Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

  ထိန်လင်း

                                                      ကဗျာသရုပ်ဖေါ် ပန်းချီထိန်လင်း

 

ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲဘို့ ကြိုးစားရင်း

ကမ္ဘာကြီးက . .

ပြုပြင်ပြောင်းလဲခြင်းခံခဲ့ရသူ

လူမမာတဦးရဲ့

ချူ ချာမှူ အယ်လ်ဘမ် တချပ်ဖြစ်တယ် . . ။

ဒါမှမဟုတ် . .

စာအုပ်တွေကိုယုံလို့ 

စုံလုံးကန်းခဲ့ရတဲ့ညမှာ . .

အားလုံးရရင်ရ ..

မရရင် တခုမှ မရချင်ဘူးလို့ကြွေးကြော်ရင်း

အားလုံးလဲမရ . .

တခုမှလည်း မရခဲ့သေးသူတဦးရဲ့

မနက်ဖန်အတွက်

လက်ကျန် တောအရက် တချိုး မျှသာ ဖြစ်ပါတယ် . . ။

(၁)
အေဒီ ၁၉၅၃

နှင်းခဲပျော်စ ၊ စတော်ဘယ်၇ီ

သရဖီပွင့်ဝေ

နွေဦးပေါက် သစ်သီးတို့ချိုမြိန်တဲ့

လိမ္မော်ရောင် မတ်လ . . တလမှာ

ရေဦး . .

မူးမြစ်ကမ်းက

လွမ်းစရာ့ မြို့ကလေးရဲ့

ကျေးလက်ဆန်တဲ့

ပျံကျ . . အရှေ့တောသယ် . . ကုန်စိမ်းသယ်

ယာသမား ကိုင်းသမား

လှေထိုးသား

ဝါးဖောင်သမား တို့ရဲ့

ကမ်းပါးပြိုတဲ့ ရပ်ကွက်ကလေးမှာ

မွေးဖွါးခဲ့ . . . ။


. .
မူးမြစ်ရဲ့ ..

ရေစစ်စ နုံးသောင်ခုံပေါ်

ဂျုံပင်ရိုင်းခင်းတွေထဲ

တဒိုင်းဒိုင်းအော်ဟစ်

ရွှံ့စစ်တိုက်ခဲ့ကြ . .

လိုက်တန်း ပြေးတမ်း ကစားခဲ့ကြ

'မကျီးတော'

'ဗေါဓိ' 'ရွာမြိတ်သာ'

ယာနီးချုပ်စပ် ..

အရပ်တကာ အလှူ . . အပူအပင်မဲ့ဝင်စား

ပျော်ပါးခဲ့ကြနဲ့

လသာည အရွယ်ဦးအချိန်တွေ

ဆေးမှိန်နေတဲ့ရေဆေး ပန်းချီကားလို

မှုံဝါးခဲ့ပါပေါ့ . . . ။
. .
ပထမ ပိတောက်

၁၉၆၆ . .၆၇

ငယ်ရွယ်နုသစ် ..

အချစ်ဟာ တလောကလုံးဖြစ်ခဲ့

နောင်တော့လဲ . . တလောကလုံးဟာ အချစ် ဖြစ်လာခဲ့ရ

မှော်ဝင်နှုတ်ခမ်းများရဲ့

အနမ်းတွေဟာနွေးညက်

သွေးခုံနှုံးတို့ တဒိတ်ဒိတ်

တိတ်ဆိတ်စွာ စီးဆင်းရစ်

မြစ်တမြစ် ဖြစ်ခဲ့ကြ . . .

စစ် . .

ငြိမ်းချမ်းရေး

အေးခဲမှူ . .

ငတ်မွတ်မှူများစွာနဲ့

ဆာလောင်နေတဲ့ ဒဿနရဲ့

ထွန်ယက်ခြင်း မခံရသေးခင်ပါ့လေ . . . ။
. .
[ခုတော့ဝေးခဲ့ပြီမေ . . x .

