ကျွန်တော်သိခဲ့ဘူးတဲ့ ဒေါ်မေရှင် PDF Print E-mail
User Rating: / 5
PoorBest 
မဂ္ဂဇင်း - ဆောင်းပါး
Written by ဦးလှဘူး   
Friday, 02 October 2009 10:17
Article Index
ကျွန်တော်သိခဲ့ဘူးတဲ့ ဒေါ်မေရှင်
Page #
Page #
Page #
Page #
Page #
All Pages

 

            သူ့သီချင်းတွေကို ရေးပေးသူတွေကတော့ - မြို့မညိမ်း၊ ရွှေပြည်အေး၊ သဟာယဆရာတင်၊ ခေတ္တရာအေး၊ စန်းသော်တာ၊ တက္ကသိုလ်လှ၊ ကြယ်တံခွန် စတဲ့ စာရေးဆရာကြီးတွေပါ။ နိုင်ငံကျော် အောင်ချင်းရှစ်ပါး သီချင်း အပါအ၀င် မြောက်များစွာသော နာမည်ကြီး တေး အများစုတွေက သဟာယဆရာတင်ရဲ့ လက်ရာတွေပါ။ “နန်းကေသီ” နဲ့ “ကျေးစေတမန်” တို့ကတော့ ရွှေပြည်အေးရဲ့ ဂန္တ၀င် တေးတွေပါ။ “ပါရမီတော်၊ မင်္ဂလာမောင်မယ်၊ ပျို့မှာတမ်း၊ ဖူးစာပိုင်၊ ချစ်လွန်းတင်” တေးတွေကတော့ အလင်္ကာကျော်စွာ မြို့မညိမ်းရဲ့ လက်ရာမွန်တွေပါ။ “မင်္ဂလာမောင်မယ်” သီချင်းက မြို့မညိမ်းရဲ့ မိတ်ဆွေရင်း မြို့မ အသင်းခေါင်းဆောင် ဂီတပညာရှင် ဓါးတန်းဦးသန့်ရဲ့ သမီး မင်္ဂလာဆောင်မှာ ဆိုဘို့ လက်ဖွဲ့ သီချင်း ရေးပေးတာတဲ့။ ဦးသန့် မိသားစုနဲ့ ဒေါ်မေရှင်က ရင်းနှီးပါတယ်။ ဒေါ်မေရှင် အသက်ကြီးလာပြီး မန္တလေးမှာ အနားယူဘို့ ထိုင်ချလိုက်တဲ့ အခါ ဦးသန့်ရဲ့ သမီး တစ်ယောက်ဖြစ်တဲ့ ဒေါ်ရီရီနဲ့ မိသားစုက သူ့ကို အစစ အရာရာ (လူအား ငွေအား) ကူညီ စောင့်ရှောက် ပေးခဲ့ပါတယ်။ ဒေါ်မေရှင်က အပျိုကြီးလဲ ဖြစ် အနေအထိုင် ကျစ်လစ် စည်းကမ်းရှိတော့ အောင်မြင်သလောက် ငွေကြေး တော်တော် စုဆောင်း မိပါတယ်။ မန္တေးလမှာ ကိုယ်ပိုင် အိမ်နဲ့ ၀င်းနဲ့ တင့်တင့်တယ်တယ် နေသွားပါတယ်။ သူစုထားတဲ့ ငွေတွေကို ရီရီက တိုးပွားအောင် လုပ်ပေးနေလို့ သူ အဆင်ပြေနေတယ်၊ ရီရီရဲ့ ကျေးဇူး ရှိတယ် လို့ ကျွန်တော့်ကို ပြောပြဘူးပါတယ်။

 

            သူ့ကို ဖဆပလ အစိုးရက ၀ဏ္ဏကျော်ထင် ဘွဲ့နဲ့ ရွှေတံဆိပ် ချီးမြှင့်ပါတယ်။ သူ့အိမ်မှာ ၀ဏ္ဏကျော်ထင် ဘွဲ့ စာတမ်းကို မှန်ဘီရိုထဲမှာ ပြထားတယ်။ ရွှေတံဆိပ်ကိုတော့ မဟာ မြတ်မုနိ ဘုရားကြီးကို လှူလိုက်ပါသတဲ့။

daw may shin 1990

ဘ၀နိဂုံး

 

