User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

myat kyawt

 

တစ်ခါက ကြေးနီရောင်ဆံပင်တွေနဲ့

အင်ဒီးယန်းမလေးလိုလှတဲ့ မင်းဟာ

ခုတော့ တိုတိုလိပ်လိပ်ဆံပင်နဲ့

ပါရီသူလေးလိုလှနေပြန်ပြီ

မင်းဟာ အင်ဒီးယန်းမလေးလိုလှပေမယ့်

အမေရိကန်မလေးတော့ မဟုတ်ခဲ့

မင်းဟာ ပါရီသူလေးလိုလှပေမယ့်

ပြင်သစ်မလေးတော့ မဟုတ်ခဲ့

ရော့ခ်ခေတ်အစမှာ ခလေးပဲရှိသေးတဲ့မင်းဟာ

ဟစ်ဟော့ခေတ်မှာ ဘွဲ့ရမြန်မာမလေး ဖြစ်နေပြီ

 

   ၂၀၁၀ ထိ မင်းအနားကို ယင်ဖိုမသမ်းသေးပေမယ့်

   ၂၀၁၁ မှာ မင်းဘေးမှာ ကောင်လေးသုံးလေးယောက် တွေ့နေရပြီ

   မင်းကိုအုပ်ချုပ်သူတွေ အာဏာကျသွားတဲ့အခါ

မင်းဟာ လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာ

ပြတင်းပေါက်ကနေ လူတွေကိုငေးမောခဲ့တဲ့မင်းဟာ

Internet ပေါ်ကနေ ကမ္ဘာကြီးကိုချောင်းကြည့်လာ

မင်းရဲ့အဖေက ပင်လယ်ထဲက ကျောက်တောင်တစ်ခုထဲမှာ အိပ်ပျော်နေတယ်

မင်းရဲ့အမေက ကမ္ဘာမြေကြီးထဲမှာ မျက်လုံးပွင့်နေတယ်

မင်းရဲ့အစ်မနှစ်ယောက်က ထိုင်းမှာရှိနေတယ်

မင်းရဲ့တူလေးတစ်ယောက်က မြဝတီနယ်စပ်မှာရှိနေပြီး

နောက်တူလေးတစ်ယောက်က ဂေါ်ကီငယ်တုန်းကလို အိမ်တစ်အိမ်မှာ

တစ်ယောက်ကတော့ မင်းရဲ့ကိုလိုနီအဖြစ်နေထိုင်လို့

မင်းရဲ့အစ်ကိုကတော့ လောကငရဲကပြန်လာတဲ့ ငါ့သူငယ်ချင်း

ကဖေးဆိုင်ကို ရော့ခ်သီချင်းနဲ့ကဗျာတွေ ခေါ်သွင်းခဲ့သူ

(ခုတော့ ပြောင်းလဲသွားတဲ့ ယဉ်ကျေးမှုထဲမှာ

ရော့ခ်သီချင်းတွေကိုလည်း မဖွင့်တော့

ရော့ခ်သီချင်း နားထောင်သူတွေလည်း မရှိတော့

ရော့ခ်သီချင်းသစ်တွေလည်း ထွက်မလာတော့)

မင်းဟာ ၁၀စုနှစ် တစ်ခုကျော်ကျော်

ရော့ခ်သီချင်းတွေကို သည်းခံနိုင်ခဲ့တဲ့မိန်းခလေး

ရော့ခ်သမားတွေ ထွက်ပြေးသွားတဲ့ ၂၁ရာစုမှာ

မင်းလည်း ဘယ်ကိုထွက်ပြေးဦးမှာလဲကွယ်

          ရော့ခ်နိုင်ငံတော်တစ်ခု ထူထောင်ခဲ့တဲ့

         မြိတ်ပီတာစဘတ်သင်္ဘောဆိပ်လမ်းက ကဖေးဆိုင်တစ်ဆိုင်ဟာ

         ရော့ခ်နိုင်ငံပြိုကွဲသွားချိန်မှာ

နိုင်ငံမရှိတော့တဲ့ နိုင်ငံသားတစ်ယောက်လို

ကဖေးဆိုင်ရှင်ဟာ တစ်ယောက်ထဲ ကဖေးဆိုင်ထဲတိတ်ဆိတ်စွာထိုင်လို့

မရှိတော့တဲ့ ရော့ခ်ခေတ်ကြီးအကြောင်းပြောပြတာကို

ငါ့မှာ ၁၈မိုင်အဝေးကနေ သွား,သွားပြီး  နားထောင်ပေးရ

(ငါလည်း ရော့ခ်သမားလက်ကျန်တစ်ယောက်ဆိုတော့)

မင်းရဲ့ကဖေးဆိုင်မှာ မင်းဟာ

ရော့ခ်ခေတ်ရဲ့ဘုရင်မ ဖြစ်ခဲ့ဖူးပေမယ့်

ရော့ခ်နိုင်ငံပြိုကွဲသွားချိန်မှာ

မင်းဟာ မင်းရဲ့သတ္တုလိုခိုင်မာတဲ့ အတိတ်တွေကိုထားခဲ့ပြီး

ဂျစ်ပဆီတစ်ယောက်လို ထွက်ခွာသွားတော့မှာလား

မင်းဟာ ရော့ခ်ဘုရင်မဖြစ်ခဲ့တယ်ဆိုရင်

မင်းအစ်ကို ငါ့သူငယ်ချင်းဟာ ရော့ခ်သေနာပတိ

(သေမတတ်နာကျင်အောင် နှိပ်စက်ခံခဲ့ရလို့

အရိုးတစ်ချောင်းမှ အကောင်းပတိမကျန်လို့)

