Home ဆောင်းပါး တို့ပယောဂ
တို့ပယောဂ Print E-mail
User Rating: / 4
PoorBest 
Written by လူထုဒေါ်အမာ   
Article Index
တို့ပယောဂ
Page #
Page #
All Pages

 

မြန်မာ့စီးပွားရေး၌ တို့အမျိုးသ္မီးတို့ကား အတော်အတန်ပင် ဝင်ရောက် တွင်ကျယ်နိုင်သည်။ သို့သော် အစွမ်းရှိသလောက် လုပ်၊ မလုပ်ကား စဉ်းစားဘွယ်ဖြစ်၏။ ယခု မြန်မာပြည်၏ စီးပွားရေး အခြေကား တောင်သူလယ်သမားများကို ကြည့်ခြင်းအားဖြင့် မည်မျှ ဆိုးဝါးနေသည်ကို သိသာနိုင်သည်။ သို့သော် ဗိုလ်ဆန်သည် ဆိုသော မြန်မာလူငယ်တို့မှာ ကမ္ဘာမြေပြင်တဝှမ်းလုံးလိုလို အင်္ဂလိပ်ဈေးရုံဖြစ်အောင် ပြုလုပ်နေသော အင်္ဂလန်စနစ်ကို အားမကျ နည်းမယူဘဲ ကံဆိုးမိုယ်းမှောင် အမိခံရသဖြင့် တိုင်းတပါးသို့ လခစား အဖြစ်ဖြင့် စေလွှတ်လိုက်ခြင်းခံရသော၊ မရေတွက်နိုင်လောက်သည့် မျက်နှာဖြူလူမျိုးကိုသာ အားကျဘိ၏။ တပါးကျွန်အလုပ်ကို နှစ်သက်ကြ၏။ စီးပွားရေး၌ တွင်ကျယ်နိုင်သည်ဆိုသော အမျိုးသ္မီးများကလည်း မင်းကတော် စိုးကတော် အဖြစ်ဖြင့် ဟိုးဟိုးကျော်စံချင်ကြသည်မှာ အလုအယက်ပင် ဖြစ်ပေ၏။ လခစား အလုပ်ရှားပါးစက ကျွန်ုပ်သည် ဝမ်းမြောက်မိ၏။ တို့မြန်မာ ယောက်ျားတွေ ကိုယ့်ဒူးကိုယ်ချွန် တပွဲတလမ်း အစွမ်းပြကြပေတော့မည်ဟု အားတက်မိခဲ့၏။ ကြံစည်ကြတိုင်းလည်း အောင်မြင်ပါစေဟု ဆုတောင်းခဲ့၏။ သို့သော် ယခုတိုင် ကျွန်ုပ်မြှော်လင့်ချက်ကား မပြည့်ခဲ့။ အိုင်စီအက်၊ ဘီစီအက် ဈေးတို့သာလျှင် တိုး၍ တက်ခဲ့၏။ ကတော်ခံရန် အရည်အချင်းဖြစ်သော ငွေတသောင်း၊ မော်တော်ကား တစင်း၊ စိန်တဆင်စာမျှ အရင်းအနှီးသည် ပျက်လုဆဲဆဲရှိသော မြန်မာပိုင် လုပ်ငန်းတို့ကို အသက်ဆက်ပေးလိုက်သော် မည်မျှ အကျိုးရှိမည်နည်း။

 

လေးဆယ်စား အလုပ်ကို ဘီအေတွေ တပုံတခေါင်း ဝင်၍လျှောက်သည်မှာ တို့ပယောဂ ကင်းသည်ဟု ဆိုနိုင်ပါမည်လော။ တို့ပယောဂ မကင်းချေ။ အကြောင်းမူကား တို့တတွေ လခစားကိုသာ မက်မောကြသည်။ လခစားက တပါးကျွန်ကိုသာအားပေးကြသည်။ ဤကား တို့တတွေ၏ အမှားတော်ပုံများတည်း။

 

အမျိုး၏ သန်စွမ်းကျန်းမာရေးတွင်လည်း တို့ဝင်ရောက်စွက်ဘက် နိုင်သေးသည်။  မကြာသေးမီက ရန်ကုန်မြို့တွင် ကျန်းမာရေး တရားပွဲ တခု၌ ဇော်ဝိတ်ကြီးက “ဘိန်းစား သာသာ အရိုးပေါ် အရေတင်သည်ကို ပုဆိုး ဆီး၍ဝတ်ထားသော မြန်မာလူမျိုး၊ သနပ်ခါးလိမ်း၍ ဗိုလ်ဆံတောက် ကော့နေအောင် သ,သော မြန်မာလူမျိုး” ဟု ဆိုခဲ့၏။ “ရက်စက်လှပါကလား ဇော်ဝိတ်ကြီးရဲ့ ဒါလောက်လဲ မဟုတ်သေးပါဘူး” ဟု မည်သူ ငြင်းနိုင်ပါမည်နည်း။ မိန်းမလျှာ၊ လူမမာ၊ ဖေါ့ရုပ်၊ လေသိမ်းတိုင်းလှ ကိန္နရီကမည့်နှယ် ရှိသော သူကိုပင်လျှင် ပိုက်ဆံရှိက၊ လခစားဖြစ်က မငြင်းမဖယ် သားမက်ဘမ်းချင်သော မိခင်နှင့် နိုင်ငံခြားမှ လာလာသမျှကို လှလှကြီး ဖြုန်းတော့အံ့ဟု ကြံရွယ်မိသော မိန်းမပျိုသည် လူမမာကိုပင် ခင်ပွန်းတော်ရှာကြ၏။ “အမောင်တို့ ဒီရုပ် ဒီရေနဲ့တော့ အိမ်ဦးခန်း မတင်နိုင်ဘူး” ဟုသာ ငြင်းပါက ယောက်ျား သနပ်ခါး လိမ်းသောခေတ်လည်း ပျောက်၍ ထွားကျိုင်းသန်မာသော အရှေ့တိုင်းသား ဘမာလူမျိုးဟူသော ဂုဏ်လည်းရောက်ပေလိမ့်မည်။” တို့ပယောဂဖြင့် ကြုံလှီဖြော့တော့သော ပိုးမွေးမွေးရမည့် အမျိုးသားများ မဖြစ်ပါစေလင့်။