Home ဆောင်းပါး စစ်ရှေ့ ခေတ်မြန်မာစာပေ၏ အာနုဘော်
စစ်ရှေ့ ခေတ်မြန်မာစာပေ၏ အာနုဘော် Print E-mail
User Rating: / 3
PoorBest 
Written by ဘိုဘို မဟာဝိဇ္ဇာ (လန်ဒန်)   

 

ကွန်မြူနစ်ဆန့်ကျင်ရေး နိုင်ငံခြားမုန်းတီးရေးစိတ်အခံဆိုရှယ်လစ်ဝါဒကို ဖန်စီရင်ခြင်း

၁၉၅၀ ကျော်က မြန်မာ့တပ်မတော် ဝါဒဖြန့်မဂ္ဂဇင်းတစောင်ကို ပြန်ဖတ်ခြင်း

 

အထူးမှတ်စရာအဖုံ ထူးမြတ်စွဒဂုန်

 

၂၀ ရာစုသို့အဝင် ကာလတွင် မြန်မာဘာသာသည် အိန္ဒိယဘာသာများ ခေတ်သစ်သဏ္ဍာန်သို့ ကူးသကဲ့သို့ တူညီသော ပတ်ဝန်းကျင်တွင် အသွင်ပြောင်းလဲမှုများ ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြဖူးပါသည်။ အနောက်တိုင်းစာပေ၏ သြဇာ၊ ပုံနှိပ်စာပေနှင့် သတင်းစာများ (အပတ်စဉ်ထုတ်)များ ပေါ်ပေါက်လာခြင်း၊ ဆန်လုပ်ငန်းနှင့် စီးပွားတက်လာသော စာဖတ်ပရိသတ်တရပ် ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွက်လာခြင်း စသည်တို့တည်း။[1] 

၂၀ ရာစုအစ အစဉ်အလာ မြန်မာပြဇာတ်များခေတ်တိမ်စပြုချိန်တွင် မြန်မာဝတ္ထုများ တခေတ်ထလာခြင်းသည် ဘာသာရေးအသင်းများမှနေ၍ အမျိုးသားရေးနိုးကြားမှု ပေါ်လာခြင်း၊ မဂ္ဂဇင်းများထုတ်ဝေလာခြင်းနှင့် တိုက်ဆိုင်နေသည်မှာ ထူးခြားလှ၏။ “ ကာလပေါ်ဝတ္ထုနှင့် ဝတ္ထုတိုများ ပေါ်လာခြင်းသည် ၁၉၁၅ နောက်ပိုင်း မဂ္ဂဇင်းများ ပေါ်လာခြင်းနှင့် ဆက်နွယ်လှသည်။” [2]သူရိယ၊ ဒဂုန်၊ ကြီးပွားရေးစသည့် နာမည်ကျော် မဂ္ဂဇင်းများသည် သိပ္ပံ၊ အနောက်တိုင်းစာပေနှင့် နိုင်ငံရေးဆောင်းပါးများ တင်ဆက်ကာ အမျိုးသား နိုင်ငံရေးအဖွဲ့အစည်းများ (နောက်ပိုင်း လက်ဝဲ)၏ ဝါဒဖြန့်ယန္တရားများသဖွယ် ဖြစ်လာကြသည်။ စာရေးဆရာနှင့် အယ်ဒီတာအများစုမှာလဲ နိုင်ငံရေးဦးစီးဦးဆောင်များဖြစ်ကြပီး တို့ဗမာသခင်နှင့် နိုင်ငံရေးသမားပေါက်စများသည် ဤမျိုးချစ် နယ်ချဲ့ဆန့်ကျင်ရေးမဂ္ဂဇင်း စာစောင်များတွင် စတင်ရေးသားခြင်းဖြင့် သူတို့ဘဝကို စကြသည်။
 

၁၉၃၀အစောပိုင်း၌ ရန်ကုန်တက္ကသိုလ်ကျောင်းတိုက် ပါဠိပါမောက္ခ ဦးဖေမောင်တင် (၁၈၈၈-၁၉၇၃) အမှူးပြု၍ “ခေတ်စမ်း” ခေါ် စာပေ လှုပ်ရှားမှုသစ်တရပ် ပေါ်ထွက်လာသည်။ “ခေတ်သစ်တရပ်ကို စမ်းသပ်ခြင်း”ဟု အနက်ရသည့်ု ခေတ်စမ်းလှုပ်ရှားမှုက ရှည်လျားဝေဆာလှသည့် မြန်မာစာအရေးအသားကို အနောက်တိုင်း အတွေးအခေါ်များကို အနက်လှယ်ဖို့ ခေတ်မီရိုးရှင်းသောအသွင် ကူးပြောင်းရန် ကြိုးစားခဲ့သည်။ ခေတ်စမ်းလှုပ်ရှားမှုကို အကဲဖြတ်လိုပါလျှင် မြန်မာ့စီးပွားရေးသမိုင်းပညာရှင်အကျော် သတိုးသီရိသုဓမ္မဖာနီဗယ် တည်းပြတ်သော ဂန္ထလောက (World of Books) မဂ္ဂဇင်းကို ဖော်ပြရန်လိုသည်။ ထိုမဂ္ဂဇင်း၏ သြဇာသက်ရောက်မှုမှာ ယခုခေတ်မြန်မာစာပေနှင့် ပညာရပ်လေ့လာမှုအပေါ်တွင် ကြီးလှသည်။ ရန်ကုတ်တက္ကသိုလ်နယ်မြေမှ အင်္ဂလိပ်-မြန်မာနှစ်ဘာသာနှင့်ထုတ်ဝေသော ထိုမဂ္ဂဇင်း စင်တော်ကောက် ခေတ်စမ်းစာဆိုများ အတော်များပြားသည်။