ခုတော့ x ဝေးကြပြီ ဒို့နှစ်ဦးသား x x]

"ထူးအိမ်သင်" တေးသွားနဲ့

လက်ဖျားများ အေးစက် . .

ရက်စက်တဲ့ ခွဲခွါချိန်ဟာ

ကျိန်စာ တခုလိုရောက်လာပေါ့ . . . ။

ဒဏ်ရာရနေတဲ့

အနမ်းတွေ ခမျှာ . . .

လမ်းလျှောက်ထွက်ရင်း မျက်စိလည်ခဲ့ကြ

လွမ်းမက်ခဲ့တဲ့

နှုတ်ခမ်းတောအုပ်တို့ . . ရိတ်သိမ်းခုတ်လှဲခံကြရ

ငါ့ပါးပြင်မှာလဲ စိုလို့ . .

ချစ်သူကလဲ ငိုလို့ . . .

အို . . ဒို့နောက်ကို မလည်ကြတော့ဘူးကွယ်တဲ့

နယ်ခြား မျဉ်းသစ်ဆွဲခဲ့ရပေါ့ . . .။
. .
ဒုတိယ ပိတောက်

၁၉၇၃ . .

ပျောက်ဆုံးသောမြို့ကိုတွေ့ . . .

နေ့ရက်တို့ကို ပွေ့ဖက်ခဲ့ချိန်

"အိမ်ထောင်မှု ၊ ပုဂ္ဂလိကကျမ်း" ကို

စမ်းသပ်ခန်းထဲက ဆွဲထုတ်

တဲကုပ်ထဲမှာ ထုဆစ်မိ . . . ။

၁၉၇၄ . .

'စိန်သရဖူကို . .လမ်းဘေး ဘယ်သူဆွဲချခဲ့သလဲ' (အိန်ဂျယ်)

တူများရဲ့တရား

လက်များရဲ့ နရီနဲ့ . .'ဒီရေမြင့်သစ်'' ကိုခံစားမိ

၁၉၇၅ . .

 နှင်းဆီ မိုးတိမ်တို့

တိမ်ဖြူမြို့ကို သိမ်းပိုက် . . တိုက်ပွဲတို့ ချုန်းထစ်စဉ်

ချစ်သမီးလေး မွေးဖွါးခဲ့ . . . ။


၁၉၇၆ . .


"နေ၀င်စ . . x ချိုးမရယ်ကူ"
. .
ချစ်သူဇနီးနဲ့

သမီးလေးရဲ့ . . စောင့်မျှော်ခြင်းတေးဟာ

အဝေးတနေရာမှာ တိမ်းမှောက်ခဲ့ရ

"ခလေးတွေ အဖေ ပျောက်တဲ့ည" ကပေါ့ . . . ။

အဲသလိုနဲ့

လောကဟာ . .

ဒေါသနဲ့ 'အမွှာမျှော်စင်' ဖြစ်ခဲ့ပါသတဲ့ . . . ။

(၂ )

[ဤသူတို့သည် ကြီးစွာသော ဆင်းရဲခြင်းကထွက်၍. . မိမိဝတ်လုံကိုသိုးသူငယ်

အသွေး၌လျှော်၍ ဖြူစေသောသူဖြစ်ကြသတည်း . .(သမ္မာကျမ်း . .ဗျာ- ၇း၁၄)

အင်းဝ လက်မရွံ့ထောင် ယုဒဿန်ကျောက်စာ]

မိတ်ဆွေတို့ရေ . .

ဟောဒီကမ္ဘာကြီးမှာ . .

လျှပ်စီး နေတဲ့ ကွိုင် တချောင်းဖြစ်ခဲ့ ပါသလား . .


ဘိနပ်တရံချူပ်ဖို့

အပုတ်ရည်စိမ်ပြီး .
.
အကြိမ်ကြိမ် ထုတေထားတဲ့
 
သားရေပြား တချပ်ဖြစ်ခဲ့ပါသလား . .