ငါက ရော့ခ်အကြံပေးအရာရှိ

ငါတို့ဟာ ရွှေဧရာရဲ့ ရော့ခ်သမိုင်းရေးခဲ့ကြသူတွေမဟုတ်လား

လူတွေက သမ္မတနိုင်ငံတစ်ခုရရှိသွားချိန်မှာ

ငါတို့ကတော့ ရော့ခ်နိုင်ငံတစ်ခုကို ဆုံးရှုံးခဲ့ရပြီ

ငါ့အနေနဲ့တော့ ကမ္ဘာကြီးထဲက

နိုင်ငံတွေက လူတွေထွက်ပြေးနေကြသလို

မင်းကို မထွက်ပြေးစေချင်ဘူး

မင်းကို အပြင်လောကထဲက

ဆွဲဆောင်နေတဲ့အရာတွေကို ငါသိချင်တယ်

နားကွင်းနဲ့တံဆိပ်များများဘောင်းဘီနဲ့ ဆံပင်ထောင်ထောင်ကောင်လေးတစ်ယောက်လား

ယစ်မူးမိန်းမောဖွယ် မီးရောင်ပိုစုံတဲ့ ကောင်းကင်ဘုံဆန်ဆန်မြို့တစ်မြို့လား

ဒုတိယဘုရားသခင်လို့ခေါ်တဲ့ ငွေကြေးလား

(ဒါမှမဟုတ်) စိတ်ရောဂါဆေးရုံတစ်ခုလို ထင်မြင်လာတဲ့မင်းအိမ်ကြောင့်လား

အေးစက်စက်ညအမှောင်လို ဝိုင်းရံလာတဲ့ ဖိအားတွေကြောင့်လား

              (မင်း ကဖေးဆိုင်ရဲ့အပေါ်ထပ်မှာ အိပ်စက်နေတဲ့ညတချို့တလေမှာ

               ငါဟာ မင်းနေ့ခင်းက သွားလာခဲ့ဖူးတဲ့ ခြေရာတွေနဲ့ပြည့်နှက်နေတဲ့

               ဘောက်ဖက်ကြမ်းပြင်မှာ ဖုံအလူးလူး သဲအလူးလူး

               အိပ်စက်ခဲ့ဖူးတာကိုရော မင်းသိပါ့မလား)

                မင်းက ခုဘဝကို အိပ်မက်လို့ထင်ပြီး

              လောကသစ်က ဘဝကိုမှ တကယ့်အဖြစ်အပျက်လို့ထင်လို့လား

မင်း မသိသေးတဲ့ တခြားမျက်နှာစာဖက်မှာ

အင်ဒီးယန်းမလေးလိုလှတဲ့မင်းကို

အင်ဒီးယန်းတွေလို ရန်လိုတိုက်ခိုက်မယ့်သူတွေ

စောင့်နေနိုင်တယ်ဆိုတာ စဉ်းစားထားဖို့လိုတယ်

ပါရီသူလေးလိုလှတဲ့မင်းကို

ပါရီမိန်းမရွှင်တွေလို ဖြားယောင်းဖျက်ဆီးမယ့်သူတွေ

ရှိနေနိုင်တယ်ဆိုတာ တွက်ချက်ထားဖို့လိုတယ်

မင်းကို ထောင်ချောက်ဆင်ထားတဲ့ လမ်းမပေါ်မှာ

တရားဝင်လိုင်စင်နဲ့ မောင်းနှင်နေတဲ့ ဆိုင်ကယ်တစ်စင်းလို စိတ်ချချင်တယ်

မင်းရဲ့ ကြွပ်ဆတ်လွယ်တဲ့ မဟုတ်မခံစိတ်ကလေးကို

ကြွေထည်ပစ္စည်းတစ်ခုလို ပေါက်ခွဲပစ်မှာစိုးရိမ်တယ်

မင်းရဲ့တန်ဖိုးကြီးတဲ့ အဖြူရောင် virgin လေးကို

Impression ပန်းချီကားတစ်ချပ်လို ရောင်စုံစုတ်ချက်တွေနဲ့

ရမ်းရမ်းကားကားဆွဲပစ်လိုက်မှာ ကြောက်တယ်

တကယ်လို့ မင်းသာတခြားကို ထွက်သွားမယ်ဆိုရင်

မံမီရုပ်အလောင်းကောင်တွေ သူတို့ဝိညာဉ်ကို

နှစ်ပေါင်းထောင်ချီ စောင့်နေကြသလို

ငါမင်းကို စောင့်နေမိမယ်ထင်တယ်

ရော့ခ်နိုင်ငံတစ်ခု ပြိုကွဲသွားတာပဲဖြစ်ဖြစ်

ကဖေးဆိုင်တစ်ဆိုင် ကျဆုံးသွားတာပဲဖြစ်ဖြစ်

လူသားဆန်ဆန် တစ်ယောက်ကိုတစ်ယောက်

နှောင်ဖွဲ့မှုထက် အရေးကြီးတဲ့အရာ

ဒီလောကမှာ မရှိတော့ဘူးလို့ ငါထင်တယ်

မာယာလူမျိုးတွေအတွက်

၂၀၁၂ ခုနှစ်ဟာ ကမ္ဘာပျက်တဲ့နှစ် ဖြစ်ချင်ဖြစ်လိမ့်မယ်

ငါ့အတွက်တော့ မင်းထွက်သွားမယ့်

၂၀၁၁ ခုနှစ်ဟာ ကမ္ဘာပျက်တဲ့နှစ် ဖြစ်လာလိမ့်မယ်

ဒါကတော့ ဘုရားသခင်နဲ့ ငါသာသိတဲ့

လျှို့ဝှက်ချက်တစ်ခုပေါ့

 

 ပိုင်

00:22 AM

17.6.2011

ကဗျာသရုပ်ဖေါ်ပန်းချီ မြတ်ကျော့