            ဗမာ အနုပညာရှင်တွေထဲမှာ အောင်မြင်တုန်းက ပြည့်စုံကြပြီး အသက်ကြီးလာတဲ့ အချိန်မှာ စုစုဆောင်းဆောင်း မရှိကြလို့၊ ချို့တဲ့ မျက်နှာငယ်စွာ ဘ၀ အဆုံးသတ်သွားကြရသူတွေ မနဲလှပါဘူး။ ဒေါ်မေရှင်ကတော့ ဟိုတုန်းကလည်း ၀င်ငွေကောင်း၊ အစုအဆောင်း အနေအထိုင်လဲ တတ်လေတော့ ဘ၀ နောက်ဆုံး အချိန်အထိ တင့်တင့်တယ်တယ် အေးအေးဆေးဆေး နေသွားနိုင်ခဲ့ပါတယ်။ သူချစ်တဲ့ အစ်မတွေ တူ၊ တူမတွေနဲ့ သိုက်သိုက် ၀န်းဝန်း နေသွားရတယ်။ ကိုယ်ပိုင် အိမ်ယာနဲ့ လှူဒါန်း ပေးကမ်းပြီး နေသွားခဲ့ပါတယ်။

 

            ဒေါ်မေရှင်က အပျိုကြီးပါ။ ကျွန်တော် ကြားဘူးတာကတော့ အဆိုတော်ကြီး ပြည်လှဖေဟာ ဒေါ်မေရှင်ကို အသေအလဲ စွဲစွဲလမ်းလမ်း ကြိုက်တယ်။ သူဆိုခဲ့တဲ့ “မာနရှင်” တို့ “ပပ၀င်းဝင်း” တို့ စတဲ့ သီချင်းတွေဟာ မေရှင်ကို ရည်ရွယ်ပြီး ဆိုတာတွေလို့ ပြောကြပါတယ်။ ဒေါ်မေရှင်ကတော့ ပြည်လှဖေကို ပြန်မကြိုက်ဘူး။ သူက သူ့ဆရာ အေ၀မ်း ဦးတင်မောင်ကို တဖက်သတ် ကြိုက်နေတာလို့ လူတွေ အတင်းပြောကြတာ ကြားဘူးပါတယ်။ ဟုတ် မဟုတ်တော့ မသိပါဘူး။ ဘာဘဲဖြစ်ဖြစ် ဒေါ်မေရှင်ဟာ တစ်သက်လုံး အိမ်ထောင်ပြုမသွားဘဲ အပျိုကြီး ဘ၀နဲ့ အရိုးထုတ်သွားခဲ့ပါတယ်။

 

            ကျွန်တော်က ဒေါ်မေရှင်ကို ငယ်ရွယ် နုနယ် လှပတဲ့ ရုပ်ရှင် မင်းသမီး အဖြစ်နဲ့၊ အင်မတန် အသံ အဆို ကောင်းတဲ့ အဆိုတော် အဖြစ်နဲ့ မြတ်နိုး လေးစားခဲ့ရသလို၊ အသက်ကြီးမှ တွေ့ဘူးတဲ့ ချစ်စရာကောင်းတဲ့ နာတာရှည် လူမမာ အဒေါ်ကြီး တစ်ယောက် အနေနဲ့လဲ ခင်မင်ခဲ့ရပါတယ်။ ဗမာ ရုပ်ရှင် လောကမှာ မော်ကွန်းထိုးလောက်တဲ့ ရုပ်ရှင် မင်းသမီးကြီး ဒေါ်မေရှင်၊ ကျွန်တော်တို့ နှစ်သက်တဲ့ သီချင်းလေးတွေကို ဆိုပြသွားခဲ့တဲ့ အဆိုတော်ကြီး ဒေါ်မေရှင်ကို သူ့ သီချင်းလေးတွေ ဆိုမိတဲ့ အခါတိုင်း သတိရနေမှာပါ။

 

လှဘူး

၂၀၀၈ ခု စက်တင်ဘာ

 

မှီငြမ်းမှု

(၁)        စစ်ကြိုခေတ် အနုပညာရှင်များ (ကိုသန်းလှိုင်)

(၂)        ခေတ်ဟောင်းသီချင်း ပေါင်းချုပ် (ကိုသန်းလှိုင်)



Add this page to your favorite Social Bookmarking websites
 


 

Add comment


Security code
Refresh