User Rating: 1 / 5

Star ActiveStar InactiveStar InactiveStar InactiveStar Inactive
 

 

မဲဇလီကုန်း တမနက်မှာ သက်သက်က

နင်ကဗျာရေးပြီး တင်အောင်ကျော်ဆီ ပို့လိုက်ဦးနော်တဲ့

လမ်းဘေးက လယ်ကွင်းစိမ်းစိမ်းတွေတရိပ်ရိပ်

ငါ့စိတ်ဟာ ဆယ့်ခြောက်နှစ်သားလေး လိုတော့

မပြေးလွားနိုင်တော့။

 

သစ်တရွက်ကြွေတာက အစ အနိစ္စ ရှုရမယ့် အရွယ်ရောက်မှ

သစ်တရွက်ကြွေတိုင်း ကဗျာတပုဒ် ဖြစ်ခဲ့တဲ့ နေ့ရက်တွေဆီ

အတိတ်ကာလကို ပြတဲ့ ရုပ်ရှင် အနှေးပြကွက်တွေလို

 ပြန်သွားကြည့်မိတယ်။

 

ဘာလိုလိုနဲ့ ဒါတွေဟာ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်

ဘုရားဘုရား နှစ်ပေါင်းသုံးဆယ်တဲ့လား။

 

ကဗျာရေးဘို့ဆို

 မြင်းကပ်တကောင်လို သံချွန်နဲ့ အကြိမ်ကြိမ်

ကိုယ့်တင်ပါးကိုယ် ထိုး ပြီး နိုးရတဲ့ငါဟာ

ရုတ်တရက် ပတပ်ရပ်လို့ ဒုန်စိုင်းပြေးခဲ့ပြီ

လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ဆီ။

 

ပထမဆုံး မှတ်မိနေတာကတော့

အဓိပတိလမ်းတခါးရွက်ကြီးတွေဟာ အစစ်ဆေးမရှိ အမြဲဖွင့်ထားပြီး

တို့ကိုကြိုဆိုခဲ့တာပဲ ။

 

ဥဒဟို လူးလာခတ်လို့သွားလာနေကြတဲ့ ကျောင်းသားကြီးတွေကြား

တို့ဟာ

သေးပေမယ့် အသံကျယ်တဲ့ လေးဘီးကားလေးတွေလို

မြန်ပြည် အနှံ့ အပြားက နေ

သံသရာက ဆုတောင်းနဲ့ လာခဲ့ကြသလို

သမိုင်းအစဉ်လာကြီးမားတဲ့ ကျောင်းတော်ကြီးဆီ

သမိုင်းသစ်တခု ထပ်ရေးဖို့

ရောက်လာခဲ့ရမှန်းမသိဘဲ ရောက်လာခဲ့ရတဲ့

လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်။

 

တို့သားသမီးမြေးတွေကို ပြောပြခဲ့ရင်

ယုံတမ်းစကား ဒဏ္ဍာရီတွေပါလို့

အပြောခံရနိုင်တဲ့

လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်။

 

မနေ့တနေ့က မှ( အိမ )ကျောက်ကျောဆိုင်က

ထ ပြီးထွက်လာသလို နှစ်ပေါင်းသုံးဆယ်။

 

တလ ကျပ်တစ်ရာ့နှစ်ဆယ် သွင်းပြီးရင်

တလလုံးစားယုံမက  ထမင်းသယ်ပြီး အလည်လာတဲ့ သူငယ်ချင်းကိုပါကျွေးလို့ရတဲ့

နှစ်ပေါင်းသုံးဆယ်။

 

အိမ်ပြန်ရင် ရီဖန်းအဖြစ် ကုလားမဆွဲခြင်းနို့ဆီတဗူး ရနိုင်သေးတဲ့ နှစ်ပေါင်းသုံးဆယ်။

ငှက်ပျောတောထဲက ဦးချစ်ဆိုင်မှာ

 ကိုယ့်အချစ်နဲ့အရာရာကို အကောင်းအတိုင်း ဖြစ်စေမယ်

နားထောင်နေတဲ့ နှစ်ပေါင်းသုံးဆယ်။

 

လက်ဘက်ရည်တခွက် ငါးမတ် ၊

ဒူးယားတလိပ် တစ်မတ်၊ဒေသနှစ်သွား ကားစီး တစ်မတ် လို့ပြောရင်

မတ် ဆိုတာဘာလဲ ဂျာမာန် ပိုက်ဆံလားလို့

အမေးခံရနိုင်တဲ့ နှစ်ပေါင်းသုံးဆယ်။

 