ချုပ်ရိုးကြောင်းထဲက
 
ခေါင်းမဖော်ဝံ့တဲ့ သန်းကြီးမတကောင်အဖြစ်
 
နေရောင်ခြည်မှာအတုပ် ခံခဲ့ဘူးသလား . .

လေရိုင်းတို့ ထန်နေစဉ် . .

ည မှန်ချပ်များကွဲရှ . . အိပ်ပျက်လှချေရဲ့

'၀ံပုလွေများနဲ့ကခုန်' . .

အားကုန်နေတဲ့ ဘက်ထရီတလုံးဖြစ်ခဲ့ပါသလား . . ။

၁၃' x ၃' သံဇကာကြားက

ဒန်ပန်းကန်ပြား အပိန်ထဲမှာ

"ရေတိမ်နစ်တဲ့လမင်း"

ဖန်ဆင်းခဲ့ဘူးသလား . . ။

သွားပွတ်တံ

ဖန် ကွဲ . .

မီးခြစ်ကျောက် . .

ချည်မျှင်စ . .

စတူဇ ရူပ ရုပ်ကို . .

"ဘူတ ခလုတ်" အဖြစ်ပေါင်းစပ်

မီးခတ်ခဲ့ဘူးသလား . . ။

ကြွပ်ကြွပ်အိတ်နဲ့ မီးဖို

သင် . .

ရေနွေးကြို ခဲ့ ဘူးသလား . .

'နံပြားဖို' ထဲမှာ

နွေခို ရင်း ရေနစ် . .

(ဆပ်ပြာခွက်အဖုံးထဲ)

မကျီးစေ့များနဲ့ ကြွေပစ်ခဲ့ဘူးသလား . .
. .
အဲဒီနေရာမှာ

အချိန်ဟာ..

'ဥတု လာနေတဲ့' ထမီတထည်မျှသာ ဖြစ်တယ်

တခါတလေ . .

အချိန်ဟာ . .

'ဟေမာနေ၀င်း' ဖြစ်တယ် . .
.
အချိန်ဟာ . .

အိမ်မပြန်နိုင်တဲ့ သင်္ဘောတစင်း ဖြစ်တယ်

အချိန်ဟာ . .

မျှော်လင့်ခြင်းများစွာရဲ့ 'ပါဆယ်' တထုပ်ဖြစ်တယ်

အချိန်ဟာ . .

ဂရမ္မာ စာအုပ် ဖြစ်တယ် . .
.
အချိန်ဟာ . .

ကက်စပါရော့ဗ် (kasparov) ဖြစ်တယ်

အချိန်ဟာ .
.
ရှုမှတ်သူလည်း မရှိ

ရှုမှတ်ခံရသူ လည်း မရှိ

ရှုမှတ်မှူ  ဖြစ်စဉ် ချည်းသာ ရှိတဲ့

'၀ီထိ' စိတ်အချို့ ဖြစ်တယ် . . .

အချိန်ဟာ . .

အကြိမ်ကြိမ်ကိုက်မရတဲ့

ရွတ်တွတွ အမဲသား တတုံးနဲ့

'စပါးလုံး' များစွာ ဖြစ်ခဲ့ပါ သတဲ့ . . . ။


အဲသလိုနဲ့ဘဲ .
.
ဟောဒီ 'မိုက်တွင်းနက်ကြီး' ရှေ့ . .

အကြိမ်ကြိမ် ခြေချော် လဲခဲ့ရ

အလင်းနှစ်တချို့ . .

တဖြစ်ဖြစ် ကျိုးကြေ . .

