|
Page 1 of 2
တကယ်တော့ စတာနဲ့ဆုံးတာဟာ တစ်ပြိုင်တည်း၊ မွန်းတည့်နေမှာ။ မွန်းတည့်နေဟာ ချောက်ချောက်ခြားခြား ပြုံးတယ် ယဉ်ယဉ်ကျေးကျေးပယ်ချတယ် သံတမန်တွေလို လက်ဆွဲနှုတ်ဆက်တယ်။
မွန်းတည့်နေမှာ ချစ်ခြင်းမေတ္တာကို ဖောက်ဖတ်ဖို့ဆို နေက ပူလွန်းတယ်။ ချွေးတွေတဒီးဒီးကျလို့ ၊ ပန်းတွေလည်း မပွင့်ဘူး၊ ချစ်သူရဲ့ မျက်နှာမှာလည်း တံလျှပ်တွေထလို့၊ ( သူ့ပါးပြင်က မှဲ့ကလေးတောင် အလင်းတွေ ဘာတွေပြန်လို့ ) မွန်းတည့်နေမှာ ကျွန်တော်တစ်ယောက်တည်း ဟာလာဟင်းလင်း အခန်းတစ်ခန်းလို၊ ကွေးကောက်နေတဲ့ စကားလုံးတွေက တစီစီမြည်လို့ ၊ နှလုံးသားထဲ မြုံနေတဲ့ မီးတောင်က မီးခိုးတွေအူလို့။ ငါမေးကြည့်မိတယ် ချစ်တာကို ချစ်တယ်လို့ ပြောဖို့ ဘာတွေလိုအပ်မလဲ။ ခေတ်အဆက်ဆက် လူကြိုက်များရာ စာရင်းထဲ ငါက အကျုံးမ၀င်တော့၊ ခေတ်အဆက်ဆက် လူမုန်းများရာ ကဗျာသာ ငါကဖွဲ့တော့ ငါ့အချစ်ကလည်း အရေးမပါ၊ အရေးမပါလို့မို့ ဧည့်ကောင်းဆောင်ကောင်းတွေထဲ ဖွင့်တဲ့ သီချင်းမှာ ငါ့နာမည်က မပါ၊ ညနေစားပွဲ ဖိတ်ကြားလွှာတွေထဲမှာ ငါ့နာမည်က မပါ၊ အော်ဂလီဆန်ဟပ်ထုတ်လိုက်တဲ့ သလိပ်ဖတ်မှာတောင် ငါ့နာမည်ကမပါ၊ ဒါကြောင့်ပဲ ငါဟာ တစ်ဘ၀လုံး ထိတ်လန့်တကြား၊ ဒါကြောင့်ပဲ တစ်ဘ၀လုံး ငါခါးသီး၊ ငါကြေကွဲ၊ ဒါကိုပဲ ငေးကြောင်ဝိုင်းစက် မင့်မျက်လုံးတွေကို ငါက တစ်ဝက်နား လည်ပြီး တစ်ဝက် နားမလည်၊ ဒါကြောင့်ပဲ ငါဘာမှ နားမလည်ချင်တော့၊ ဒါကြောင့်ပဲ ငါ အခိုးတလျှံ တထောင်းထောင်းထ လမ်းတွေ အတိုင်း ငါ လျှောက်သွားတယ်၊ မြင်မြင်ရာပူလွန်းလို့ ရေတစ်ခွက်ပြီး တစ်ခွက်သောက်တယ် ငါမင်းကိုချစ်တာ ခွေးတစ်ကောင် ကိုက်နေတာမဟုတ်ဘူး မင်းမနာကျင်ပါနဲ့ ၊ သိလား၊ငါ့ရဲ့ အထီးကျန် တိတ်ဆိတ်ညတွေမှာ မင်းနာမည်လေးကို တိုးတိုးဖွဖွရွတ်မိတယ်၊ သိလား ငါနာကျင်တဲ့အခါ မင်းနာမည်ကို တိုးတိုးဖွဖွ ရွတ်မိတယ် သိလား အရသာမရှိဘူး ဆိုရင်လည်း ထွေးထုတ်ပစ်လိုက်ပေါ့၊ လေးတယ်ထင်ရင်လည်း ပစ်ချထားခဲ့ပေါ့၊ မင်းစိတ်ညစ်တဲ့အခါ ပြုံးတောင် မပြနဲ့ပေါ့၊
|