မစွံတောင်တက် နှစ်ပေါင်းသုံးဆယ်။

အပျင်းလည်းပြေကိုယ်နေလည်းလှ ရေကူးကြ နှစ်ပေါင်းသုံးဆယ်။

မဂ္ဂဇင်းမှာ ကလောင်သွေးပါ နှစ်ပေါင်းသုံးဆယ်။

ချစ်ချစ်ဇော်ဆိုတဲ့ ကလေးမ တေးစသံကြားပါရစေတဲ့

ဆိုကရေးတီး နှစ်ပေါင်းသုံဆယ်။

 

ပျော်ပွဲစားမှာပါဆယ်ဂိမ်း ကစားရင်း

ရည်းစားစကားတရားဝင်ပြောခွင့်ရနိုင်တဲ့ နှစ်ပေါင်းသုံးဆယ်။

လက်ရေးကဗျာစာအုပ်လေးတွေ အချိန်မရွေး ၀ယ်လက်ဆောင်ပေးလို့ရတဲ့

နှစ်ပေါင်းသုံးဆယ်။

အဆောင်ဖဲဝိုင်းမှာ အောက်ရှစ်နဲ့ မျောက်ဖြစ်ခဲ့ရတဲ့

နှစ်ပေါင်းသုံးဆယ်။

အတွဲချောင်းကြမယ်နော် ပျော်ပျော်ပါးပါး နှစ်ပေါင်းသုံးဆယ်။

တက္ကသိုလ်မြေနေ၀င်မှာကိုစိုးတယ်လို့ ကြိုတင်နမိတ်ဖတ်ခဲ့ကြတဲ့

နှစ်ပေါင်းသုံးဆယ်။

 

 တက္ကသိုလ်ဆိုတာ ကျောင်းစာတခုတည်းလုပ်ရမှာ မဟုတ်ဘူးလို့ပြောခဲ့တဲ့

ဆရာကြီးဦးကောင်းညွန့်ဆိုတာရှိခဲ့ဘူးတယ်လို့ ပြောရမယ့် နှစ်ပေါင်းသုံးဆယ်။

အင်္ဂလိပ်လိုတလှည့်ပါဋိလိုတလှည့် မိန့်ခွန်းရှည်ကြီးတွေပေးတတ်ပြီး

လက်ဘက်ရည်ဆိုင်မှာဆေးပေါ့လိပ်ကြီးဖွါနေတတ်တဲ့ဆရာကြီး

ဒေါက်တာတင်အောင်အေးဆိုတာ ရှိခဲ့ဘူးတယ်လို့ပြောရမယ့် နှစ်ပေါင်းသုံးဆယ်။

 

တိုင်းရင်းသားအစားအစာရောင်းချပွဲတွေနဲ့စည်ကားခဲ့ဘူးတှဲ့နှစ်ပေါင်းသုံးဆယ်

မြို့နယ်အသင်းပျော်ပွဲစားလက်မှတ်တွေ အပြိုင်အဆိုင်ရောင်းချကြတဲ့ နှစ်ပေါင်းသုံးဆယ်။

ပြည်၊ပုဂံ၊တကောင်းကို ချောင်းပေါက်အောင် သွားခဲ့ရတဲ့ နှစ်ပေါင်းသုံးဆယ်

အဆောင်သူ အဆောင်သူ အဆောင်သူ

အလွမ်းပြေ အဆောင်သူ အလွမ်းပြေ ရောက်လာတယ်

နှစ်ပေါင်းသုံးဆယ်။

 

တို့တွေ

ခင်ဝမ်းရဲ့ ကောလိပ်နေ့ရက်များ နဲ့ မွန်းအောင် ရဲ့ ၈/၈၂ အင်းလျား

မောင့်ရဲ့သီရိမေ ပျော်ရွင်ပါစေ

 ပြိုင်တူအော်ဆိုခဲ့ကြ တယ် နှစ်ပေါင်းသုံးဆယ်။

 