စေတန်နတ်ဆိုးရဲ့ အံသွားနဲ့

အံကြိတ်ဝါး ခံ ခဲ့ရ . . . ။
. .
" ကျောက်ဆောင်ကို ခေါင်းနဲ့တိုက်

နင့်ထက်မိုက်သူ တောင် နင်လောက်မမိုက်ဘူးတဲ့ "

ချစ်ဦးသူရဲ့စကား

တူးခါးစွာကြားယောင် . .
.
"ငါတို့၏ ဦးခေါင်းများသည် x သွေးချင်းချင်းနီသည် xx သို့သော်

ညွတ်ကားမညွတ်နိုင်ပြီ"

အို . .နော်မန်ဒီ ကမ်းခြေက လေယူတိမ်း သစ်တော်ပင်တို့

ရှင်သန်ဆဲရှိပါစ . . . ။

(၃)
ဒုတိယတန်း ဖတ်စာထဲက

ဟင်္သာကိုးသောင်းဇာတ်
 
ခုချိန်ထိ . . ဖတ်ပြီးရင်း ဖတ်ခဲ့ရ

၅ိ/-တန် ကွမ်းယာတထုပ်

ဗြစ် သူရာ ယဇ် ရည် တမှုတ်နဲ့ . .

"ဒီလိုပုံဖြင့် . . ရာဇ၀င် မိုးကြီးချုပ်လိမ့်"

အို . . ဖော်ချင်းတို့ရဲ့

ကျွန်ုပ် အိမ်သို့ မပြန်နိုင် . . . ။
. .
ဒီလိုနဲ့

ဘုရားသခင်ကို

ကားစင်တင်ခဲ့ကြပါပြီ . .

ထရိုဂျင်မြင်း တို့

"အအုပ်အသင်း" ကောင်းလှချည့်
. .
ဝစ်လစ်စလစ်
. .
စကားလုံးတွေနဲ့

စုံးတောက်စား နေတဲ့ 'မုသား' ဟာ

ခရီးသွား အေဂျင်စီထောင်ခဲ့သတဲ့ . . .။

ဟေတီ မှာ . .

ဘီဟခ်ျ မှာ . .

ရ၀မ်ဒါ မှာ . .

ဆူဒန် မှာ . .

တိန်အန်မင် မှာ . .

ပန်းဈေးတန်း မှာ . .

ငါ့အိပ်ကတ်ထဲ မှာ . .
. .
တစက်ရုံထဲ ထွက်သမို့

Side Effect (ဘေးထွက်ဆိုးကျိုး) အတူတူနဲ့

အူကြောင်ကြောင်
. .
အဆံ ချောင်နေတဲ့ 'လျှာ' တွေ

'ဆာဖာရီ' ကုတ်ဝတ်ကြ

အောင်မောင်း ခြေထိုး ကကြ . .

အံဖတ်ပုံပေါ် လမ်းသလားကြ . .

သေနေတဲ့ လက်ပတ်နာရီ တွေနဲ့

ယာယီ မဟာမိတ်ဖွဲ့ကြနဲ့ပေါ့

ငါ့သူငယ်အိမ်ကိုလည်း

ကျင်ငယ်ရည်နဲ့ ချိန်ပန်းခဲ့ချေသေးရဲ့ . .

မျှော်လင့်ခြင်းရထားဟာ

အခြားတနေရာမှာ လမ်းချော်ခဲ့ပါသတဲ့ . . ။

. .
စိန်ပီတာ စဘုဂ်

စတာလင်ဂရက်

လီနင်ဂရက်

စိန်ပီတာစဘုဂ် .
. .
ဘာစဘုဂ် ဘဲဖြစ်ဖြစ်

ဘာဂရက် ဘဲဖြစ်ဖြစ်

'ရက်ကိုးရာတိုက်ပွဲ' ရဲ့

သေရဲသူတို့မော်ကွန်း . . ဥဒါန်းတွင်နေဆဲပါ . . .။

အမွေခွဲခဲ့ရတဲ့

'သူရဲကောင်းတို့ တိုင်းပြည်ကြီးရေ . .'

