပြီး တူညီဝတ်စုံတွေနဲ့ လက်နက်တွေကိုင်ဆောင်ထားကြပါတယ်။
ငါတို့အပေါ်တော့ သိပ်ပြီးတအားကြီးအနိုင်မကျင့်ကြပါဘူး။ သူတို့လိုအပ်ရင် လုပ်အားနဲနဲပါးပါး၊ ငွေနဲနဲပါးပါးပေးလိုက်ပြီး
အမြန်ရှောင်ရင်းတိမ်းရင်း ငါတို့ယနေ့တိုင် ရှင်သန်တင်ကျန်လို့ရပါတယ်။
ငါတို့ဟာ နယ်ခြားစည်းအပြင်မကျော်ဖူးဘူး။ မှတ်ပုံတင်တို့ ပတ်စပို့တို့မရှိဘူး။ ငါတို့လူ၊ ငါတို့လူကြီး၊ ငါတို့အကြီးအကဲ
တွေက ကလေးခွေးသေးမကျန် မှတ်မိတယ်။ ငါ့မျက်နှာက ငါ့မှတ်ပုံတင်ပဲ။ ငါ့အသက်ရှင်မှု ကတိသစ္စာဟာ ငါတို့လူကြီးရဲ့
မှတ်တမ်းမှတ်ရာတွေပဲ။ ငါတို့မှာ လွမ်းဆွတ်ပန်းစည်းချစရာ သင်္ချိုင်းအတည်တကျမရှိခဲ့ဖူးဘူး။
ငါတို့ ဘယ်တော့မှ လက်နက်မချဘူး။ ဟို…စစ်ကျောင်းတော်ကြီးတစ်ခုက စိတ္တဇနမ်ဆိုင်ရာကြွေးကြော်သံတစ်ခုနဲ့တူရင်လဲ
တူနေမှာပေါ့။ ကိစ္စမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗမာပြည်သားကဗျာစာဆိုမောင်ချောနွယ်ဆိုခဲ့သလို ငါတို့မှာ
ချစရာလက်နက်မရှိခဲ့လို့ပါပဲ။ ဝင်စရာ “အလင်း” မလိုအပ်ခဲ့လို့ပါပဲ။ ငါတို့ရဲ့နေ့တွေဟာ တကယ်ပဲလင်းချင်းဝင်းပနေပါတယ်။
ဗမာပြည်သားကဗျာစာဆိုရဲ့စကားဟာ ငါတို့နှလုံးသားကို ဝင်တိုက်တယ်။ ဝင်ဆောင့်တယ်။ မော်တော်ဆိုင်ကယ်နဲ့
ဆယ့်ရှစ်ဘီးကားတို့ ခေါင်းချင်းဆိုင်သလို ဝင်ဆောင့်တယ်။ ငါတို့နှလုံးသားတွေ ပြားပြားဝပ်၊ စင်းစင်းနုတ်၊ မွမွကြေပေါ့။
ဥတုရာသီအေးလာရင် မီးလှုံပြီးငါတို့ညစဉ် အဲဒီအကြောင်းတွေ သီချင်းလုပ်သီဆိုတယ်။ ဒီလိုငါတို့ကိုယ်ငါတို့ ဖျော်ဖြေတယ်။
ငါတို့မှာ နှလုံးသားရှိတယ်။ သင်တို့မှာလည်း နှလုံးသားရှိတယ်။ သေချာတယ်။ ငါတို့သိတယ်။ ကောင်းကောင်းကြီးသိပါတယ်။
ဒီတော့ - ငါတို့ကို စည်းရုံးပါ။ ငါတို့ကို ဆွေးနွေးပါ။
ငါတို့ကို စေ့စပ်ပါ။ ငါတို့ကို သင်ကြားပါ။
ငါတို့ကို ဆွဲဆောင်ပါ။ ငါတို့ကို ချစ်မြတ်နိုးပါ။
ငါတို့မှာလည်း အားလုံးနှလုံးသားကိုယ်စီရှိကြပြီးသားပါ။
ငါတို့ မပူပန်ချင်တော့သလို သင်တို့လည်း စိုးရိမ်စရာမလိုတော့ပါ။
ဘိုးအစဉ်ဘောင်အဆက် မှီတင်းပျော်ပျော်နေခဲ့ကြသလို
အခုလည်း ပျော်ပျော်ကြီး ပူးပေါင်းအပြန်ပြန်အလှန်လှန် ကူးလူးလည်ပတ်နေထိုင်ကြစို့ရဲ့။
ငါတို့ရဲ့ လှပသာယာတဲ့တောင်ပေါ်၊ ပင်လယ်တွေကိုလာခဲ့ကြပါ။ လှိုက်လှိုက်လှဲလှဲ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။
လုပ်ပါ။ လုပ်ပါ။ လုပ်လိုက်ကြစမ်းပါ။ ဘယ်တော့မှ နောက်မကျတဲ့လုပ်ခြင်းမျိုးနဲ့ အခုလုပ်ပါ။ အခုကို လုပ်လိုက်ပါ။
အဲဒီလိုတေးသွားတွေ တနင်္သာရီကြောကနေ၊ ကချင်ကြောတောက်လျှောက်၊ လူးလားခေါက်ပြန် ခရစ္စမတ်
ခါသမယရောက်တိုင်း၊ ရောက်တိုင်း ငါတို့ ဆွဲဆွဲငင်ငင်၊ လေးလေးပင်ပင် အမြဲသီဆိုနေကြတယ်လေ။
တောင်ပိုင်ကြီး၊ တောရှင်နဲ့
စစ်ပြေးစစ်ရှောင်၊ ရွာပုန်းရွာရှောင်၊ မြို့နေကျူးကျော်၊ နယ်စပ်တကြောပြေးလွှား လူနည်းစု(ကိုယ်စား)
ရေးသူ - (ဆမားဒူးဝါးဆင်ဝါး) လူဆန်း
SEP, 2012
Normal 0 false false false EN-GB X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:"Table Normal"; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:""; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin-top:0cm; mso-para-margin-right:0cm; mso-para-margin-bottom:10.0pt; mso-para-margin-left:0cm; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:"Calibri","sans-serif"; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:"Times New Roman"; mso-bidi-theme-font:minor-bidi;}