နံရံလေးဘက်ကြားမှာ ကိုယ်တယောက်တည်း

နှစ်ပေါင်းများစွာ

အားငယ်စိတ်ပျက် ပျင်းရိဖွယ်နေ့ရက်တွေမှာ

မြကျွန်းညိုညို ကွန်းခိုရာတက္ကသိုလ်မှာဆိုလို့ သီချင်းလေးညဉ်း

ပြန်လွမ်းတလိုက်ယုံနဲ့

ချက်ချင်း အင်အားသစ်တွေနဲ့ရွင်မြူးလာစေခဲ့တဲ့

အဓိပါယ်ပြည့်ဝလေးနက်ခဲ့သော နှစ်ပေါင်းသုံးဆယ်။

 

တို့ခေတ်က

တက္ကသိုလ်ကျောင်းသားတယောက်

တလကုန်ကျစရိတ် သုံးရာ လို့ အခုနေခါပြောမိရင်

ဘာလဲ ဒေါ်လာလားလို့ အမေးခံရတဲ့  နှစ်ပေါင်းသုံးဆယ်။

 

အခုကျတော့

သီရိဆောင်လည်း အမျိုးသမီးဆောင် မဟုတ်တော့

ပန်းတွေနဲ့ဝေ ဇာတ်ကားထဲက အောင်လတ်လည်း

 နှင်းဆီပန်းတပွင့်နဲ့ ဘယ်သွား ဝေ ရမှန်းမသိ

သံတိုင်တွေ ကာထားတဲ့ ကျောင်းကြီးထဲမှာ  ယောင်လည်လည်။

 

မမနွဲ့ ကို သွားမေးချင်ပေမယ့်

မမနွဲ့ ကိုယ်တိုင်တောင် အင်းလျားဆောင်ဟောင်းကြီး ပြောင်းခဲ့ရပြီ ဆိုတာ

သီရိသူ အချစ်ဆုံး သိစေဘို့်ရယ် ကိုယ်လေတကယ်ပြောပြချင်တယ်

နှစ်ပေါင်းသုံးဆယ်။

 

ရွှေဘိုဆောင်ကို အမျိုးသမီးဆောင် လုပ်လိုက်ပြီဆိုတော့

 ညချမ်းဆည်းဆာတခုမှာ

ရွှေဘိုဆောင်ဟာ ကျောင်းတော်သားတယောက်လို

တည်ကြည်လို့နေတယ် ဆိုတဲ့ ခင်ဝမ်းသီချင်းအစား

ရွှေဘိုသူတို့ ယဉ်တာ ကမ္ဘာမရှိသူလို့

သီချင်းပြောင်းပြီးဟစ်ရမလိုလို ဖြစ်ခဲ့ရပြီကွဲ့

နှစ်ပေါင်းသုံးဆယ်။

ကန့်ကော်ပင်အောက် ထမင်းထုပ်တွေ ဝေစားခဲ့ရတဲ့ နှစ်ပေါင်းသုံးဆယ်။

တောင်ငူဆောင်ပေါ်က လက်ကိုင်ပုဝါစလေးတွေ ဝဲကျခဲ့သော နှစ်ပေါင်းသုံးဆယ်။

 

အဲဒီတုန်းက

တနိုင်ငံလုံးက တိုင်းရင်းသားပေါင်းစုံ ဆုံဆည်းခဲ့ကြ အတူနေခဲ့ကြ

ပင်လုံက စိုင်းအောင်မြင်၊ ပလောကစီစီ၊ မိုးညှင်းကဖိုးလုံး၊

မြိတ်က ဖြတ်ထုံး၊ရေနံချောင်းက ဂျပ်စင်၊

မန်းလေးက မူမူသန်း၊မြင်းခြံက သိန်းသိန်းဌေး၊

 စိုက်တွေက မြင့်ဆွေ  လားရှိုး အယ်ဇော်တူး ၊

တို့အရူးအမူး တဦးကိုတဦးချစ်ခဲ့ကြ

တို့လောတွေ ရဲ့ ဌာနချူပ် ရာမညဆောင် ဆိုတာ

တိုင်းရင်းသားလွတ်တော် အသေးစားလေးပေါ့မောင်ရာ

အခုကျိန်ပြောရတော့မယ့်  နှစ်ပေါင်းသုံးဆယ်။

 

ဂျပ်စင် ကန်တင်း ဦးယမ်းဘီလူး ဆိုင်ကနေ

တောင်ပိန္နဲသီးတွေကြွေကျတတ်တဲ့ တောင်ငူကန်တင်းက

 မဘုတ်ဆုံ ရဲ့ အသုတ်စုံ ဆိုင်ကို ဒိုးယိုပေါက်သွားလို့ရခဲ့တဲ့

နှစ်ပေါင်းသုံးဆယ်။

 