'ဇိုယာ' နဲ့ 'ရှုရာ' မောင်နှမ အသေခံခဲ့တာဟာ

'ရေလျှံမှုကြီး' တခုအတွက်ဖြစ်သတဲ့

"အနေကနံ" တရားကို

'ဧကန်' အမှားလို့ဆိုတဲ့

သဂြိုလ် ဆရာလက်သစ်တွေက . . တစ်ကြိုဟောကိန်း အမျိုးမျိုးထုတ်ကြ

အစွန်းနှစ်ဖက်က

တက္ကဗေဒင်ကြမ်းပိုးတို့ . .တဖြိုးဖြိုး တဖျောင်းဖျောင်း

လက်ခံမောင်းခတ်နေကြလေရဲ့ . . ။

. .
အိုဇုံးလွှာ တို့ပေါက်ကွဲ

'ဆင်းရဲခြင်းကင်ဆာ' စွဲနေတဲ့

'စစ်ပွဲ'

'စာမတတ်မှု . .' 'ငတ်မွတ်မှု'

အကြမ်းဖတ်မှု ငရဲခွေးတို့

အလုအယက် ကိုက်အခွဲခံရတဲ့

'အမဲရိုး တချောင်းမျှသာ ဖြစ်တဲ့ ကမ္ဘာကြီး ခမျာ . . '

ခံတွင်းပျက် နီတိဆရာက

(To get rich is glorious)

ချမ်းသာတာ ဂုဏ်ရှိသတဲ့

ယုတ္တိဗေဒ ဒီဇိုင်းသစ်နဲ့ . . ဂျွန်အက်ဖ်ကနေဒီရဲ့ ဖိနပ်တဖက်ကို

မျက်စပစ် နေကြလေရဲ့ . . . ။

. .
ပိုင်းပင်နဲ့ မိုးမခတို့
 
လှပခဲ့တဲ့ ပိုးတောင့်အိမ်ကြီးရေ
 
(Great men are short)

ကြီးမြတ်သူတွေ အရပ်ပုသတဲ့

စပ်စုမှတ်စု ယုံတမ်းစကား

၅' ပေပြည့်ဘို့ တလက္မလိုသူ "တိန်ရှောင်ဖိန်" အတွက်မှားခဲ့ပေါ့

ခင်ဗျားဟာ

နှစ်ဆယ်ရာစုရဲ့

'တံခါးမပါတဲ့ အိမ်သာတလုံးသာဖြစ်ချေရဲ့'

ရိုးသားခြင်းဟာ

ခိုးသားတသင်းလက်ထဲမှာ

အရှက်ကွဲရချိန်တွေပေါ့လေ . . .။
  .
အဲသလောက် 'ပုပ်' သမို့

 

ဝိညာဉ်ရဲ့ 'အူတိုင်' မှာ

လောက် . . ဘောက်ဖတ် ၊ ပိုးဟက် နဲ့ခြ တို့

တရွရွထွားတက်ကြ

ကပ်ပါးကောင်တွေက ကိုယ့်ဖါသာ ပြန်ပြန် မျိုချကြနဲ့ပေါ့

ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေတောင်

'ရောဂါပြီးစံနစ်' ထွင်ကြသမို့

'ဆင်ခြင်တုံတရား' ခမျှာ . .

မှားယွင်းခြင်း 'ဇိမ်ခန်း' မှာ

လမ်းပျောက်ခဲ့ရပါသတဲ့ . .

. .
အဲဒီအဖြစ်ဆိုးတွေကြောင့်

'အကျိုးရဲ့ဇစ်မြစ်' 'အကြောင်း' ဖြစ်ခဲ့ ချေရ . .

"ယေဓမ္မါ . . ဟေတုပ္ပဘ၀ါ . . တေသံဟေတုံ တထာဂတောအာဟ"

အနန္တနယ ပဌာန်းနဲ့

တဖျန်းဖျန်းထတဲ့ကြက်သီး . .

ငါ . . အသက်ကြီးပြီထင့် . .

လက်သီးဆုပ်တို့ပြေစပြုခဲ့လေသလား . . ။

. .
အဖျားတက်နေတဲ့

အဲဒီ 'အလွမ်းတီးကွက်' တွေဟာ

ဟောဒီမြေကမ္ဘာပေါ်မှာ

ဒါမှမဟုတ် . .

