|
ဘွဲ့ရအလုပ်လက်မဲ့ လူငယ်တစ်ယောက်ရဲ့ ခန္ခာကိုယ်ပေါ် လောင်ကျွမ်းခဲ့တဲ့ မီးတစ်စဟာ အာရပ်ကမ္ဘာကို ကူးစက်လို့ အာရပ်နွေဦးဟာ နိုးထခဲ့ ငါငေးမောခဲ့။ ငါတို့ဘ၀ ငါတို့ကမ္ဘာ ယောက်ယက်ခတ်မောပန်းဆဲ။ ငါဟာ အနာဂတ်ကို အမှိုက်ပုံထဲမှာ တူးဆွရှာဖွေနေတဲ့ သူတောင်းစား။ ငါဟာ အမြန်ရထားကြီးပေါ်က လွင့်ကျလာတဲ့ ရေသန့်ဗူးခွံတွေ လိုက်ကောက်နေရတဲ့ ကလေးငယ်။ ငါဟာ ဒုက်္ခသည်စခန်းထဲက ခြေတစ်ဖက်ပြတ် တိုင်းရင်းသား။ ငါဟာ ဒဏ်ရာရနေတဲ့ဆေးရုံ။ ငါဟာ ထမီသခိုး။ ငါဟာ ယောင်ခြောက်ဆယ်ပညာတတ်။ ငါဟာ လောက်တဖွားဖွားကျနေတဲ့ အကျင့်ပျက်ဝန်ထမ်းတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်က လောက်တစ်ကောင်။ ငါဟာ ကလေးစစ်သား။ ငါဟာ အရက်သမား။ ဟေ့ မိုဟာမက် ဘိုအာဇီဇီ ထရီပိုလီကျဆုံးခန်းကို မြင်သွားခဲ့ရဲ့လား။ ဟေ့ ပရိုတက်စတာတို့ ဝေါစထရိကို သိမ်းပိုက်နိုင်ခဲ့ကြရဲ့လား။ ဘုရား ဘုရား ကျောထောက်နောက်ခံအပြည့်အ၀နဲ့ ဟူစနီမူဘာရက်ပါလား။ ဘုရား ဘုရား ကမ္ဘာပေါ်မှာ စိတ်ကျရောဂါသည် သန်းတရာကျော် ဆိုပါလား။ ဘုရားဖူးထွက်ရုံနဲ့ တရားထူး မရခဲ့ကြသူတွေလို ရွေးကောက်ပွဲတွေနဲ့ လွှတ်တော် အဆောက်အအုံတွေကြား မျက်စိလည်လမ်းမှားခဲ့ကြပေါ့။ လိုက်နာရန်သာတာဝန်ရှိပြီး ငြင်းခုန်ဖို့မဖြစ်နိုင်တော့တဲ့ ဥပဒေတစ်ရပ်ကို လက်မှတ်ထိုးခဲ့ကြပေါ့။ ငရုပ်ကောင်းရည်တွေနဲ့ပက်ဖြန်းခံရတဲ့ မျက်ရည်ယိုဗုံးတွေကြားက ထွက်ပြေးခဲ့ရတဲ့ ကျောင်းသားလေးတစ်ယောက်ရဲ့ ကျွတ်ကျန်ရစ်ခဲ့တဲ့ဖိနပ်တစ်ဖက်လို ငါဟာ မျက်စိသူငယ် နားသူငယ်။ အရက်ဖြူဆိုင်ထဲက ကြက်ခြေထောက်ရိုးတစ်ချောင်း လမ်းပေါ်ကျလာသလို မျှော်လင့်ချက်တစ်ခု ငါ့ရှေ့ကျလာတော့ ခွေးဝဲစားတစ်ကောင်လို ငါဝမ်းသာခဲ့မိပေါ့။ ရယ်ရတယ် ဘာလို့ ရယ်ရသလဲဆိုတော့ 'စက်ပျက်နေတဲ့ အီရန်ငါးဖမ်းသင်္ဘောကို အမေရိကန်ရေတပ်က ပြင်ပေးလိုက်ရခြင်း ' ဆိုလို့ ရယ်ရတယ်။ ငါ့ပေါင်မုန့်ကို လုယူသွားကြသူတွေဆီက ငါပြန်တောင်းစားနေရ။ အသားတိုးမွေးမြူရေးကြက်လို ငါ ဖွံ့ဖြိုးတိုးတက်နေရ။ 'ပစ်ရှာမည့် ၀ရဇိန်ငယ် ပန်းထိမ်မှာ ပြင်တုန်းထင့်လေး' ဆိုတဲ့ ဦးပုညရဲ့ သကြားလိမ်တေးထပ် ငါ အမှတ်ရမိပေါ့။ ငါလမ်းကြိုလမ်းကြားတွေထဲ လျှောက်သွားသွားတယ် သတင်းတွေလျှောက်ဖတ်တယ် ဘန်ကောက်ဟာ လက်ပစ်ကူးနေတယ် ဒမတ်စကတ်ဟာ ပြားချပ်နေတယ် ပြုံယမ်းဟာ ရူးသွပ်နေတယ် ၀ါရှင်တန်က ရန်ကုန်ကို နားစွင့်နေတယ်။ ရန်ကုန်ဟာ နောက်ပြန်မလှည့်တော့ဘူးလို့ နောက်ပြန်လှည့်ကြည့်ပြီး ပြောရဲ့။ ကြယ်ငါးပွင့် ဟိုတယ်ကြီးထဲက ဖောက်စထရော့ တေးသွားသံတွေကြားမှာ အနမ်းတွေ ပျံသန်းနေကြရဲ့။ ကွန်တိန်နာကြီးတွေနဲ့အပြည့် ကတိက၀တ်တွေ ရောင်းဝယ်ဖောက်ကားကြရဲ့။ အို မဏိမေခလာ သံသယ ပင်လယ်ပြင်မှာ ငါခြေကုန်လက်ပမ်းကျနေပါပြီ။ မြွေပွေးတစ်ကောင်လို မိခင်ဗိုက်ကိုဖောက်ထွက်မွေးဖွားခဲ့တဲ့ ပြည်တွင်းစစ် ငါ့ကိုအဆိပ်တက်လို့။ 'ဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိ' တဲ့ ဟုတ်ကဲ့ ဥပဒေရဲ့အောက်မှာလည်း ဘယ်သူမှမရှိခဲ့တဲ့ နှစ်တွေပေါ့။ အော် 'ငါတို့ဗမာပြည်ဝယ် မိဘတိုင်းကကွယ်' သတိရှိရမယ် ဘယ်လိုသတိရှိရမလဲဆိုတော့ သတိရှိရမယ် လူငယ်တစ်ယောက်ကို အညွန့်တုံးစေနိုင်သော အရာများ များစွာ ထိုများစွာများထဲမှ မူးယစ်ဆေးဝါး HIV နဲ့ အတုအယောင်ဒီမိုကရေစီ။ ဤတွင် နှစ်ငါးဆယ် ကဗျူဗေဒ နိဌိတ္တံ။ ကြည်ဇော်အေး တန်ခူးလဆန်း ၁ ရက်။၁၃၇၃ ခုနှစ်တွင်ရေးသားပြီးစီးသည်။
Add this page to your favorite Social Bookmarking websites
|
Comments
RSS feed for comments to this post