မာလာဆောင်နောက်ပေါက်ကနေ ရတနာဆောင်နောက်ပေါက်ကို

တောက်လျောက်လိုက်ပြီး

ဒီကန့်ကော် ပန်းလေး ပန်သူမဲ့နေတာ

 သနားစရာလေးမို့ ယူသွားပါဗျာ လုပ်လို့ရတဲ့

နှစ်ပေါင်းသုံးဆယ်။

 

ခုတော့ဈေးကွက်စီးပွါးရေး ကပုတ်ပြတ်ဆွဲသွားလို့

ကန့်ကော်ပန်းကြွေ တပွင့်

မြေပေါ်မှာ မတွေ့ရနိုင်တော့တဲ့ နှစ်ပေါင်းသုံးဆယ်။

သံဒိုင်တွေနဲ့ ပိုင်းခြားထားလို့

ဝိဇ္ဇာဆောင်နဲ့ သိပ္ပံဆောင်ကြား မှာတင်

ဝင်္ကမ္ဘာလို မျက်စိလည်လမ်းမှားသွား နိုင်တဲ့ နှစ်ပေါင်းသုံးဆယ်။

 

ပညာရေးဝေးသည်မရှိနဲ့ ရေဝေးကိုရောက်ခဲ့ပေါ့ နှစ်ပေါင်းသုံးဆယ်။

ဆရာကြီးဒေါတ်တာတင်အောင်အေး၊ဆရာဦးခင်မောင်သိန်းဦးခင်မောင်စိန်

၊ဦးစိန်လှိုင်၊ ဦးနန်းဝင်းအောင်၊ဦးကျော်ဇောနိုင်

တို့မှာ အဲလို ဆရာကြီးတွေ ဆရာတွေ အများကြီးရှိခဲ့ပါ့

အခုနေမှာတော့

တက္ကသိုလ်မှာ ကျောင်းဆရာလုပ်ဘို့ ဘယ်သူမှ စိတ်မ၀င်စားကြတော့

ဒသနိကဌာနက ဆရာလေး လှကို က

ပညာရေးဂွေးစိ မရှိလို့ စားပြောင်ချိုးတာကို

 စင်းစင်းကြီးခံနေခဲ့ရတဲ့ နှစ်ပေါင်းသုံးဆယ်။

 

လောကမှာ

လင်မရှိတဲ့မိန်းမ ၊တံခွန်ရှိတဲ့ ရထား၊

ကျောင်းသားမရှိ တက္ကသိုလ် မတင့်တယ်ဘူးလို့

တွင်ခဲ့ရပြီ နှစ်ပေါင်းသုံးဆယ်။

 

နာဂစ် မုန်တိုင်းဝင်မမွေ ခင်ကတည်းက

တစစီဖြစ်ခဲ့ရ နှစ်ပေါင်းသုံးဆယ်။

နာဂစ် မုန်တိုင်းမှာ ရန်ကုန်က သစ်ပင်ကြီးတွေဘုန်းဘုန်းလဲတော့

တို့တွေအားလုံး ဘုရားတ

ရက်အတော်ကြာမှ အင်တာနက်ပေါ် တက်လာတဲ့

သစ်ပတ်ြပင်ကြီး ဓါတ်ပုံတွေ့ မှ

ဝမ်းသာအားရ အလုအယက် ရှယ်ကြ

တို့သစ်ပုတ်ပင်ကြီး အကောင်းတိုင်းရှိသေးတယ်ကွ တဲ့

ဟုတ်ပါတယ်

တို့သစ်ပုတ်ပင်ကြီးဟာ

လွတ်ရက်မရှိတဲ့ အကျဉ်းသားတယောက်လို

သံတိုင်ဝိုင်းခတ်ထားတဲ့ အလယ်မှာ

ထီးထီးကြီးတော့ ရှိနေပါသေးတယ်

နှစ်ပေါင်းသုံးဆယ်။

 

