|
မျက်စေ့စုံမှိတ်လိုက်တာ တိုင်တွေတညီတညာစိုက်ထားတဲ့နေရာရောက်သွားတယ် လူအုပ်ကြီး ကိုယ့်ဆီမျောရွေ့လာ မထုံတက်သေး ဆက်လျှောက် ခြေထောက်တွေဆီမှာ ရေယက်ဝိုင်း အကွင်းလိုက်ကျယ်ထွက် ဂစ်တာကို စစ်တိုက်သလို တိမ်ထဲ အသံတွေနစ်ဝင် ပုန်းကွယ် လ္ဘက်ရည်ဇွန်း တစ်ဇွန်းစာ ရုပ်တည်နဲ့ နာရီပေါင်းများစွာ ဟောကြားနေသလို Hip hop weekend Manhattan on mtv preview find myself eat & drink, oh..kay.. ကျနော် ဘာမဟုတ် ညာမဟုတ်ကောင်ပေါ့ အဲဒီ အချိန်နာရီတည့်တည့်ကြီး မြောက်ပြန်လေကို နောက်ပြန်ရှူကြည့်တယ် ကွက်တိ အာရှဆိုတာနဲ့ ညံ့ပြီဟေ့ shooting မှာ မီးခိုးတွေ မကွယ်ရမယ့် အကွက်ကိုကွယ်ကာနေ လက်ညှိုးသေနတ်နဲ့ နားထင်ကိုတေ့ထားပြီး သွေးထွက်/သွေးပျက်နေတယ် (သေးထွက်နေတယ် ဟု မူကွဲရှိ) ဇိမ်ခံ ဒီဇိုင်းလှလှ အီးဇီးချဲရ် ပေါ်မှာ နှာတံပေါ်ပေါ် တင်အရင်းသားပေါ်ပေါ် ပေါ်တင်တွေ ပေါ်လိုက်ပျောက်လိုက်တွေ ပေါ်မလာစုန်းစုန်းမြုပ်တွေရော အင်္ကျီလဲမှာဖြင့်လဲ ထမင်းကြမ်းစားမှာဖြင့်စား ထမင်းဆီဆမ်းရွှေလင်ပန်းတွေဘာတွေလာလုပ်မနေနဲ့ တပါတ်လည်ပြီး ဝေါ့လ်ကင်းရှူးခြေဖျားထောက်လှည့် အက နောက်တပါတ် ထပ်လည်သွားတော့ ကမ္ဘာလည်နေတဲ့နှုန်းကို သွား effect ဖြစ်နေမလား ခင်ဗျားဒီလောက်လဲ အတွေးမခေါင်နဲ့လေ ဟ ငါက ခေတ်နဲ့ မျက်ခြေမပြတ်အောင် နေတဲ့ကောင်ကွ ဆံပင် ကိုခါဝဲလိုက်တယ် သွားအလှလဲပေါ်လွင် မိန်းမတို့ရှိအပ်တဲ့အလှတွေလဲပေါ်လွင် ဟိုဒင်းပြောတာလို.. အနေကျပ် နေကြတ် လ ငပုတ်ဖမ်း မျက်လုံးထဲအထိမောင်းဝင်သွားတယ် ခြောက်ယောက်စလုံး နားသံသီးကိုယ်စီနဲ့ သံကြိုးတွေနောက် စိတ်နောက်ကိုယ်ပါ ရောင်ခြည်လက်နက်နဲ့တိုက်ခိုက်လာတယ် မျှော်လင့်ချက် အသည်းအသန် ယိမ်းနွဲ့ပါး ကောင်းချီးမင်္ဂလာ ပခုံးလုံးဝန်းဝန်းကလေးကိုတွန့်ရင်း ။ ။ ခင်အောင်အေး ၁၁၊ ဒီဇင်ဘာ၊ ၂၀၀၉ စင်္ကာပူ စံတော်ချိန် ၁၆း၄၇ နာရီ |