၁၉၃၀ကျော်၌ ဖာနီဗယ်၏ ဘားမားဘွတ်ကလပ်နှင့် နိုင်ငံခြားပြန်ပုဂ္ဂိုလ်တို့မှ တဆင့် လက်ဝဲစာပေနှင့် ယဉ်ပါးခွင့်ရလာကြသည်။ နု၊ စိုး၊ သန်းထွန်းစသည့် စစ်ပီးခေတ် မြန်မာ့နိုင်ငံရေးတွင် ရန်ဘက်ကြီးများဖြစ်လာကြသူများ ၁၉၃၇တွင် တည်ထောင်သည့် နဂါးနီစာအုပ်တိုက်မှ နိုင်ငံရေး၊ စီးပွားရေး၊ သမိုင်း၊ စာပေ ဘာသာပြန်စာများကို လူထုလက်သို့ အဖိုးချိုချိုနှင့် ရောင်းချသည်။ နဂါးနီခေတ်စားချိန် ဒုတိယကမ္ဘာစစ် မစမီမှာပင် အနောက်တိုင်း၌ လစ်ဘရယ်ဒီမိုကရေစီမှေးမှိန်လာသည်။ နဂါးနီဆရာများ ဖြန့်ချိသည့် လက်ဝဲအလွန်အကျွံဝါဒမှာ တို့ဗမာနိုင်ငံခြားမုန်း မျိုးချစ်ဝါဒနှင့် စရနယ်ပီး ၁၉၈၈ထိ မြန်မာပြည်ကို ကြီးစိုးသော ဒလကြမ်းနိုင်ငံရေးပုံစံတမျိုးကို ဖွားသန့်စင်ပေးသည်။

စစ်ရှေ့ ခေတ် မြန်မာ့နိုင်ငံရေးနှင့် စာပေတွင် လက်ဝဲကြီးစိုးသည်ဟု ထင်ရန်ရှိသော်လဲ မျိုးချစ်အပြင်းစား မဟာဆွေ၏ “မကြောက်တရားဆောင်းပါးများ”မှာလဲ တက်လူတို့ကို နယ်ချဲ့ဆန်ကျင်ရေး အကြမ်းဖက်သွေးထိုးပေးခဲ့ပီး အောင်ကျော်ကဲ့သို့ တက္ကသိုလ်ကျောင်းသားမျိုးကို ၁၃၀၀ပြည့်သပိတ်တွင် အာဇာနည်ဖြစ်သွားစေသည်။ မဟာဆွေ၏ ဝတ္ထုတပုဒ်တွင် ဇာတ်လိုက်မှာ ဗုံးလုပ်တတ်သည့် အထက်တန်းစား သိပ္ပံဘွဲ့ရ မြန်မာသူဌေးသားဖြစ်သည်။ မဟာဆွေနှင့်တကွ ဦးဖိုးကျား၊ သူရိယဦးသိန်းမောင်၊ ရွှေစကြာစသည့် ကိုလိုနီခေတ် အမျိုးသားရေးဝါဒီ စာရေးဆရာများ၏ ဝတ္ထုများကို နဝတစစ်အစိုးရခေတ် ၁၉၉၀ကျော်၌ နယ်ချဲ့ဆန့်ကျင်ရေး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးစာစဉ်ဟု ပြန်ရိုက်နှိပ်ခဲ့သည်။


ဘိုဘို မဟာဝိဇ္ဇာ (လန်ဒန်)

 



[1] အောင်ဆန်းစုကြည် - “ကိုလိုနီခေတ် မြန်မာနှင့်အိန္ဒိယပြည်၏ ပညာတတ်လောက” (ဆင်းမလား၊ အိန္ဒိယအဆင့်မြင့်လေ့လာရေးဌာန၊ ၁၉၉၀)၊ နှာ ၅၂။

[2] အန္နာအဲလော့ - အရှေ့ တောင်အာရှ စာပေခရီးသွားလမ်းညွှန် “မြန်မာပြည်” ဒင်းဂ်ဝေါလ် တည်းပြတ်သည် (ဘရိုက်တန်၊ အင်ပရင့်တိုက်၊ ၁၉၉၄)၊ နှာ ၈။