ကော်ဖီဆိုင် တဆိုင်မှာ

လေဆာဓါတ်ပြားတချပ်ထဲမှာ

ပန်းသီးတလုံးထဲမှာ

တောစီးဖိနပ်တရံထဲမှာ . .

အခြားသော စင်္ကြာဝဠာက

ဒဿမဂြိုလ်ပြာမှာ . .

တနေရာရာမှာတော့  . .

အသေအချာဖြစ်တည်ခဲ့ပါသတဲ့....။

. .
အဲသလိုနဲ့ဘဲ

အနာရွတ်တွေငေါငေါ

ငေါင်းစင်းစင်း . .

နောက်ကျော သွေးစိမ့် ယိုစီး ဓါးတန်းလန်းနဲ့

"ယုဒသစ်ပင်" ဟာ

ဆာနေတဲ့ ခြေတဖက် တရွတ်ဆွဲ . .

'နှစ် ၄၀ ' ထဲရောက်ရှိလာခဲ့ပေါ့  . . . ။

. .
သူ့မှာ

အစာအိမ်အချဉ်ပေါက်တလုံး

ကိုလက်စထြောတို့

မြို့သစ်ပေါက်ဆဲ သွေးကြောများ

စိတ္တက္ခဏရဲ့ . . ခုန်ချက်တိုင်း ခုန်ချက်တိုင်းမှာ

'လောကအမွန်' ကိုချစ်ခဲ့တဲ့

'မြိုင်' ကိုချစ်ခဲ့တဲ့

'ချောအိမာန်' ကိုချစ်ခဲ့တဲ့

တစစ်စစ် . .

အနာတရဖြစ်နေတဲ့

ဟဒယ ၀တ္ထု အစုံ . .

သွေးကျဆေးကဒ် . . တသန်းနဲ့

စိုင်းခမ်းလိတ်ရဲ့ သီချင်းများသာ ကျန်ရှိပါသတဲ့ . . ။

(၄)

. .
ကဲ . . မိတ်ဆွေတို့ ရဲဘော်တို့ရေ . .

အညစ်အကြေးကင်းအောင်

ဂင်္ဂါမြစ် က ရေချိုး . .

ကိုယ့်အရိုးကိုယ်ကောက် . . လမ်းဆက်လျှောက်ကြဦးစို့ . . ။

ဆူးခက်သရဖူနဲ့

သူမရေ . .

မြူကျတဲ့ မနက်ခင်း

နှင်းခါးမိုးဖြတ်ကျော်

ပြည်တော်ဝင်နိုင်ပါစေ . . .

မိုး သစ်တော များစွာနဲ့

ပြာလဲ့သော ကမ္ဘာကြီးမှာ

နေခြည်ဖြာ မနက်ခင်း

ယမ်းခိုးနံ့ ကင်းပါစေ . .

နှင်းဆီထုံလေညှင်း

ယမ်းခိုးနံ့ ကင်းပါစေ ..

မြင့်မြင့်ပျံ . . ဝေးဝေးမြင်တဲ့

လင်းယုန်တို့ခြေအစုံ

လေဟုန်ကိုခွင်းဖေါက် . . ခရီးရောက်နိုင်စေသတည်း  . . ။

 

(၁) လောကအမွန်- ဒဂုန်တာရာ၏ကဗျာ
(၂) မြိုင် - ဗန်းမော်တင်အောင်၏၀တ္ထု
(၃) ချောအိမာန် - အလံမလှဲစတမ်းဇာတ်ကောင်



[မိမိ၏ ၄၂ နှစ်မြောက်မွေးနေ့ အမှတ်တရ ၁၅.၃.၁၉၉၅ တွင်
အိုးဘိုအကျဉ်းထောင်အတွင်း၌ရေးဖွဲ့  ခဲ့သည်။]


                      တာကောဒီ