ဖြစ်ချင်တော့

သက္ကရာဇ် နှစ်ထောင် မြောင်းမြထောင်မှာ

လှည်းတန်းရတနာထွန်းစတိုး ပိုင်ရှင်ဦးမောင်မောင်နဲ့ ဆုံရပြန်တယ်

သူ့အမှု ၁၉၉၆ ကျောင်းသားလေးတွေရေသန့်ဝေမိလို့တဲ့

ကျောင်းသားတွေနဲ့ ထမင်းစားခဲ့ရတဲ့သူက

 ကျောင်းသားတွေ ရေးဗူးဝေမိတာ အပြစ်တဲ့ဗျား

ကိုယ်က ပျင်းရင်

ဦးမောင်ရေ ခင်ဗျားရဲ့ ရတနာထွန်းစတိုးထဲ

နယ်ကကျောင်းသားသစ် ဈေးဝယ်ဘို့ဝင်လာနေတယ်ဗျ လို့ စလိုက်ရင်

တဖက်ခန်းကနေ သူက

မီးလုံး၊မီးခေါင်း၊မီးစလောင်း၊မီးကြိုး၊

မြောက်လက်၊သော့၊သော့ခလောက်၊ရေဖလား၊ခုံဘိနပ်၊ဆပ်ပြာ၊ဆပ်ပြာခွက်၊

မတ်ခွက်၊ဇွန်းခရင်း၊လက်သုတ်ပဝါ၊အင်္ကျီချိတ်၊ ခြင်ထောင်ကြိုး၊အ၀တ်လှန်းကြိုး၊ဒိုင်ယာရီ၊ အစချီ

ပြီး တဆက်တည်း ဂါထာတပုဒ်လို မရပ်ပဲ ရွတ်သွားတာ သိပ်နားထောင်ကောင်းသဗျ

အော် တို့ခေတ် အဆောင်ကျောင်းသားတယောက်ရဲ့

လိုအပ်သောပစ္စည်းများပါတကားလို့ လွမ်းတရတဲ့

နှစ်ပေါင်းသုံးဆယ်။

 

အခုတော့

အဆောင်ကျောင်းသားလည်း မရှိတော့သလို၊

ရတနာထွန်းစတိုးလည်းမရှိတော့ဘူး

နှစ်ပေါင်းသုံးဆယ်။

 

အောင်သက်တင်ကြီးလည်းမရှိတော့ဘူး။ ကလန်ကလားကြီးမိုးကျော်လည်းမရှိတော့ဘူး။

မင်းသားဇော်လင်းလိုချောတဲ့ မြင်းခြံဇော်လင်းလည်းမရှိတော့ဘူး။

ဆရာကန်တော့ပွဲကိုတော့လာပြီး

အကန်တော့မခံပဲပြန်သွားတတ်တဲ့ဦးကျော်ဇောနိုင်လည်း မရှိတော့ဘူးလေ။

 

တို့တွေလည်း နှစ်ပေါင်းသုံးဆယ်ကျော်ကြာတဲ့ခါ

လောဘွဲ့ယူပြီး တရားသူကြီးရှေ့နေ ဖြစ်သူလည်းရှိသလို

လောဘွဲ့ယူပြီး သင်္ဘောလိုက်ကြ

လောဘွဲ့ယူပြီး ပဲဆီရောင်းကြ

လောဘွဲ့ယူပြီး အငှါးကားမောင်းကြ

လောဘွဲ့ယူပြီးစားသောက်ဆိုင်ဖွင့်ကြ

ခေတ်ကိုက အဲဒီလို၊

လောဘွဲ့ယူပြီး လေယဉ်မယ်လုပ်ကြ

လောဘွဲ့ယူပြီး ကန်ထရိုက်တာလုပ်ကြ

ခေတ်ကိုက အဲဒီလို၊

လောဘွဲ့ယူပြီး အုတ်သဲကျောက်ရောင်းကြ

လောဘွဲ့ယူပြီး စက်ပြင်ဆရာလုပ်ကြ

လောဘွဲ့ယူပြီး စိန်ပွဲစားလုပ်ကြ

လောဘွဲ့ယူပြီးကျူရှင်ဆရာ လုပ်ကြ

လောဘွဲ့ယူပြီး ဟိုတယ်မန်နေဂျာ လုပ်ကြတဲ့ အကြောင်း

နှစ်ပေါင်းသုံးဆယ်ကျော်ကြာတဲ့အခါ

လောဘွဲ့ယူပြီး ကဗျာဆရာဖြစ်လာတဲ့ ငါက

အမှတ်တရ ကဗျာတပုဒ်ရေးစပ်လိုက်ပါတယ် သူငယ်ချင်းတို့။

 

                         ထိန်လင်း